မန္တလေး၊ မေလ ၁၃ ရက်၊ ၂၀၁၂ ခုနှစ်-ကျော်သူရမျိုး (YPI)
မန္တလေးမြို့အပြင်ဘက်
အဝေးပြေးကားလမ်းဘေးများ အနီးကျေးရွာ မြေကွက်များနှင့် လယ်ယာမြေ များကို
တရုတ်လူမျိုး ကုန်သည်များမှ လိုက်လံဝယ်ယူလျှက်ရှိကြောင်း
အဆိုပါရွာခံများနှင့် အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။
“မြို့ပြင်ဘက်က မြေတွေကို လိုက်ဝယ်နေတော့ မြေဈေးတွေက
(၅)ဆလောက်တက်သွားတယ်”ဟု မြေပွဲစားတစ်ဦးက YPI သို့ပြောသည်။
ယခင်နှစ်ပိုင်းများက
ရန်ကုန်-မန္တလေး ကားလမ်းဘေးရှိ မြေကွက်များကိုသာ တရုတ်ကုန်သည်များနှင့်
ရင်းနှီးမြှုပ်နှံသူများက စိတ်ဝင်တစားဝယ်ယူကြပြီး ယခုရက်ပိုင်းကာလအတွင်း
ပြင်ဦးလွင်ကားလမ်း ဘေးနှင့် မတ္တရာကားလမ်းဘေးအနီးရှိ လူနေမြေကွက်များနှင့်
လယ်ယာမြေများကို ရင်းနှီးမြှုပ်နှံဝယ်ယူ လာကြောင်း မန္တလေးမြို့ခံ
မြေပွဲစားများထံမှသိရသည်။
“ဒီရက်ပိုင်းအတွင်းမှာ
မြို့ပြင်ကမြေကွက်အတွက် အရောင်းအ၀ယ်စာချုပ် ချုပ်ဖို့ ဥပဒေအကျိုးဆောင်
ပေးရတာ (၅)ခုလောက်ရှိသွားပြီ” ဟု အထက်တန်းရှေ့နေတစ်ဦးက ပြောသည်။
အဆိုပါမန္တလေးမြို့
အပြင်ဘက်ကားလမ်းဘေးများရှိ မြေကွက်များနှင့် လယ်မြေများသည် ပိုင်ဆိုင်မှု
ဂရန်များမရှိကြဘဲ အရပ်စာချုပ်ပိုင်ဆိုင်မှုများနှင့် ဘိုးဘွားပိုင်
အရောင်းအ၀ယ်စာချုပ်များသာ ရှိကြပြီး မြေအရောင်းအ၀ယ် စာချုပ်ချုပ်ဆိုသည့်အခါ
သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး ၀ယ်ယူသူဘက်မှ ကိုယ်စားလှယ်၊
ရှေ့နေများနှင့် မြေပိုင်ဆိုင်သူ ရွာခံများဖြင့် လွှဲပြောင်းမှုလုပ်ကြကြောင်း
အကျိုးဆောင်တဦးက ရှင်းပြသည်။
ယခုလို အရောင်းအ၀ယ်
စာချုပ် ချုပ်ဆိုသည့်အခါ တရုတ်လူမျိုးကုန်သည်များသည် ကိုယ်တိုင်
တိုက်ရိုက်ဝယ်ယူမှုနည်းပါးပြီး ၄င်းတို့ယုံကြည်စိတ်ချရသည့်
မြန်မာလူမျိုးမြေပွဲစားများကို အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power)
လွှဲအပ်ပြီး ၀ယ်ယူခြင်းမျိုး များပြားသည်ဟုလည်း ပွဲစားများက ပြောဆိုသည်။
“လောင်စာဆီဆိုင်ဖွင့်ဖို့နဲ့
ဂိုထောင်တွေဆောက်ဖို့မြေ၀ယ်တာလို့တော့ပြောတာဘဲ။ ဘိုးဘွား အစဉ်အဆက်က
ဒီမှာနေလာတော့ ရွာခံအများစုက မရောင်းချင်ကြဘူး။ ဒါပေမဲ့ မြေတစ်ကွက်ကို
သိန်း (၃၀၀) လောက်ထိပေးဝယ်နေတော့ ရောင်းဖြစ်သွားတဲ့ လူတွေလည်း ရှိပါတယ်”ဟု
မန္တလေးမြို့ပြင် မြောက်ဘက်ရှိ ကြာနီကန်ကျေးရွာမှ ရွာခံတစ်ဦးကပြောသည်။
ထို့ပြင်
တိုက်ပွဲများမကြာခဏဖြစ်ပွားပြီး နယ်မြေဒေသအေးချမ်းမှုမရှိသည့်
ဖားကန့်နှင့်မြစ်ကြီးနားမြို့ရှိ ငွေကြေးချမ်းသာသည့်
တရုတ်လူမျိုးကုန်သည်များသည်လည်း မန္တလေးမြို့ပြင်ရှိ မြေကွက်များအား
ရင်းနှီးမြှုပ်နှံဝယ်ယူရန် စိတ်ဝင်တစားရှိကြောင်း အဆိုပါကုန်သည်များက
ပြောသည်။
“နယ်မြေအခြေအနေသိပ်မအေးချမ်းတော့ အဲဒီမှာ
ရင်းနှီးမြှုပ်နှံမှုသိပ်မလုပ်တော့ဘဲ မန္တလေးမှာ မြေကွက်တွေ
ဝယ်ထားလိုက်တယ်”ဟု ပြီးခဲ့သည့် ရက်ပိုင်းအတွင်း သိန်းထောင်ကျော် တန်ဖိုးရှိ
မြေကွက်များ အား ၀ယ်ယူထားသူ ကုန်သည်တစ်ဦးကဆို သည်။
“နောင်ဆိုရင်
မန္တလေးမြို့က ပိုကျယ်လာဖို့ဘဲရှိတယ်။ အဲတော့ငွေရင်းနိုင်တဲ့သူတွေက
မြို့ပြင်မှာရှိတဲ့ မြေကွက်ကိုဝယ်ပြီး ရင်းနှီးမြှုပ်နှံထားရင်
နောင်တစ်ချိန်အကျိုးအမြတ်များများရနိုင်တယ်”ဟု မန္တလေးမြို့ခံ
မြေပွဲစားတစ်ဦးကပြောသည်။
ယခင်က
မန္တလေးမြို့စည်ပင်နယ်နိမိတ်အပြင်ဘက် မန္တလေးဈေးချိုတော်နှင့် မိနစ်(၂၀)ကြာ
ဆိုင်ကယ်ဖြင့် သွားလာရသော ပုသိမ်ကြီးမြို့နယ်အတွင်းရှိ မြေကွက်များသည် ၁၉၉၅
ခုနှစ်က ပေ(၄၀x၆၀)မြေတစ်ကွက်လျှင် ငွေကျပ် ၁၅၀၀၀ ခန့်သာ
တန်ဖိုးရှိခဲ့သော်လည်း ယခုကာလ ရက်ပိုင်းအတွင်း အဆိုပါမြေကွက်များသည်
ငွေကျပ် သိန်း(၄၅၀)ခန့်ဝန်းကျင် တန်ကြေးရှိပြီး
အရောင်းအ၀ယ်ဖြစ်လျှက်ရှိကြောင်း သိရသည်။
မန္တလေးမြို့တွင်းရှိမြေကွက်များသည်
နေရာအလိုက်အကွက်အကွင်းကောင်းပါက ကျပ်သိန်းထောင် ဂဏန်းမှ
ကျပ်သိန်းသောင်းဂဏန်းအထိ တန်ကြေးရှိပြီး
မြို့ပြင်မြေကွက်များမှာသိန်း(၂၀၀)၊ (၃၀၀)ခန့်သာ ပေါက်ဈေးရှိသည့်အတွက်
မြို့ပြင်မြေကွက်များသည် မြို့တွင်းမြေကွက်များနှင့်နှိုင်းယှဉ် ပါက
တန်ဖိုးများစွာလျော့နည်းခြင်းကြောင့်
တရုတ်လူမျိုးရင်းနှီးမြှုပ်နှံလိုသူများအနေနှင့် ပိုမို
စိတ်ဝင်စားခြင်းဖြစ်နိုင်ကြောင်း ၀ါရင့်အိမ်ခြံမြေအကျိုးဆောင်
တစ်ဦးကမှတ်ချက်ပြုသည်။
မန္တလေးမြို့တွင် ကားဈေးကွက်နှင့်
ကျောက်စိမ်းဈေးကွက် အေးနေခြင်းသည်လည်း ငွေရင်းနှီးမြှုပ်နှံသူများအဖို့
မြေဈေးကွက် ဘက်သို့ ၀င်ရောက်ရင်းနှီးမြှုပ်နှံလာဖွယ်ရှိသည်ဟု
အိမ်ခြံမြေအကျိုးဆောင်များက သုံးသပ်သည်။ ။
Yangon Press International


Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။