အိမ်ရဲ့ဘယ်နေရာတွေမှာ ဆေးတွေသိမ်းမလဲ။
ဆေးဗီရို၊ အဝတ်ဗီရို၊ အိပ်ခန်း၊ မီးဖိုချောင်၊ ဧည့်ခန်း၊ ထမင်းစားခန်း၊
စသည်ဖြင့်ပေါ့လေ။ ထားမယ်ဆိုရင်တော့ နေရာတိုင်းမှာ ထားလို့ရပါတယ်။ ဒါပေမယ့်
မိဘ၊ ဘိုးဘွား၊ ဒါမှမဟုတ်ရင်လည်း အိမ်ရဲ့ အကြီးအကဲတစ်ယောက်အနေနဲ့တော့
ဆေးတွေကို ပေါ့တီးပေါ့ဆ မထားသင့်ပါဘူး။ မိမိဆေးသိမ်းလိုက်တဲ့နေရာဟာ
လိုအပ်တဲ့အချိန်မှာ အလွယ်တကူထုတ်ယူဖို့လွယ်တဲ့ နေရာမျိုးဖြစ်ဖို့လိုသလို
လုံခြုံစိတ်ချ ရတဲ့နေရာမျိုးလည်း ဖြစ်ဖို့လိုပါတယ်။ အထူးသဖြင့် ကလေးငယ်တွေ၊
ဆယ်ကျော်သက်တွေ၊ မိသားစုဝင်မဟုတ်တဲ့ သူစိမ်းတွေ
အလွယ်တကူမယူနိုင်တဲ့နေရာမျိုးသာ ဖြစ်သင့်ပါတယ်။
ဒီလိုမျိုးဂရုတစိုက်သိမ်းဆည်းထားလိုက်ရင် ဆေးဝါးတွေကြောင့်
ရုတ်တရက်အန္တရာယ်ဖြစ်တာကိုကာကွယ်ပေးနိုင်သလို ဆေးဝါးတွေကို
အလွဲသုံးစားမလုပ်ဖြစ်အောင် ဟန့်တားလိုက်တာ နဲ့တူပါတယ်။
.
ဆေးဝါးတွေကို စနစ်တကျနဲ့
သပ်သပ်ရပ်ရပ်ဖြစ်အောင် သိမ်းဆည်းတော့မယ်ဆိုရင် ပထမဆုံး မိမိဆီမှာရှိနေတဲ့
ဆေးတွေကို စာရင်းပြုစုပြီး လက်ရှိအသုံးပြုနေတဲ့ဆေးတွေကို
သီးခြားခွဲထုတ်သင့်ပါတယ်။ ဒီနေရာမှာ ဆေးဝါးတွေရဲ့
သက်တမ်းကုန်ဆုံးမယ့်နေ့ကိုလည်း ထည့်သွင်းစဉ်းစား သင့်ပါတယ်။
ကြာကြာမခံနိုင်တဲ့ဆေးတွေဟာ အလုပ်ကောင်း ကောင်းလုပ်နိုင်မှာ မဟုတ်ပါဘူး။
မိမိလက်ထဲမှာရှိနေတဲ့ဆေးဝါးတွေမှာ အရောင်ပြောင်းခြင်း၊ ခြောက်လာခြင်း၊
ဆေးလုံးတွေပဲ့နေခြင်း၊ ကွဲထွက်ခြင်း၊ ဆေးရည်များ အနည်ကျခြင်းတို့အပါအဝင်
ဆေးတွေရဲ့ မူလအသွင်သဏ္ဍန် ပြောင်းလဲခြင်းရှိ၊ မရှိကိုလည်း မျက်ခြေမပြတ်
စောင့်ကြည့်ရပါမယ်။
မျက်စဉ်း၊ နှာခေါင်းအတွင်း အစက်ချဆေး၊
နားအတွင်း အစက်ချတဲ့ဆေးရည်၊ နားသန့်ဆေးတွေရဲ့ သက်တမ်းကိုလည်း
စစ်ဆေးကြည့်သင့်ပါတယ်။ ဒီဆေးတွေဟာ အာနိသင်ကြာရှည်ပေးနိုင်တဲ့ဆေးတွေ
မဟုတ်သလို သက်တမ်းကုန်ဆုံးသွားတဲ့ ဒီလိုဆေးမျိုးတွေကို သုံးမိရင်
လက်ရှိခံစားနေရတဲ့ ရောဂါတွေကိုတောင်ပိုဆိုးလာစေပြီး ပိုးမွှားတွေ၊ မှိုတွေ
ကျင်လည်ကျက်စားရာနေရာတောင်မှ ဖြစ်စေပါတယ်။ မူလ အနံ့အရသာတွေ ပြောင်းလာတာ၊
ဆေးလုံးတွေ တစ်လုံးနဲ့တစ်လုံးကပ်နေတာ၊ မာနေတာ၊ ဆေးကဒ်တွေ၊ ဘူးတွေထဲက
ထုတ်ရခက်ခဲတာမျိုးတွေ ရှိနေရင်တော့ ဒီလိုဆေးမျိုးတွေကို
ထပ်ပြီးမသုံးသင့်တော့ပါဘူး။
.
နောက်တစ်ခုက ဆေးကျန်တွေကို လွှင့်ပစ်ဖို့ပါ။
မကြာခင်ရက်အတွင်းက နေမကောင်းဖြစ်လို့ ဒါမှမဟုတ် ဆေးသောက်ဖို့လိုအပ်လို့
ဆရာဝန်က ညွှန်ကြားထားတဲ့အားဆေးတွေ၊ ဖြည့်စွက်ဆေးတွေလည်း မိမိတို့ဆီမှာ
ရှိနေတတ်ပါတယ်။ အမှန်တကယ်တော့ လူတစ်ယောက်အတွက် ပိုနေတဲ့ဆေးဆိုတာ မရှိပါဘူး။
အဲဒီလူကြုံတွေ့နေရတဲ့ အခြေအနေ၊ ရောဂါလက္ခဏာတွေကိုလိုက်ပြီး သင့်တော်တဲ့
ဆေးတွေကို ဆရာဝန်တွေ ကညွှန်ကြားလေ့ရှိတဲ့အတွက် ဆေးတွေကိုသတ်မှတ်ထားတဲ့
အတိုင်းအတာတစ်ခုအထိ သောက်ပေးရပါမယ်။ ဆေးအတိုးအလျော့လုပ်တာ၊ ဆေးရပ်လိုက်တာ၊
အချိန်ကျော်ပြီးသောက်တာ၊ မေ့သွားလို့ နှစ်ခေါက်စာပေါင်းသောက်တာမျိုးကို
မိမိသဘောနဲ့ မိမိ မလုပ်သင့်ပါဘူး။ ရောဂါသက်သာ လာပြီဆိုပြီးတော့လည်း
သုံးနေတဲ့ဆေးကိုရပ်လိုက်လို့လည်း မရပါဘူး။ အနိမ့်ဆုံးပြောရရင်ပွေးတွေ၊
ညှင်းတွေပေါက်လို့ ဆေးလိမ်းနေရင်တောင် သက်သာသွားတာနဲ့
ရပ်လိုက်လို့မရသေးဘူး။ နောက်တစ်ခါထပ်မဖြစ်အောင် ကာကွယ်ဖို့ (၁)ပတ်လောက်
ဆေးထပ်လိမ်းရပါသေးတယ်။ အကြောင်းအမျိုးမျိုးကြောင့် မိမိသုံးနေတဲ့ဆေးဟာ
ပိုသွားမယ်ဆိုရင် ဒီဆေးကို သိမ်းမထားသင့်တော့ပါဘူး။
တစ်ခါတည်းသာလွှင့်ပစ်လိုက်ပါ။
.
ရောဂါလက္ခဏာတွေဆင်တူပေမယ့်
သောက်ရမယ့်ဆေးတွေက ကွာခြားတာတွေရှိပါတယ်။ ဥပမာပြောရရင် လူတစ်ယောက်ဟာ
ရင်ဘက်ထဲကတင်းပြီး အသက်ရှုကျပ်တယ်။ ရင်ကျပ်ပန်းနာအတွက် သုံးတဲ့ဆေးတွေကို
ဆရာဝန်က ညွှန်ကြားလိုက်မယ်။ ရောဂါနဲ့ ဆေးတည့်တော့ သက်သာသွားတယ်။ နောက်တစ်ခါ
ရင်ဘက်ထဲကအောင့်မယ်၊ အသက်ရှုလို့မဝဖြစ်မယ်။
နှလုံးရောဂါရဲ့လက္ခဏာတွေဖြစ်နေတယ်။ ဒါကိုသေသေ ချာချာမသိဘဲ အရင်တစ်ခေါက်က
သုံးထားတဲ့ဆေးပြန်သုံးလိုက်တယ်။ လုံးဝထိရောက်မှုရှိမှာမဟုတ်ပါဘူး။
တချို့ဆေးတွေဆိုရင် ရောဂါပိုဆိုးသွားတာမျိုး အထိဖြစ်တတ်ပါတယ်။
မိမိဖြစ်ဖူးတဲ့လက္ခဏာနဲ့ဆင်တူလို့ဆိုပြီး မိမိသုံးနေတဲ့ဆေးတွေကိုလည်း
တခြားလူတွေကို မဝေမျှရပါဘူး။ ဒါကြောင့် သုံးပြီးသားဆေးတွေ
ထပ်ပြီးမသုံးမိအောင်၊ တခြားလူတွေကို မဝေမျှဖြစ်အောင် အရင်
တစ်ခါကသုံးခဲ့တဲ့ဆေးတွေကို လွှင့်ပစ်ဖို့လိုအပ်ပါတယ်။
ဆေးသိမ်းတယ်ဆိုတဲ့နေရာမှာ အခု “လောလောဆယ် အသုံးပြု နေတဲ့ဆေးဝါးတွေ” လောက်သာ ထားသင့်ပါတယ်။
.
အခုလိုမျိုး အသုံးပြုနေတဲ့ ဆေးနဲ့
မသုံးတော့တဲ့ဆေးတွေ ခွဲထုတ်ပြီးရင် နောက်တစ်ဆင့်အနေနဲ့ ဆေးတွေကို
အန္တရာယ်မဖြစ်စေ တဲ့နေရာမှာထားဖို့ စဉ်းစားသင့်ပါတယ်။
ဆေးတွေကိုသိမ်းထားမယ့်နေရာဟာ ပူလွန်းတဲ့နေရာ၊ အေးလွန်းတဲ့နေရာ၊
ရေငွေ့ရိုက်ပြီး စွတ်စိုထိုင်းမှိုင်းတဲ့ နေရာမျိုးမဖြစ်ဖို့ အရေးကြီးပါတယ်။
ဒီလိုနေရာမျိုးမှာ ဆေးတောင့်တွေ၊ ဆေးလုံးတွေကိုသာသွားထားမိရင်
သက်မှတ်ရက်ထက်စောပြီး အာနိသင်ကုန်ဆုံးသွားနိုင်သလို
လူကိုလည်းအန္တရာယ်ဖြစ်စေပါသေးတယ်။ ဥပမာပြောရရင် အက်စပရင်လိုဆေးဟာ
စွတ်စိုထိုင်းမှိုင်းတဲ့ နေရာမျိုးမှာ ထားမိရင် ဆယ်လီစလစ်အက်ဆစ် (Salicylic Acid) နဲ့ အက်စီတစ်အက်ဆစ် (Acetic Acid)
ဆိုပြီး ပြိုကွဲထွက်သွားပါတယ်။ ဒီအက်ဆစ်နှစ်မျိုးစလုံးဟာ
အစာအိမ်ကိုဒုက္ခဖြစ်စေပါတယ်။ ဒါကြောင့် ဆေးတော်တော်များများကို အေးပြီး
ခြောက်သွေ့တဲ့ နေရာမျိုးမှာ ထားရပါတယ်။ အေးတဲ့နေရာမှာထားရမယ့်
ဆေးအချို့ကိုတော့ သီးခြားထပ်ပြီး ညွှန်ကြားလေ့ရှိပါတယ်။
.
ရေချိုးခန်းမှာ သိမ်းရမယ်လို့
ညွှန်ကြားလိုက်တဲ့ဆေးကိုလည်း အဖုံးသေသေချာချာပိတ်ဖို့လိုအပ်ပါတယ်။ ခဏ၊ ခဏ
ဖွင့်လိုက်၊ ပိတ်လိုက်လုပ်တာမျိုး၊ ပြန်ထုတ်တာမျိုးကိုလည်း မလုပ်သင့်ပါဘူး။
မီးဖိုချောင်ထဲမှာ ထားရမယ့်ဆေး ဆိုရင်လည်း မီးဖို၊ ဘေစင်၊
အပူငွေ့ရိုက်နိုင်တဲ့နေရာမျိုးနဲ့ ဝေးတဲ့နေရာမှာပဲထားသင့်ပါတယ်။
အမှန်တကယ်ကတော့ ရေချိုးခန်း၊ မီးဖိုလိုနေရာမျိုးတွေမှာ အပူတွေ၊
ရေငွေ့တွေကြောင့် မပျက်စီးနိုင်တဲ့ ပစ္စည်းတွေလောက်ပဲ ထားသင့်ပါတယ်။
ဥပမာပြောရရင် ဆေးဂွမ်းလိပ်၊ ပတ်တီး၊ ပိတ်ကျဲ၊ ဇာဂနာ၊ အနာကပ်ပလာစတာ၊
ဆေးဖယောင်းချက်တွေလောက်ပါပဲ။ ဆေးတွေကို နည်းလမ်းတကျ မသိမ်းမိရင် ဆေးကနေ
ဘေးပြန်ဖြစ်နိုင်ပါတယ်။
.
မိမိထားလိုက်တဲ့နေရာဟာလည်း
ဘေးကင်းဖို့လိုပါတယ်။ မိမိရဲ့အိမ်မှာ ကလေးတွေရှိရင် သူတို့တွေလက်လှမ်း
မမှီနိုင်တဲ့နေရာမျိုးလည်း ဖြစ်ဖို့လိုအပ်ပါတယ်။ သော့ခတ်သိမ်း ထားလို့ရတဲ့
ဗီရို၊ အံဆွဲတွေဟာ ပိုပြီးစိတ်ချရပါတယ်။ အကိုက်အခဲပျောက်ဆေး၊ အိပ်ဆေးတွေ၊
အန္တရာယ်မရှိဘူးလို့ထင်ရတဲ့ အားဆေးတွေကအစ သေသေချာချာ သိမ်းထားသင့်ပါတယ်။
ဒီလိုသိမ်းလိုက်တာဟာ တခြားသူတွေအနေနဲ့ အလွယ်တကူယူမသုံး ဖြစ်အောင်၊ ဆေးတွေ
အလွဲသုံးစားမလုပ်ရအောင် ကာကွယ်ပေးလိုက်တာနဲ့တူပါတယ်။
.
မိမိသောက်နေတဲ့ဆေးကို ဇနီးသည်၊ ခင်ပွန်း၊
သားသမီးတွေအတွက်သုံးတဲ့ဆေးနဲ့ ရောမထားသင့်ပါဘူး။ သီးခြားဗီရို၊ အံဆွဲ၊
သေတ္တာ၊ စင်လေးတွေနဲ့ ခွဲထားရပါမယ်။ တစ်ယောက်ရဲ့ ဆေးကို တခြားတစ်ဦးက
မှားသုံးမိတာမျိုး၊ ဆေးမှားသောက်တာမျိုးကို ဒီလိုနည်းနဲ့
ကြိုတင်ကာကွယ်နိုင်ပါတယ်။ ဆေးတွေသိမ်းထားတဲ့နေရာဟာ အလင်းရောင်
ကောင်းကောင်းရတဲ့နေရာဖြစ်ဖို့လိုပါတယ်။ အလင်းရောင်ထင်ထင် ရှားရှားရမှသာ
မိမိတကယ်သောက်ရမယ့်ဆေးကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။
မှောင်တဲ့နေရာမျိုးမှာ ဆေးသောက်တာ၊ ကလေးတွေကိုဆေးယူခိုင်းပြီး မကြည့်ဘဲ
သောက်တာမျိုးကိုလည်း မလုပ်သင့်ပါဘူး။
.
နောက်တစ်ချက် အရေးကြီးတာက ဆေးတွေကို
နေရာပြောင်းပြီးမသိမ်းဖို့ပါ။ သူ့ကိုတင်သွင်းရောင်းချတဲ့မူလ
ပုံစံအတိုင်းသာထားသင့်ပါတယ်။ ပယင်းရောင်ပုလင်းဟာ ဆေးတွေကို နေရောင်ခြည်နဲ့
တိုက်ရိုက်မထိတွေ့ရအောင် ကာကွယ်ထားပါတယ်။ အဲဒီဆေးပုလင်းတွေရဲ့အပေါ်မှာ
ဒီဆေးနဲ့ပတ်သတ်တဲ့ အချက်အလက်တွေကို အစုံအလင်ဖော်ပြ ထားတတ်ပါတယ်။
ဒီဆေးရဲ့ဂုဏ်သတ္တိ၊ အသုံးဝင်ပုံ၊ ထားသိုရမယ့်အခြေအနေတွေကို
ဖော်ပြထားတတ်ပါတယ်။ တချို့ဆေးပုလင်းတွေဆိုရင် ပြန်ဆက်သွယ်ရမယ့်
လိပ်စာတွေတောင်ပါတတ်ပါသေးတယ်။ မတူညီတဲ့ဆေးတွေကို ပုလင်း၊ ဗူးတစ်ခုထဲမှာပဲ
စုပုံပြီးလည်း မထားသင့်ပါဘူး။ ဆေးတွေမှားသောက်မိတတ်ပါတယ်။
အထဲမှာရှိတဲ့ဆေးတွေကလည်း တစ်မျိုးရဲ့တည်မြဲမှုကို တစ်မျိုးက
လာပြီးဖျက်ဆီးပစ်တာမျိုးရှိပါတယ်။ တကယ်အလုပ်လုပ်ရမယ့်နေရာမှာ အခက်အခဲတွေ
ရှိလာတတ်လို့ သတိထားရပါတယ်။
.
ခရီးသွားတဲ့အခါမှာ ဆေးတွေသယ်သွားရင်လည်း
သေသေချာချာသိမ်းပြီးယူသွားသင့်ပါတယ်။ မိမိသောက်မယ့် ဆေးတွေကို
ခရီးဆောင်အိတ်ကြီးထဲမှာ ထည့်မထားဘဲ မိမိရဲ့ ဘေးလွယ်အိတ်၊
လက်ကိုင်အိတ်တွေထဲမှာသာထားသင့် ပါတယ်။ အရေးကြုံလို့ထုတ်သုံးတဲ့အခါမှာ
အလွယ်တကူ ထုတ်လို့ရဖို့က အရေးကြီးပါတယ်။ ဆေးထည့်ထားတဲ့အိတ်ဟာ အပူငွေ့တွေနဲ့
ထိတွေ့မှုမရှိအောင်လည်း သတိထားသင့်ပါတယ်။ မိမိသွားမယ့်ခရီးစဉ်ဟာ
အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးကြန့်ကြာနိုင်တဲ့အတွက်
ဆေးအပိုတွေလည်း ယူသွားသင့်ပါတယ်။ အိမ်ကနေမထွက်ခင်ကတည်းက မိမိသောက်
နေတဲ့ဆေးတွေနဲ့အတူ မိမိပြသနေတဲ့ဆရာဝန်၊ ဆေးခန်းရဲ့နာမည်၊ ဖုန်းနံပါတ်တွေပါ
တပါတည်းယူဆောင်သွားသင့် ပါတယ်။
.
မိမိအသုံးမပြုတော့တဲ့ဆေးတွေဟာ
တခြားသူတွေအတွက်လည်း အသုံးမဝင်နိုင်တဲ့အတွက် ဒီလိုဆေးတွေကို
ဘယ်လိုစွန့်ပစ်သင့်တယ် ဆိုတာကိုပါ ပူးတွဲဖော်ပြလိုက်ပါတယ်။
.
၁။ သက်တမ်းကုန်ဆုံးသွားတဲ့ဆေးတွေ၊
အသုံးမဝင်တော့တဲ့ဆေးတွေကို သူတို့ရဲ့မူလဘူး၊ ပုလင်း၊ ကဒ်တွေ ထဲကနေ
ခွဲထုတ်ပစ်လိုက်ပြီး မီးဖိုချောင်က ထွက်တဲ့အမှိုက်၊ စက္ကူအမှိုက်တွေနဲ့
ရောလိုက်ပါ။ ကလေးတွေ၊ တိရစ္ဆာန်တွေ ဖွတဲ့ရန်ကို ကာကွယ်ပေးပြီးသားဖြစ်သလို
မိမိဘာဆေးသောက်တယ်ဆိုတာကို တခြားသူတွေ တိတိကျကျ မသိနိုင် တော့ပါဘူး။
.
၂။ ဒီလိုစုရောထားတဲ့အမှိုက်တွေကို
အလုံပိတ်လို့ရတဲ့အိတ်၊ ဘူး၊ သံဘူးတွေထည့်ပြီးမှသာ ပစ်သင့်ပါတယ်။ ဒါမှသာ
ဆေးတွေ အပြင်ကိုထွက်မကျ လာနိုင်မှာပါ။
.
၃။ ဘူးလိုက်လွှင့်ပစ်မယ့်ဆေးတွေဆိုရင်လည်း
ဘူးခွံပေါ်မှာပါတဲ့ သတိပေးချက်တွေ၊ ဖော်ပြချက်တွေ၊ ကျန်းမာရေး အခြေအနေနဲ့
ပတ်သက်တာ တွေအားလုံးကို ခြစ်ပြီးဖျက်ပစ်သင့်ပါတယ်။ မိမိရဲ့ကျန်းမာရေးကို
မသိနိုင်တော့သလို မိမိရဲ့ဆေးကို တကျော့ပြန်မသုံးဖြစ်အောင်
ကာကွယ်လိုက်ခြင်းဖြစ်ပါတယ်။
.
၎။ မိမိရဲ့ မိတ်ဆွေအပေါင်းအသင်း၊
ဆွေမျိုးတွေကို မိမိရဲ့ဆေးတွေ မဝေငှပါနဲ့။ သူတို့နဲ့ သင့်တော်တဲ့ဆေး၊
ညွှန်ကြားချက်ကို သူတို့ရဲ့ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။ မိမိရဲ့ဆေးဟာ
သူတို့အတွက် အန္တရာယ်ရှိနိုင်ပါတယ်။
.
၅။ ဆေးတချို့ကိုအိမ်သာထဲကို လွှင့်ပစ်နိုင်ပေမယ့် ရေမြောင်း၊ မြစ်ချောင်း၊ အင်းအိုင်တွေထဲကို လွှင့်မပစ် သင့်ပါဘူး။
“ဆေးဝါးထားသိုမှု၊
စွန့်ပစ်မှုတွေနဲ့ပတ်သက်ပြီး အခက်အခဲတစ်စုံတစ်ရာရှိလာရင် သက်ဆိုင်ရာ
ဆရာဝန်တွေ၊ ဆေးဝါးနဲ့ပတ်သက်ပြီး တာဝန်ရှိတဲ့သူတွေနဲ့ တိုင်ပင်ပြီးမှသာ
ဆောင်ရွက်သင့်ပါကြောင်း အကြံဥာဏ် ပေးလိုက်ပါတယ်။”
နှင်းနုလွင် (ဆေးဝါး)

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။