ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် အဆင့်ဆင့် ရွေးချယ်မှု စတင်

Sunday, May 13, 20120 မှတ်ချက်များ

မန္တလေး၊ မေလ ၁၃ ရက်၊ ၂၀၁၂ ခုနှစ်-ကျော်သူရမျိုး(YPI)

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ပါတီတစ်ခုလုံး၏ သက်ဆိုင်ရာကော်မတီဝင် အဆင့်ဆင့်များကို ပြန်လည်ရွေးချယ်မှုများ စတင်ပြုလုပ်နေပြီဟု ယင်းပါတီဗဟိုဌာနချုပ်မှ  သိရှိရသည်။

“ဒီလထဲမှာ လုပ်ခဲ့တဲ့ ပါတီရဲ့ဗဟိုအစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်သွားခြင်း ဖြစ်ပါတယ်”ဟု ယင်းပါတီဗဟိုဌာနချုပ်မှ အမည်မဖေါ်လိုသည့် တာဝန်ရှိသူတစ်ဦးက ပြောသည်။

မန္တလေးတိုင်း တိုင်းကော်မတီဝင် တဦးကလည်း “ပထမဆုံး ရပ်/ကျေး စည်းရုံးရေးမှူးတွေ ပြန်ရွေးရမယ်။ ပြီးတော့ မြို့နယ်/ခရိုင်/တိုင်းနှင့်ပြည်နယ် ကော်မတီဝင်တွေကို ပြန်ရွေးသွားမယ်လို့ ပါတီရဲ့ဗဟိုကော်မတီက ညွှန်ကြားချက် ထုတ်ထားတယ်” ဟု  YPI သို့ပြောသည်။


ယခုလို ရပ်/ကျေး စည်းရုံးရေးမှူးများ မှစတင်ကာ မြို့နယ် ခရိုင် တိုင်းနှင့် ပြည်နယ် စည်းရုံးရေး မှူးနှင့် အမှုဆောင်များ ရွေးချယ်ခြင်းကို လာမည့် မေလ ၂၅ ရက်နေ့မတိုင်မီ အပြီးပြုလုပ်မည်ဟုလည်း နေပြည်တော် ခရိုင်စည်းရုံးရေးမှူး တဦးကပြောသည်။

သို့ဖြစ်၍ ယင်းပါတီ၏ နိုင်ငံအ၀န်းရှိ မြို့နယ်အဆင့်၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်ရွေးချယ်ပွဲများကို မေလ(၂၅)ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ နေပြည်တော်ခရိုင် အတွင်းရေးမှူး ဦးဇော်အောင်က ပြောသည်။


“ရပ်/ကျေးစည်းရုံးရေးမှူးတွေ ပြန်ရွေးတဲ့နေရာမှာ ပါတီရဲ့ အမာခံပုဂ္ဂိုလ်တွေကို ဦးစားပေးရွေးချယ် ပြုလုပ်နေတယ်” ဟု မန္တလေးမြို့နေ ရပ်ကွက် စည်းရုံးရေးမှူး ဦးသန်းဝင်းက ရှင်းပြသည်။


ပြည်ခိုင်ဖြိုးပါတီသည် တစ်နိုင်ငံလုံးတွင် တိုင်းနှင့်ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးများ ဖွင့်လှစ်ထားရှိ သော်လည်း ရပ်ကွက်/ကျေးရွာအဆင့် ပါတီရုံးများဖွင့်လှစ်ထားရှိခြင်း အနည်းငယ်သာရှိသည့်အတွက် ယင်းပါတီ၏ ရပ်/ကျေးစည်းရုံးရေးမှူးများ ပြန်လည်ရွေးချယ်ပြီးပါက ဒေသအသီးသီးတွင် ရပ်/ကျေး ရုံးများ ဖွင့်လှစ်လာနိုင်ကြောင်း ယင်းပါတီဝင်များထံမှ သိရသည်။


“ဒီတစ်ခေါက်မြို့နယ်ကော်မတီဝင်တွေကို အောက်ခြေပါတီဝင်တွေက ဆန္ဒပေးပြီးရွေးသွားရမယ်လို့ သိထားတယ်”ဟု အဆိုပါ ပါတီ၏ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်မှ ပါတီဝင်တစ်ဦးကပြောသည်။

အဆိုပါ ရပ်/ကျေးစည်းရုံးရေးမှူးများနှင့် မြို့နယ်ကော်မတီဝင် ပြန်လည်ရွေးချယ်တင်မြှောက်ရန် အတွက် ပါတီ၏ အမာခံအင်အားစာရင်းနှင့် ပါတီဝင်အင်အားစာရင်းများကို ပြန်လည်ပြုစု ပြင်ဆင်ပြီး ဖြစ်ကြောင်း မန္တလေးခရိုင်အတွင်းရှိ မြို့နယ်ကော်မတီဝင်များထံမှ သိရှိရသည်။

ပြည်ခိုင်ဖြိုးပါတီ၏ ယခုလုပ်ဆောင်မှုအပေါ်  အမျိုးသားဒီမိုကရေစီပါတီ ဒုဥက္ကဋ္ဌ ဦးစိုးဝင်းက “ပါတီကြီးတစ်ခုအနေနဲ့ ၂၀၁၅ ခုနှစ်အတွက် အခုကတည်းက ကြိုတင်ပြင်ဆင်တယ်လို့ မြင်ပါတယ်” ဟု သုံးသပ်ပြောကြားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ၂၀၁၀ ခုနှစ်၊ ပြည်လုံးကျွတ်ရွေးကောက်ပွဲ၌ သက်ဆိုင်ရာ လွှတ်တော်အသီးသီးတွင် နေရာအများစုအနိုင်ရရှိခဲ့သော်လည်း ၂၀၁၂ ခုနှစ်၊ ကြားဖြတ် ရွေးကောက်ပွဲတွင်မူ လစ်လပ်မဲဆန္ဒနယ်မြေ (၄၅) နေရာယှဉ်ပြိုင်သည့်အနက် တစ်နေရာတည်းသာ အနိုင်ရရှိခဲ့သည်။
ယင်းသို့ နေရာ အများစုရှုံးနိမ့်ပြီး တလကျော်အကြာတွင် ပါတီ၏ ကော်မတီအဆင့်ဆင့်ရွေးချယ်ပြင်ဆင်မှုများကို ယခုလို  ပြုလုပ်လာခြင်းဖြစ်သည်။

သမ္မတဦးသိန်းစိန်က မေလ ၁၁ ရက်နေ့ သမ္မတရုံး၌ ပြောကြားသည့် မိန့်ခွန်းတွင် “ကြားဖြတ်ရွေးကောက်ပွဲ အတွေ့အကြုံအရ ဒီနေ့ပြည်သူတွေရဲ့ ဆန္ဒက အပြောင်းအလဲကို လိုချင်ပြီး ကျွန်တော်တို့ အစိုးရရဲ့ အောက်ခြေရပ်ကွက် ကျေးရွာ အဆင့်မှ မြို့နယ် တိုင်းဒေသကြီး/ပြည်နယ် မှ ပြည်ထောင်စုအဆင့်ထိ ရှေးယခင် လုပ်ငန်းလုပ်ဟန်တွေကို မကြိုက်တော့ဘူးဆိုတဲ့အနေအထားကို ပြသခဲ့ခြင်း ဖြစ်ပါတယ်” ဟုပြောဆိုသွားသည်။       ။
Yangon Press International
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger