”တစ်နှစ်မှာ လူ၁.၅ သန်းဟာ ဆေးဝါးတွေကို
မှားယွင်းသုံးစွဲမှုကြောင့် နေမကောင်းဖြစ်တာ၊ ကျန်းမာရေးကို ဆိုးဆိုးဝါးဝါး
ထိခိုက်ပျက်စီးတာမျိုးတွေဖြစ်နိုင်ပြီး အဲဒီအထဲက လူတစ်သိန်းလောက်ကတော့
အသက်အန္တရာယ်နဲ့ ရင်ဆိုင်ကြုံတွေ့ရပါတယ်” တဲ့။ ဒီပြဿနာတွေကို ဖြေရှင်းဖို့
အကောင်းဆုံးနည်းလမ်းကတော့ ကြိုတင်ကာကွယ်ဖို့ပါ။ ကျွမ်းကျင်တဲ့ဆေးဝါး
ပညာရှင်တွေကတော့ ဆေးဝါးတွေကြောင့် အန္တရာယ်ဖြစ်ရတဲ့ အကြောင်းအရင်း ၁ဝ
ချက်ရှိ တယ်လို့ဆိုပါတယ်။ သူတို့ကြောင့် လူနာတွေအသက်သေဆုံးခဲ့ရသလို
ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေ ပျက်စီးရတာကြောင့်
ကြိုတင်ရှောင်ရှားနိုင်စေဖို့ သိသင့်သိထိုက်တဲ့အချက်တွေကို အောက်မှာ
ဖော်ပြပေးလိုက်ပါတယ်။
*
(၁) အသံထွက်ဆင်တူသောဆေး ၂ မျိုး ရောထွေးသွားခြင်း။
ဆေးပေးတဲ့နေရာတိုင်းမှာ ဒီပြဿနာကို
ကြုံတွေ့ရတတ်ပါတယ်။ ဆရာဝန်ရဲ့လက်ရေးကို အလွယ်တကူမဖတ် နိုင်တာ၊
ဆေးကောင်တာရှိ ကွန်ပျူတာအတွင်းသို့စာရင်းသွင်းရာတွင်
မှားပြီးသွင်းမိတာတို့ကြောင့်ဖြစ်နိုင်သလို စင်ပေါ် ကနေ ချထားတဲ့ဆေးတွေထဲက
မှားပြီးဆွဲယူမိတာမျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နေရာဒေသတော်တော်
များများက ဆေးဆိုင်တွေမှာ ဆေးတွေကို နေရာချတဲ့အခါမှာ ဆေးတွေရဲ့
အက္ခရာနာမည်အလိုက် စင်ပေါ်မှာ ထားတတ်ကြပါတယ်။ ဒီလိုထားတာကြောင့်
ကပ်လျက်ရှိတဲ့ နာမည်ချင်းဆင်တူတဲ့ဆေးတွေကိုလည်း လှမ်းယူ မိတတ်ပါတယ်။
အဲဒီလိုဆေး နာမည်တူတာကြောင့်ဖြစ်ရတဲ့ပြဿနာဟာ ဆေးဝါးကြောင့်ဖြစ်ရတဲ့
ပြဿနာတွေရဲ့ ၂၅ ရာခိုင်နှုန်းလောက်ရှိတာကို တွေ့ရပါတယ်။
*
ဒီလိုပြဿနာမျိုး မဖြစ်ရအောင်
ဆေးညွှန်းစာရွက်အသစ်တစ်ရွက်ရလာရင် ဆရာဝန်ကို သေသေချာချာ မေးထားဖို့လိုပါတယ်။
ရေးထားတဲ့ဆေးအမည်၊ ဆေးပမာဏတို့ကို မရှင်းလင်းရင် ထပ်မေးဖို့လိုပါတယ်။
ဆေးကောင် တာကနေ ချထားပေးတဲ့ဆေးကိုယူသွားတော့မယ်ဆိုရင်လည်း
အညွှန်းစာရွက်ထဲကအတိုင်း ဟုတ်၊ မဟုတ်ဆိုတာကို သေချာဖတ်ကြည့်ပါ။
မိမိလက်ထဲကိုရောက်နေတဲ့ဆေးအမည် (Trade Name & Generic Name) ၊
ဆေး ပမာဏ၊ သုံးစွဲရမယ့်ညွှန်ကြားချက်တွေဟာ ဆရာဝန်ပေးလိုက်တဲ့
စာရွက်ထဲအတိုင်း ဟုတ်ရဲ့လားဆိုတာကို ဆေးသုံး စွဲမယ့်သူအနေနဲ့
သေချာအောင်စစ်ဖို့လိုပါတယ်။ တကယ်လို့ မိမိဘာသာ
စစ်ကြည့်ဖို့ခက်ခဲတယ်ဆိုရင်လည်း ဆေးကောင် တာမှ တာဝန်ရှိသူတို့ရဲ့ အကူအညီကို
ရယူဖို့သင့်ပါတယ်။
*
(၂) ဘေးထွက်ဆိုးကျိုးကိုပိုဆိုးစေသော တခြားဆေးတမျိုးနှင့်တွဲသုံးမိခြင်း။
ကျွန်မတို့သောက်လိုက်တဲ့
ဘယ်ဆေးမှာမဆိုဘေးထွက်ဆိုးကျိုးတွေရှိနေပါတယ်။ အဲဒီ ပြဿနာတွေဟာ ဆေး ၂မျိုး၊ ၃
မျိုးကို တချိန်တည်းမှာသောက်လိုက်မိရင် ပိုပြီးပြင်းထန်သွားပါတယ်။
အဲဒီဆေးတွေဟာ တနည်းမဟုတ် တနည်း အပြန်အလှန်သက်ရောက်မှုတွေပေးကြလို့
အာနိသင်တွေပိုပြီးပြင်းထန်လာပါတယ်။ ဘေးထွက်ဆိုးကျိုး အန္တရာယ်တွေကလည်း
ပိုပြီးကြီးထွားလာတယ်။ ဆေးတစ်မျိုးရဲ့ အာနိသင်ကို နောက်တစ်မျိုးက
အဆတိုးစေသလို ဘေးထွက်ဆိုးကျိုးကလည်း တိုးပွားလာတယ်။ အဲဒီ ပြဿနာတွေထဲမှာ
အဖြစ်အများဆုံးနဲ့ အန္တရာယ် အရှိဆုံးကတော့ သွေးပေါင်အတက်အကျနဲ့
ခေါင်းမူးတာပါပဲ။ ဥပမာပြောရရင် သူတစ်ယောက်ဟာ သွေးတိုးစေတဲ့
ဘေးထွက်ဆိုးကျိုးရှိတဲ့
*
ဆေး ဗကိုသောက်နေတယ်ဆိုပါစို့။
အဲဒီအချိန်မှာပဲ ဒီလိုမျိုးဘေးထွက်ဆိုးကျိုးရှိတဲ့ နောက်ထပ် ဆေးြ ကိုသောက်
လိုက်မိရင် သွေးဖိအားဟာ အန္တရာယ်ရှိလောက်တဲ့အထိ တိုးသွားပါတယ်။
တချို့ဆေးတွေရဲ့အာနိသင်မှာကျတော့ ခေါင်းမူးစေတာမျိုး ဖြစ်တတ်ပါတယ်။
အဲဒီလိုအာနိသင်ချင်းတူနေတဲ့ဆေးတွေကို ပေါင်းသုံးမိရင် ချော်လဲတာ၊ ကျိုးတာ၊
ယာဉ်စက်မောင်းနှင်တဲ့နေရာမျိုးတွေမှာ အန္တရာယ်ဖြစ်တာမျိုးအထိ
ကြုံတွေ့ရတတ်ပါတယ်။
*
နောက်တစ်ခါ
ဆေးအချင်းချင်းဓါတ်ပြုနိုင်တဲ့အထဲမှာ အကြောက်ရဆုံးက သွေးကျဲဆေး ဃသကာမေငည
ပါ။ အဲဒီ ဆေးဟာ မိမိတို့ ခန္ဓာကိုယ်အတွက် တကယ့်ကိုလိုအပ်နေတဲ့
အချိန်အဆအတိုင်းပေးမှသာ သင့်လျော်အောင် အလုပ်လုပ်နိုင်မှာပါ။
တကယ်လို့ဆေးပမာဏ အရမ်းများသွားတာ၊ နည်းသွားတာမျိုးဆိုရင် နှလုံးမှာ
ပြဿနာဖြစ်နိုင်ပါ တယ်။ တခြားဆေးတော်တော်များနဲလည်း ဓါတ်ပြုနိုင်တာကြောင့်
သူ့လိုဆေးမျိုးဆိုရင် အတော်ကို သတိထားဖို့ လိုပါတယ်။
*
ဒီလိုမျိုးပြင်းထန်တဲ့
ဘေးထွက်ဆိုးကျိုးတွေကို ရှောင်ရှားဖို့အတွက်ဆိုရင်
ဆေးအသစ်တမျိုးကိုသုံးမယ်ဆိုတိုင်း
ဒီဆေးနဲ့ပတ်သက်ပြီးကြုံတွေ့လာနိုင်တဲ့ဘေးထွက်ဆိုးကျိုးတွေရဲ့အကြောင်းကို
သက်ဆိုင်ရာ ဆရာဝန် (သို့) ဆေးဝါး ပညာရှင်တို့နဲ့
တိုင်ပင်ဆွေးနွေးထားသင့်ပါတယ်။ ဒီဆေးနဲ့ပတ်သက်တဲ့အချက်အလက်တွေကို
ဖိုင်လေးတွဲပြီး သိမ်းထားပါ။ နောက်တစ်ကြိမ်ဆေးပေးတဲ့အခါမှာ
အရင်ကပေးတဲ့ဆေးနဲ့တူအချက်အလက်တွေ တူ၊ မတူကို ပြန်စစ်ကြည့် လို့ရပါတယ်။
မတူညီတဲ့ဆေးတွေထဲက တူညီတဲ့ဘေးထွက်ဆိုးကျိုးမျိုးကို ပြလာတဲ့အခါ
တတ်ကျွမ်းတဲ့သူကို တစ်ခေါက် ပြန်မေးဖို့ ဝန်မလေးသင့်ပါဘူး။
*
*
(၃) အာနိသင်တူသောဆေးဝါးများကို ပေါင်းသုံးမိရာမှ ဆေးပမာဏလွန်သွားခြင်း။
နာကျင်မှုသက်သာဖို့အတွက်
ညွှန်ကြားလိုက်တဲ့ဆေး၊ စိုးရိမ်ပူပန်မှုလျော့ချဖို့သုံးတဲ့ဆေး၊
အိပ်ဆေးအနေနဲ့သုံးရန် ညွှန်ကြားလိုက်တဲ့ဆေး၊ အဲဒီလိုဆေးတွေကို
တပြိုင်နက်သောက်လိုက်မိတယ်ဆိုပါစို့။ သူတို့အားလုံးမှာ တူညီတဲ့အချက်က တော့
ဦးနှောက်ကို လေးလံထိုင်းမှိုင်းစေတာကြောင့် ပေါင်းသုံးမိတဲ့အခါ
အန္တရာယ်ဖြစ်လာပါတယ်။ ဒီလိုမျိုး အန္တရာယ်ရှိ ကိုတော့ ဦးနှောက်နဲ့
အာရုံကြောအဖွဲ့အစည်း အလုပ်လုပ်တာကို ဟန့်တားတဲ့ဆေး (CNS Depressants) တွေမှာ တွေ့ရပါတယ်။ အထူးသဖြင့် ဘိန်းအုပ်စုဝင် အကိုက်အခဲပျောက်ဆေးတွေ၊ ချောင်းဆိုးပျောက်ဆေးတွေ၊ Benzodiazepine, Valium တို့လို စိတ်ငြိမ်ဆေးတွေ၊ စိုးရိမ်ပူပန်မှုလျော့ချ ဖို့သုံးတဲ့ဆေးတွေ၊ အအေးမိ၊ နှာစေးပျောက်ဖို့အတွက်သုံးတဲ့ Antihistamine
လိုဆေးတွေ၊ မူးဝေအော့အန်ရင်သုံးတဲ့ဆေးမျိုးတွေဟာ ဆေးလွန်သွားရင်
အန္တရာယ်ဖြစ်လာပါတယ်။ အဲဒီလို အသက်အန္တရာယ်ဖြစ်လောက်တဲ့အထိ
ပြင်းထန်တာမျိုးကို လူငယ်တွေမှာ ပိုပြီးတွေ့ရတတ်ပါတယ်။
*
ဒီလို ပြဿနာတွေကို ကာကွယ်ချင်တယ်ဆိုရင်
ဆေးတွေမှာပါတဲ့ သတိပေးညွှန်ကြားချက်တွေကို အာရုံစိုက်ဖတ် ဖို့လိုအပ်ပါတယ်။
အထူးသတိပေးပြီး ဖော်ပြတတ်တဲ့စကားလုံးတွေကတော့ အိပ်ငိုက်ခြင်း၊ မူးဝေခြင်း၊
မအီမသာဖြစ်ခြင်း၊ ထိုင်းမှိုင်းနေခြင်း၊ မိမိကိုယ်ကို ဟန်ချက်ညီမအောင်
မထိန်းနိုင်းခြင်းဆိုပြီး ပြောပြထားတတ်ပါတယ်။ တကယ်လို့
မိမိသောက်နေတဲ့ဆေးတစ်မျိုးမျိုးကို ကားမောင်းနေချိန်မသောက်ရဘူးလို့
တားမြစ်ခဲ့ရင် ဒီဆေးဟာ အိပ်ငိုက်နိုင်တဲ့ ဆေးဆိုတာကို သတိရသင့်ပါတယ်။
တနည်းအားဖြင့်တော့ ဒီဆေးတွေဟာ ဦးနှောက်နဲ့ အာရုံကြောမှာ သွားပြီး
ဖိနှိပ်တဲ့ဆေးလို့ ညွှန်ပြရာရောက်ပြီး သူနဲ့အာနိသင်ချင်းတူတဲ့တခြားဆေးတွေနဲ့
တွဲမသုံးသင့်ဘူးလို့ သတိပေးတာနဲ့လည်း တူပါတယ်။
*
(၄) ဆေးပမာဏမှားယွင်းခြင်း။
ညွှန်ကြားလိုက်တဲ့ဆေးတွေကို
တိုင်းတာတဲ့နေရာမှာလည်း အတိုင်းအတာက အမျိုးမျိုးရှိပါတယ်။ ဒသမနေရာ
တစ်နေရာစာလေး လွဲမှားရုံကနေ ဆေးပမာဏလွန်သွားတာမျိုးအထိဖြစ်နိုင်ပါတယ်။
ဥပမာပြောရရင် 1.0 mg လို့ ဆေးမျိုးကို 10 mg
နဲ့ မှားသုံးမိရင် ဆေးပမာဏဟာ ၁ဝ ဆကွာသွားနိုင်သလို
လူကိုသေစေနိုင်လောက်တဲ့အထိ ဆေးပမာဏလွန်သွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။
ဒီလိုအမှားမျိုးကို ထိုးဆေးတွေမှာ အများဆုံးတွေ့ရပါတယ်။ ဆီးချို
ရောဂါအတွက်သုံးတဲ့ဆေးတွေမှာ ဆေးပမာဏကွာသွားတာနဲ့အမျှ လူနာရဲ့အခြေအနေ
ပြောင်းလဲမှုကြီးဖြစ်ပေါ်လာပါ တယ်။ အဲဒီမှာ နောက်ထပ်မှားတဲ့အမှားကတော့
ဆေးသောက်တဲ့အကြိမ်ရေပါပဲ။ တစ်နေ့ကို တစ်ကြိမ်ပဲ သုံးရမယ့် ဆေးကို ၎
ကြိမ်ခွဲသုံးမိရင် အာနိသင်အပြည့်အဝမရတာမျိုးဖြစ်နိုင်သလို ၁
ကြိမ်ပဲသောက်ရမယ့်ဆေးကို ၄ ကြိမ် ထပ်သုံးမိတာကြောင့်
အန္တရာယ်ဖြစ်ရတာမျိုးကို ကြုံတွေ့ရတတ်ပါတယ်။
.
ဒီပြဿနာကိုဟန့်တားဖို့အတွက်ဆိုရင်
မူရင်းဆေးညွှန်းစာမှာကတည်းက ဆရာဝန်လက်ရေးကို ရှင်းရှင်း လင်းလင်း
နားလည်ထားဖို့ လိုပါတယ်။ မသဲကွဲတဲ့ ပမာဏ၊ ဆေးအမည်ဆိုရင်
ချက်ခြင်းပြန်မေးရပါမယ်။ ဆေးကောင်တာကနေ ဆေးတွေကိုယူပြီး မထွက်ခွါခင်မှာ
အညွှန်းစာရွက်ထဲကအတိုင်း ရှိသင့်တဲ့အတိုင်းအတာ၊ ပမာဏဟုတ်ရဲ့လားဆိုတာကို
သေချာအောင် စစ်ကြည့်ပါ။ ဆေးရုံမှာဆိုရင်လည်း သူနာပြုတစ်ယောက်ဟာ
ဆေးအသစ်တစ်မျိုးကို တိုက်တော့မယ်ဆိုရင် ဒီဆေးဟာ ဘာဆေးလဲ၊
ပမာဏဘယ်လောက်သောက်ရမလဲဆိုတာကို သေချာအောင် မေးမြန်းထားသင့်ပါတယ်။
တစ်ကြိမ်သောက်တဲ့ဆေးနဲ့နောက်တစ်ကြိမ်သောက်တဲ့ဆေးတွေ လွဲနေတယ်၊
အချိုးအစားမမှန်ဘူးလို့ထင်ရင် တစ်ခါတည်း ရှင်းရှင်းလင်းလင်းပြောဖို့
ဝန်မလေးပါနဲ့။
.
.
(၅) အရက်နှင့် ဆေးရောသုံးမိခြင်း။
”ဒီဆေးသောက်နေတဲ့အချိန်မှာ
အရက်မသုံးစွဲပါနှင့်” ဆိုပြီး တားမြစ်ထားတဲ့ဆေးတွေဟာ အများကြီးပဲရှိပါတယ်။
ဒါပေမယ့် လူတော်တော်များများကတော့ အဲဒီအချက်ကို လျစ်လျူရှု့ဆဲပါပဲ။
ဆေးတွေရဲ့အာနိသင် ပိုကောင်းအောင်ဆိုပြီးတော့တောင် ဆေးကိုကော့တေး၊
အရက်ပါဝင်တဲ့ ဖျော်ရည်တွေနဲ့ သောက်ကြပါတယ်။ တကယ် တော့ အရက်ဟာ
အိပ်ဆေးအပါအဝင် ဆေးတော်တော်များများ နဲ့ပေါင်းနိုင်ပြီး
သေစေနိုင်လောက်တဲ့အထိ အဆိပ်သင့် စေပါတယ်။ ဘယ်ဆေးကိုပဲသောက်သောက်၊
သောက်နေချိန်မှာရော၊ သောက်ပြီးချိန်မှာပါ အရက်ကိုရှောင်ဖို့ လိုအပ် ပါတယ်။
ဒါ့အပြင် အရက်ဟာ ချောင်းဆိုးပျောက်ဆေးရည်၊ အအေးမိနှာစေးတာအတွက်သုံးတဲ့ OTC ဆေးတွေနဲ့တောင် အန္တရာယ်ဖြစ်စေနိုင်လောက်တဲ့အထိ အပြန်အလှန်ဓါတ်ပြုမှုတွေရှိနေတတ်ပါတယ်။
.
အဲဒီလိုဆေးမျိုးတွေကို
အရည်ပုံစံအနေနဲ့ထုတ်လုပ်တဲ့နေရာမှာလည်း ဆေးတွေပျော်ဝင်ဖို့ဆိုပြီး အရက်ကို
ထည့်သုံးတတ်တာကြောင့် မမျှော်လင့်ဘဲ အရက်ကြောင့် အဆိပ်သင့်တာမျိုး
ဖြစ်တတ်ပါတယ်။ တချို့ဆေးတွေရဲ့ စုပ်ယူမှုကို အရက်ကဝင်ရောက်နေရာ
ယူတတ်တာကြောင့် သွေးထဲမှာ ဆေးပမာဏမြင့်တက်ကာ အန္တရာယ်ရှိ လာပါတယ်။ အရက်နဲ့
စိတ်ကျရောဂါအတွက်သုံးတဲ့ဆေးတွေကို တွဲသုံးမိရင် သွေးပေါင်တက်လာနိုင်ပါတယ်။
အရက်နဲ့ အိပ်ဆေးဆိုရင် နှလုံးခုန်နှုန်းတွေကျလာပြီး တာရှည် သတိလစ်တာမျိုးအထိ
ဖြစ်လာနိုင်ပါတယ်။
.
ဒါကြောင့်
ဆေးညွှန်းစာရွက်အသစ်ရလာတဲ့အချိန်မှာ ဒီဆေးတွေသောက်နေချိန် အရက်သောက်မိရင်
အန္တရာယ် ကင်း၊ မကင်း ဆရာဝန် ဒါမှမဟုတ် ဆေးဝါးနဲ့ပတ်သက်တဲ့ ပညာရှင်ကို
သေချာမေးမြန်းထားသင့်ပါတယ်။ အရက်ကို မသောက်ရ၊ မနေနိုင်လောက်အောင်
အရမ်းကြိုက်တဲ့သူဖြစ်နေမယ်ဆိုရင်လည်း ဆရာဝန်ကို သေချာမေးမြန်းထားပါ။
အစားထိုးရွေးချယ်လို့ရတဲ့ ဆေးတစ်မျိုးမျိုးကို ဆရာဝန်က လမ်းညွှန်နိုင်ပါတယ်။
ဒါကြောင့် ဆရာဝန်ရဲ့ ဆေးညွှန်းစာရွက်နဲ့အတူ တွဲပါလာမယ့် အရက်သောက်ရင်
အန္တရာယ်ရှိ၊ မရှိ ဆိုတဲ့ဖော်ပြချက်ကို သတိထားရပါ့မယ်။ OTC ဆေးအားလုံးရဲ့ Label
ကို သေချာဖတ်ပါ။ တချို့ဆေးတွေမှာ အရက်ကြောင့် အန္တရာယ်ဖြစ်နိုင်တယ်ဆိုတဲ့
ဖော်ပြချက်ပါရှိတတ်သလို တချို့ဆေးတွေမှာတော့ အရက်ကို ထည့်သွင်းထားကြောင်း
ဖော်ပြထားတတ်ပါတယ်။
*
(၆) နာမည်သာကွဲပြီး ပါဝင်ပစ္စည်းတူသောဆေးများကိုပေါင်းသုံးမိခြင်း။
လူသိများတဲ့ ဆီးဆေး Frusemide ဟာ ရောင်းဝယ်တဲ့နေရာမှာတော့ Lasix ဆိုတဲ့ နာမည်နဲ့ပါ။ ဆီးဆေးသုံးစွဲမယ့် လူတစ်ယောက်ရဲ့လက်ထဲမှာ Frusemide အနေနဲ့ရော Lasix
အဖြစ်ပါ ရောက်ရှိနေနိုင်ပေမယ့် လူနာဟာ ဒီ ၂မျိုး အတူတူပဲဆိုတာကို သိချင်မှ
သိပါလိမ့်မယ်။ ပေါင်းသုံးမိရင် လူနာဟာ သူတကယ်သုံးစွဲရမယ့် ပမာဏထက် ၂ ဆ
ပိုသွားပါလိမ့်မယ်။ ဆေးတွေရဲ့ မူလနာမည်နဲ့ ဈေးကွက်ထဲမှာ
ရောင်းဝယ်နေတဲ့နာမည်ရဲ့ ချိတ်ဆက်မှုကို မသိဘဲ တူနေတဲ့ ဆေး ၂ မျိုးကို
တပြိုင်နက်တည်း သုံးမိလို့ ဆေးပမာဏ ၂ ဆတိုးရတဲ့ အဖြစ်မျိုးကို
မမျှော်လင့်ဘဲ ကြုံတွေ့ ရတတ်ပါတယ်။
.
ဒါကြောင့် ဆရာဝန်က ဆေးအသစ်တစ်မျိုးသုံးဖို့
ညွှန်ကြားတဲ့အချိန်မှာ ဒီဆေးနဲ့ပတ်သက်ပြီးသိထားသင့်သမျှကို
အသေးစိတ်သိရအောင် ကြိုးစားဖို့လိုပါတယ်။ ဆရာဝန်က
ဆေးနာမည်တစ်မျိုးကိုရေးချပေးတဲ့အခါ ဆေးရဲ့ မူလနာမည် (Generic Name)၊ ရောင်းဝယ်ကြတဲ့နာမည် (Brand Name)၊
ဒီဆေးဟာ ဘာအတွက်လဲ၊ ပမာဏဘယ်လောက် သောက်ရမလဲ၊ ဘယ်အချိန်တွေမှာ
သောက်ရမလဲဆိုတာကိုပါ သေချာအောင်မေးထားရပါမယ်။ နောင်တစ်ချိန်အတွက်
အကျိုးရှိအောင် ဆေးရဲ့နာမည် ၂ မျိုးလုံးကိုပါ မှတ်သားထားသင့်ပါတယ်။
မိမိကိုညွှန်ကြားလိုက်တဲ့ဆေးတွေရဲ့ မူရင်းနာမည်ကိုသိအောင်လုပ်ဖို့လိုအပ်သလို
မူရင်းနာမည်သာသိနေတဲ့ဆေးတွေကို ဈေးကွက်ထဲမှာဘယ်လိုနာမည်မျိုးနဲ့
ရောင်းဝယ်ကြသလဲဆိုတာကိုပါ သိအောင်လုပ်ထားဖို့လိုပါတယ်။
.
(၇) ဆေးများနှင့် အစားအသောက်များ ဓါတ်ပြုနိုင်သည်ကို နားမလည်ခြင်း။
ဒီနေရာမှာ အထူးသတိထားရတာက Grape Fruit သီးပါ။ သူ့ကြောင့်ဆေးတွေရဲ့အာနိသင် လျော့ကျ ပျက်စီးသွားတာမျိုး ဖြစ်နိုင်သလို ပိုပြီး အလုပ်လုပ်နိုင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ Grape Fruit သီးဟာ ဆေးတော်တော်များများကို ချေဖျက်ပေးတဲ့ Enzyme
တွေကို ဟန့်တားပါတယ်။ သူ့ကြောင့်အသည်းဟာ ပိုပြီး အလုပ်လုပ်လာရပါတယ်။
ဆေးအား လုံးကို မချေဖျက်နိုင်တာကြောင့် သွေးထဲမှာ ဆေးပမာဏဟာ မြင့်တက်ကာ
လူကိုသေစေလောက်တဲ့အထိ ဓါတ်ပြုမှုက ပြင်းထန်တတ်ပါတယ်။
နောက်ထပ်ဖြစ်နိုင်တဲ့ဓါတ်ပြုမှုကတော့ ကော်ဖီနဲ့ သံဓါတ်ပါ။ ကဖင်းဟာ
သံဓါတ်စုပ်ယူမှုကို ဟန့်တားပါတယ်။
*
လူတစ်ယောက်ဟာ သံဓါတ်ပါတဲ့အားဆေးကို
ကော်ဖီနဲ့တွဲသောက်ရင် အဲဒီလူရဲ့ သွေးအားနည်းရောဂါ ဟာ ဘယ်တော့မှ
သက်သာပျောက်ကင်းမှာ မဟုတ်တော့ပါဘူး။ သံဓါတ်ဟာ
ချို့တဲ့မြဲချို့တဲ့နေဦးမှာပါ။ ဒါကြောင့် ဆေးတစ်မျိုးသောက်တော့မယ်ဆိုရင်
ဒီဆေးဟာ အစာနဲ့တွဲလို့ရ၊မရ တကယ်လို့တွဲလို့ရတယ်ဆိုရင်လည်း အစာနဲ့
ဘယ်လောက်ကြာကြာခွာသောက်သင့်သလဲ၊ ဘယ်လိုအစားအသောက်မျိုးကိုတော့
အထူးသတိထားပြီး ရှောင်မလဲ ဆိုတာကို သက်ဆိုင်ရာ ဆရာဝန် (သို့)
ဆေးဝါးပညာရှင်ကိုကြိုတင်မေးမြန်းထားသင့်ပါတယ်။
*
(၈) အသည်း သို့မဟုတ် ကျောက်ကပ်ရောဂါခံစားနေရချိန်တွင် ဆေးပမာဏ အတိုးအလျော့လုပ်ရန် မေ့လျော့သွားခြင်း။
လူတစ်ယောက်ရဲ့ အသည်း သို့မဟုတ်
ကျောက်ကပ်မကောင်းဘူးဆိုရင် အဲဒီလူရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆိပ်
အတောက်ရှိတဲ့ ပစ္စည်းတွေ၊ ပြင်ပကဝင်လာတဲ့ Foreign Substances
တွေကို ဖယ်ထုတ်တဲ့နေရာမှာ အခက်အခဲတွေ ရှိလာပါတယ်။ အဲဒီအခါ
ခန္ဓာကိုယ်ထဲမှာဆေးတွေစုပုံများပြားလာပြီး
ရှိသင့်တဲ့ပမာဏထက်မြင့်တက်လာပါတယ်။ ဆရာဝန်တွေ၊ ဆေးဝါးပညာရှင်တွေအပါအဝင်
ဆေးပေးတဲ့သူတော်တော်များများဟာ လူနာမှာ အသည်း၊ ကျောက်ကပ်
ရောဂါရှိချိန်ဆေးပမာဏ အတိုးအလျော့မလုပ်တာပါပဲ။
.
အသည်း၊ ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာကို
စစ်ဆေးပြီးမှ ပေးသင့်တဲ့ဆေးတွေ တော်တော်များများကို ရှိပါတယ်။
ဒါကြောင့်ဆေးအသစ်တမျိုးကိုသုံးရတော့မယ့်အချိန်မှာ ဆေးအညွှန်းစာရွက်မှာ
အသည်း၊ ကျောက်ကပ်နဲ့ပတ် သက်ပြီး ဘယ်လိုမှားကြားချက်တွေရှိသလဲဆိုတာကို
သေချာဖတ်ဖို့လိုပါတယ်။ အသည်း၊ ကျောက်ကပ်နဲ့ပတ် သက်ပြီး မိမိမှာ
မသင်္ကာတဲ့အချက်ရှိနေရင်လည်း ဆရာဝန်တွေနဲ့ သေချာမေးမြန်းဆွေးနွေးရပါမယ်။
.
(၉) မိမိအသက်အရွယ်အတွက် စိတ်မချရတဲ့ဆေးကိုသုံးခြင်း။
အသက်ကြီးလာတာနဲ့အမျှ ဆေးတွေကို
ချေဖျက်တုံ့ပြန်တဲ့ဖြစ်စဉ်ကြီးဟာ သိသိသာသာကို ကွဲပြားလာပါတယ်။
အသက်ကြီးလာချိန်မှာ စိတ်ပျံလွင့်တာ၊ မူးဝေတာ၊ လဲကျတာ၊
သွေးပေါင်တက်တာတို့လိုမျိုးကို ခံစားရပါတယ်။ အဲဒီအချိန် ဒီလိုမျိုး
ဘေးထွက်ဆိုးကျိုးပေးနိုင်တဲ့ ဆေးတွေကိုသာ ကြာရှည်သုံးမိရင်အသက်
အန္တရာယ်ရှိလာပါတယ်။ အထူးသဖြင့် အသက် ၆၅ နှစ်ကျော်တဲ့လူကြီးတွေဟာ ပိုပြီး
သတိထားရပါတယ်။
သူတို့အတွက်ဆေးတွေစဉ်းစာတဲ့နေရာမှာ
အတော်ကိုသတိထားရပါတယ်။ သူတို့သောက်နေတဲ့ဆေးစာရင်းကို ဆရာဝန် ဆီကို
ယူသွားပြီး ဒီအသက်အရွယ်အတွက်သင့်တော်တဲ့ဆေးဟုတ်၊ မဟုတ်ကို အချိန်ယူပြီး
ဆွေးနွေးသင့် ပါတယ်။ အဲဒီအထဲက မသင့်တော်တာတချို့ရှိခဲ့မယ်ဆိုရင်လည်း
တခြားလဲသုံးလို့ရမယ့်တစ်မျိုးမျိုးကို စဉ်းစားသင့်ပါတယ်။
*
(၁ဝ) တိုင်းရင်းဆေးများနှင့်တွဲသုံးမိခြင်း။
မိမိသောက်နေတဲ့ ဆေးတွေနဲ့
သဘာဝအပင်အနှံကရတဲ့ဆေးတွေ ဘယ်လိုမျိုး ဓါတ်ပြုနိုင်တယ်ဆိုတာကို
တော်တော်များများက မသိပါဘူး။ ဥပမာပြောရရင်နှလုံးရောဂါအတွက်
ဆေးသောက်နေတဲ့သူတွေဟာ နွယ်ချိုပါတဲ့ ဆေးတွေကို သုံးမိရင်
နှလုံးခုန်နှုန်းနေရာမှာ ပြဿနာတွေရှိလာပါတယ်။ ဒါကြောင့် ဆရာဝန်က
ဆေးတစ်မျိုးကို ညွှန်ကြားတဲ့အခါမှာ မိမိဘာဆေးတွေသောက်နေသလဲ၊
ဘယ်လိုတိုင်းရင်းဆေးတွေ၊ ဖြည့်စွက်အားဆေးတွေသောက်နေ သလဲဆိုတာကို
ပွင့်လင်းစွာပြောပြဖို့လိုပါတယ်။ ဆရာဝန်ကို မတိုင်ပင်ဘဲ
ဆေးတွေထပ်ပေါင်းသောက်တာမျိုးကိုတော့ မလုပ်သင့်ပါဘူး။
.
နှင်းနုလွင် (ဆေးဝါး)
Ziwaka Magazine

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။