ပုဂံဂေါက်ကွင်းကို ပုဂ္ဂလိကသို့ လွှဲပြောင်းပြီးနောက် နိုင်ငံတကာအဆင့်မီဖြစ်လာစေရန် ဆောင်ရွက်သွားမည်

Sunday, May 13, 20120 မှတ်ချက်များ


ဂေါက်ကွင်းကို အကြီးစား ပြန်လည် ပြင်ဆင်မှုများပြုလုပ်ရန် ဆောင်ရွက်နေကြစဉ်။
ဓာတ်ပုံ - ယုယုမော်

ပုဂံမြို့ညောင်ဦးမြို့နယ်ရှိ ပုဂံဂေါက်ကွင်းကို Amazing Holiday Hotels and Resort Co., Ltd. က မေလ ၁ ရက်နေ့ မှ စတင်လွှဲပြောင်း ယူပြီးသည့်နောက် နိုင်ငံတကာအဆင့်မီ ဂေါက်ကွင်းဖြစ် လာစေရန် အကြီးစား ပြန်လည်ပြင်ဆင်မှု များပြုလုပ်လျက်ရှိသည်ဟု အဆိုပါ ကုမ္ပဏီမှ ဥက္ကဋ္ဌ ဦးအောင်မျိုးမင်းဒင်က မြန်မာတိုင်း(မ်)ကို ပြောကြားသည်။

ထိုကဲ့သို့ ပြန်လည်မွမ်းမံမှုများပြုလုပ်ရာတွင် ကမ္ဘာ့ဂေါက်သီးရိုက် ကစား သမား Mr Gabriel Hjertstedt နှင့် အမေရိကန်ကစားမား Mr TC Swartz တို့ကို ဖိတ်ခေါ်၍ နိုင်ငံတကာအဆင့်မီ ကွင်းဖြစ်စေရန် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု သူက ဆိုသည်။

'သူတို့ရဲ့နိုင်ငံတကာ ဂေါက်ကွင်း အတွေ့အကြုံတွေနဲ့ နည်းပညာတွေ ပေါင်းစပ်ပြီး ကွင်းကြီးကို အကောင်းဆုံး ဖြစ်လာအောင် ပြင်ဆင် သွားမယ်။ အခုဆိုရင် ကွင်းကြီးတစ်ခုလုံး မြက်တွေ ဘန်ကာတွေ အကုန်လုံးပြန်ပြင်ရမယ်။ သူတို့ ကိုယ်တိုင်ကျွန်တော်တို့နဲ့ ကွင်းဆင်းပြီး လိုအပ်တဲ့ဟာတွေကို တိုင်းတာတွက်ချက်ခဲ့တယ်"ဟု ၎င်းက ပြောကြားသည်။

အဆိုပါ ဂေါက်ကွင်းသည် ၁၈ ကျင်း ပါဝင်ပြီး ၂၀၈ဧက အကျယ်အ၀န်း ရှိသည်။

ဂေါက်ကွင်းကြီးသည် နှစ်နှစ် အတွင်း နိုင်ငံတကာ အဆင့်မီ ဂေါက်ကွင်း တစ်ခုဖြစ်လာနိုင်သည်ဟု Mr Gabriel က သုံးသပ် ပြောသည်။

ထို့ပြင် အမေရိကန်ကစားသမား Mr TC ကလည်း "ဒါဟာ အလွန်သေချာတဲ့ သုံးသပ်မှုတစ်ခုပါ။ အလှစိုက် အုန်းပင်တွေနဲ့ အဖြူရောင်မြက်တွေ ကွင်းထဲမှာ ရှိနေတာ အရမ်းကောင်းတဲ့အချက်ပဲ။မြက်ပင်တွေကိုတော့ ပြန်စိုက်ရမယ် ဂေါက်ကွင်း တစ်ခုမှာ မြက်ပင်အမျိုး အစားကောင်းကောင်း စိုက်ပျိုးထိန်းသိမ်းနိုင်ဖို့လိုတယ်။ "အခုလည်း ကျွန်တော်တို့အဲဒီ အပိုင်းမှာ ကျွမ်းကျင်တဲ့ သူတွေနဲ့ ဆွေးနွေးဖို့ရှိတယ်" ဟု ပြောသည်။

ပုဂံဂေါက်ကွင်းကို ရှေးဟောင်းစေတီ ပုထိုးများဝန်ရံလျက်ရှိပြီး ဂေါက်ရိုက် ကစားသမားများမှာ စေတီပုထိုးများ ကြားဂေါက်ရိုက် ကစားနေရသကဲ့သို့ ခံစားရမည်ဖြစ်သည်။

"ပုဂံဂေါက်ကွင်းရဲ့ ထူးခြားချက်က စေတီပုထိုးတွေကြားမှာ ဂေါက်ရိုက်ရတဲ့ အရသာပဲ။ ဒီလိုခံစားမှုမျိုးက ဘယ်မှာမှ မရနိုင်ဘူး။ ရေခံမြေခံကောင်းတဲ့ အပြင်အခုလို ပုဂ္ဂလိကကို လွှဲပြောင်း လိုက်တော့ နိုင်ငံတကာအဆင့်မီ ကွင်း ဖြစ်လာမယ်လို့ထင်ပါတယ်" ဟု ဂေါက်သီးကစားသမား ဦးဝင်းမြင့်က ဆိုသည်။

ပုဂံဂေါက်ကွင်းကို လယ်ယာနှင့် ဆည်မြောင်းဝန်ကြီးဌာနက နှစ် ၆၀ ငှားရမ်းမှုဖြင့် လွှဲပြောင်းရယူပြီးသည့် နောက် ယခုနှစ် အောက်တိုဘာလတွင် ရွှေဘောလုံးဆု ပြည် တွင်းဖိတ်ခေါ် ပြိုင် ပွဲကိုကျင်းပသွားမည်ဖြစ်သည်။

ထို့ပြင် နိုင်ငံတကာ ဖိတ်ခေါ်ပြိုင်ပွဲ များလည်း လက်ခံ ကျင်းပသွားမည်ဟု ဂေါက်ကွင်း တာဝန်ခံ ဦးအောင်မြင့်က ပြောသည်။

"မြန်မာနိုင်ငံဂေါက်သီးရိုက်အဖွဲ့ချုပ် နဲ့ ပူးပေါင်းပြီး ပြည်တွင်း ဖိတ်ခေါ်ပြိုင်ပွဲတွေ နှစ်စဉ်လုပ်သွား မယ်။ အခုမေလအတွင်းမှာလည်း အနီး တစ်ဝိုက်မြို့က လူတွေကို ဖိတ်ခေါ်ပြီး ပြိုင်ပွဲလုပ်ပေးပါဦးမယ်"ဟု ၎င်းက ဆိုသည်။

၁၉၉၆ ခုနှစ်တွင် ပုဂံဂေါက်ကွင်းကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနက စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၉၈ ခုနှစ်၊ မတ်လ ၅ ရက်နေ့မှ ၈ ရက်နေ့ အထိ APGA နိုင်ငံတကာ ဖိတ်ခေါ်ပြိုင်ပွဲ ကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲ တွင် နိုင်ငံတကာမှ ဂေါက်သီးရိုက်ကစားသမား အယောက် ၁၀၀ ပါဝင်ယှဉ်ပြိုင် ခဲ့သည်။

ထို့ပြင် ပြည်တွင်းပတ်လည် ဖိတ်ခေါ်ပြိုင်ပွဲနှင့် ဌာနဆိုင်ရာ ပြိုင်ပွဲများကိုလည်း ၂၀၀၉ ခုနှစ် အထိ ကျင်းပခဲ့သည်။

"လယ်ဆည် လက်ထက်မှာ ကွင်းကြီးကို အထိုက်အလျှောက် ပြင်ဆင်မှုတွေကို ပြုလုပ်ခဲ့ပါတယ်။ အဲဒီတုန်းက ဌာနဆိုင်ရာပြိုင်ပွဲတွေ အတွက်ကို အဓိကထားလုပ်ခဲ့ပေမယ့် အခု ပုဂ္ဂလိကကျတော့ နိုင်ငံတကာ ပြိုင်ပွဲတွေနဲ့ ပုဂံကို လာရောက်အပန်းဖြေမယ့် နိုင်ငံခြားသား ဧည့်သည်တွေအပြင် ဂေါက်သီးရိုက် ကစားသမားတွေ အတွက် အဓိကထား ပြင်ဆင်မွမ်းမံနေ ပါတယ်"ဟုအဆိုပါ ကွင်းတွင် လုပ်သက် ၁၃ နှစ် အတွေ့ အကြုံရှိသည့် တာဝန်ခံ ဦးအောင်မြင့်က သုံးသပ် ပြောကြားသည်။

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger