နေပြည်တော်ကို နိုင်ငံခြားသားများ လည်ပတ်နိုင်သော Tour Site အဖြစ်ဆောင်ရွက်သွားရန်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ နေပြည်တော်သည် ကန့်သတ်နယ်မြေများဖြစ်သော ဖားကန့်၊ မိုးကုတ်၊ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း တို့တွင်ပါဝင်သည့် နေရာဖြစ်ခြင်းကြောင့် နိုင်ငံခြားသားများအတွက် ကန့်သတ်ချက်ရှိသော ဒေသတစ်ခုဖြစ်သော်လည်း နောက်ပိုင်းတွင်လာရောက်လည်ပတ်နိုင်မည့် နေရာတစ်ခုဖြစ်လာစေရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်သည်။ “လက်ရှိမှာတော့ နေပြည်တော်က ကန့်သတ်ထားတဲ့ နေရာဖြစ်ပါတယ်။ ဒါပေမဲ့ တရားဝင်လာတဲ့သူတွေ၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့သူတွေ လာလို့ရပါတယ်။ တိုးရစ်တွေတော့ လည်လို့မရပါဘူး။ ဒါကြောင့် နောက်ပိုင်းမှာ တိုးဆိုက်အဖြစ် ဖြေလျှော့ပေးသွားမယ့် အစီအစဉ်တွေရှိပါတယ်” ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။ နေပြည်တော်သည် အစိုးရရုံးစိုက်ရာမြို့ဖြစ်ခြင်း၊ လွှတ်တော်အဆောက်အအုံများ ရှိခြင်းတို့ကြောင့် နိုင်ငံခြားသားဧည့်သည်များ အနေနှင့် စိတ်ဝင် စားမှုများရှိနေကြောင်းလည်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။ ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်သည့် သင်္ဂဇာခရီးသွားလုပ်ငန်းမှ ဦးတင်ထွန်အောင်က “နေပြည်တော်ကို တိုးဆိုက်လုပ်ရင် ကောင်းပါတယ်။ ဧည့်သည်အများစုကလဲ တော်တော်စိတ်ဝင်စားကြတယ်။ အခုနောက်ပိုင်းမှာလဲ ကန့်သတ်နယ်မြေအချို့ ဖြေလျှော့ပေးတော့လဲ လာလည်ရတဲ့နေရာတွေ များသွားတာပေါ့။ အကျိုးရှိပါတယ်” ဟု ဆိုသည်။ လက်ရှိတွင် ဟိုတယ်ခရီးဝန်ကြီးဌာနအနေနှင့် ကန့်သတ်ချက်ရှိသည့် နယ်မြေအချို့ကို ကြိုတင်ခွင့်ပြုချက် တောင်းခံပါကလည်း ဖြေလျှော့ဆောင်ရွက်ပေးခြင်းကြောင့် စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်ရိဒ်ရေကန်နှင့် ကယားပြည်နယ်များသို့ပါ သွားရောက်လည်ပတ်နိုင်ကြောင်း သိရသည်။ နေပြည်တော်ကိုလည်း တိုးဆိုက် အဖြစ် ဆောင်ရွက်မည်ဆိုပါက နောက်ပိုင်းတွင် ကြိုတင်ခွင့်ပြုချက်နှင့် သွားလာနိုင်စေရန်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ ယခုအခါတွင်မြန်မာနိုင်ငံသို့ ခရီးသည်ဝင်ရောက်မှု တစ်နေ့လျှင် ခရီးသည် ဦးရေ ၁၅၀၀ ခန့်ရှိနေကြောင်း ၂၀၁၂ ခုနှစ် မေလ ၃၁ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။
နေပြည်တော်ကို နိုင်ငံခြားခရီးသွားများ လည်ပတ်နိုင်တော့မည်
Wednesday, May 30, 20120 မှတ်ချက်များ

Labels:
ပြည်တွင်းသတင်း

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။