သိမ်းဆည်းခံမြေယာများအား ပြန်လည် ရယူရန်ဆန္ဒရှိ

Monday, May 21, 20120 မှတ်ချက်များ

ဝင့်သင်ဇာကျော် (မြစ်မခ)
မေ (၂၁)ရက် ၊၂၀၁၂ခုနှစ်။

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် သရက်ပင်ချောင်ကျေးရွာက တောင်သူလယ်သမား(၄၀၀)ကျော်အနေဖြင့် တရားဝင် လယ်မြေပိုင်ဆိုင်ခြင်းမရှိဟုဆိုကာ စည်ပင်သာယာနှင့်ကုမ္ပဏီအချို့မှသိမ်းယူထားမှုနှင့်ပတ်သက်၍ လယ်သမားများက မိမိပိုင်လယ်မြေဖြစ်လိုကြောင်း တရားဝင်မှတ်ပုံတင်ရရှိရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လယ်သမားများထံက သိရှိရသည်။

“နိုင်ငံတော်သမ္မတကနေပြီးတော့ လယ်ယာမြေဥပဒေကို အသစ်ပြဌာန်းတယ် ကိုယ့်လယ်မြေကိုလဲ မှတ်ပုံတင် ဖို့အတွက် အခွင့်အရေးရခဲ့လို့ စိတ်ချမ်းသာရမယ် မကြံသေးဘူး၊ အခု ကျွန်တော်တို့ မြေတွေကို စည်ပင်သာ ယာနဲ့ လုပ်ငန်းရှင်တွေက သိမ်းတော့ ကျွန်တော်တို့ လယ်မြေကို ဘယ်လိုလုပ်ကိုင် စားသောက်ရမလဲ အဲ့ဒါ ကြောင့် ကျွန်တော်တို့ကျန်ရှိတဲ့ လယ်မြေကို တရားဝင် မှတ်ပုံတင်ပြီး ဒီမြေက ကျွန်တော်ပိုင်တယ် ဆိုတာမျိုး လက်ဆုပ် လက်ကိုင်ပြချင်တယ်” ဟု လယ်(၉)ဧက ပိုင်ဆိုင်သူ ဦးလှသောင်းက ပြောသည်။

သရက်ပင်ချောင်ကျေးရွာရှိ လယ်မြေပိုင်ဆိုင်သူ (၄၀)ဦးမှာ ဘိုးစဉ်ဘောင်ဆက် လယ်မြေလုပ်ငန်းကို လုပ်ကိုင် လာသော်လည်း ကုမ္ပဏီအချို့၏ သိမ်းယူခြင်းကြောင့် လယ်မြေဆုံးရှုံးခြင်းများရှိနေကြောင်း သိရသည်။

“ကျွန်တော်တို့ လယ်မြေတွေကို ငါးပိ ၊ ငါးခြောက် ၊ ငံပြာရည်လုပ်ငန်းစီမံကိန်းဇုန်က အကြောင်းမဲ့ သိမ်းတယ်၊ ကျွန်တော်တို့ကိုလဲ အသိပေးတာမျိုးလဲ မရှိဘူး အဓိကက ကျွန်တော်တို့က ဒီလယ်မြေတွေကို တရားဝင် ပိုင်ဆိုင်မှု မရှိဘူးဆိုပြီးတော့ သက်သက်လုပ်တာ ကျွန်တော် ဒီမြေမှာ လုပ်လာတာ (၁၅)နှစ်ရှိပြီ ဟိုး ဘိုးစဉ် ဘောင်ဆက်က လုပ်လာတာ သိမ်းယူတဲ့အတွက်ကြောင့် မို့လို့ ကျွန်တော်လယ်မြေဆိုရင် လေး ၊ ငါး ဧက ပါသွားပြီ “ ဟု သရက်ပင်ချောင်ကျေးရွာမှ လယ်သမား ဦးလှသာင်းက ပြောသည်။

လယ်သမားများအနေဖြင့် မိမိပိုင်လယ်မြေအဖြစ် တရားဝင်မှတ်ပုံတင်လိုသော်လည်း မြို့နယ်နှင့် ကျေး/ရွာ များသို့ တရားဝင် ညွှန်ကြားထားခြင်း မရှိသေးကြောင်း သရက်ပင်ချောင်ကျေးရွာမှလယ်သမားများကဆိုသည်။

“ကျွန်တော်တို့ မြို့နယ်က ကျေးရွာကိုပေါ့ တရားဝင် ညွှန်ကြားထားတာ မရှိသေးဘူး၊ ရှိရင် ကျွန်တော်တို့ လယ်သမားတွေ အရင်ဆုံး မှတ်ပုံတင်မှာပေါ့ အခုတလောလဲ လယ်မြေတွေ အသိမ်းခံနေရတာ ကျွန်တော်တို့ ဆီမှာ ပြေစာ၊ ဘဏ်စာအုပ်ရယ် ၊တာဝန်ကျေစာ ရယ်ရှိတယ်” ဟု ဒလဘမ်းကျေးရွာမှ လယ် ၅ဧက ပိုင်ဆိုင်သူ ဦးလှခိုင်က ပြောသည်။

သရက်ပင်ချောင် ကျေးရွာနှင့် ဒလဘမ်းကျေးရွာမှ လယ်သမား (၅၀)ကျော်မှာ မိမိပိုင် လယ်မြေများကို မှတ်ပုံ တင်ကာ တရားဝင်လယ်မြေဖြစ်လိုကြကြောင်းနှင့် သိမ်းယူခြင်းခံရသော လယ်မြေများကိုလည်း ပြန်လည် ရယူ လိုကြောင်း သိရှိရသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် သရက်ပင်ချောင်ကျေးရွာ နှင့် ဒလဘမ်းကျေးရွာတွင် လယ်လုပ်ငန်း လုပ်ကိုင်သူ (၅၀)ဦးရေခန့်ရှိပြီး လယ်ဧက(၄၀၀) ကျော်ကိုလည်း စည်ပင်သာယာ နှင့် ငါးပိ ၊ ငါးခြောက် ၊ ငံပြာရည်လုပ်ငန်း စီမံကိန်းဇုန်တို့မှ သိမ်းယူခြင်းခံထား ရကြောင်း လယ်သမားများကဆိုသည်။

လယ်သမားများအနေဖြင့် မိမိပိုင်လယ်မြေအဖြစ် တရားဝင်မှတ်ပုံတင်ကာ လယ်မြေလုပ်ငန်းကို ဆက်လက် လုပ်ကိုင်ချင်သော်လည်း လယ်မြေများသိမ်းယူခြင်းခံရသောကြောင့် ၂၀၁၂ခုနှစ် မေလ ၂ ရက်နေ့တွင် လယ်သမား (၂၅) ဦး လက်မှတ်ရေးထိုးကာ နိုင်ငံတော် သမ္မတထံ စာတင်ခဲ့ကြောင်း သိရှိရသည်။


Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger