နှစ်ကုန်ပိုင်းတွင် ထားဝယ်ချောင်အမှိုက်မီးရှို့စက်မှ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရန် ရည်ရွယ်

Wednesday, May 30, 20120 မှတ်ချက်များ

ရန်ကုန်တိုင်းဒေသကြီးမှထွက်ရှိသော စွန့်ပစ်အမှိုက်များအတွက် မီးရှို့စက်တည်ဆောက်ကာ လျှပ်စစ်ဓာတ်အား ထုတ်လုပ် သွား မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနက သိရသည်။

“ကုမ္ပဏီတစ်ခုရဲ့ အထောက်အပံ့နဲ့ စွန့်ပစ်အမှိုက်တန် (၆၀၀)လောက်ကို မီးရှို့စက်နဲ့ ရှို့မယ်။ ထွက်လာတဲ့ အပူကို လျှပ်စစ်ဓာတ်အား အဖြစ် မီးထွန်းမယ်။ အကောင်အထည်ဖော်ဖို့ပဲ ကျန်တော့တယ်။ ညှိနိုင်းပြီးပြီ၊ ဒီနှစ်အကုန်လောက်မှာ စတင်နိုင်မယ် ထင်ပါတယ်” ဟုရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှူး ဦးသန်းလွင်ဦးက ပြောသည်။

အဆိုပါ စွန့်ပစ်အမှိုက်မီးရှို့စက်တည်ဆောက်မည့် မြေနေရာအား ထားဝယ်ချောင်တွင် သတ်မှတ်ထားပြီး၊ တစ်နေ့လျှင် အမှိုက်တန် (၆၀၀)မီးရှို့ကာ လျှပ်စစ်ဓာတ်အား ပမာဏ ၄ ဒသမ ၅ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

“အဲလိုဆောက်တာတော့ ကောင်းပါတယ်။ မီးရှို့စက်ဆိုတော့ ညှော်နံ့တွေအတွက်ရော၊ ဘယ်လို ဆောင်ရွက် ထားလဲ၊ ထွက်လာတဲ့ လျှပ်စစ်ကရော ဘယ်မှာ အသုံးချမှာလဲဆိုတာမျိုးတွေကို ရှင်းပြသင့်တယ်။ ထွက်လာတဲ့ အနံ့ကြောင့် ပတ်ဝန်းကျင်အတွက်လည်း စီစဉ်သင့်တယ်”ဟု ဒဂုံမြို့သစ်မြောက်ပိုင်း (၄၉) ရပ်ကွက်မှ ဒေသခံ တစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၌ တစ်နေ့လျှင် အမှိုက်တန်ချိန် (၁၇၀၀)တန် ပျမ်းမျှထွက်ရှိပြီး စည်ပင်သာယာရှိ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ တစ်နေ့လျှင် အမှိုက် (၁၅၈၀) တန်ချိန်သာ သိမ်းဆည်း နိုင်သေးကြောင်းကိုလည်း သိရှိရသည်။

မီးရှို့စက်တွင် လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်ရန်အတွက် အမှိုက်ခြောက်များထဲမှ ပါဝင်သော မီးလောင်ကျွမ်းစေ နိုင်သည့် (ဥပမာ- စက္ကူ၊ ပလတ်စတစ်) စွန့်ပစ်ပစ္စည်းများအား အမှိုက်စိုများထဲတွင် တည့်သွင်းကာ မီးရှို့သွား မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ရန်ကုန်တိုင်း ဒေသကြီးတွင်း အမှိုက် သိမ်း ယာဉ် (၂၈၉) စီး၊ အမှိုက်များစွန့်ပစ်ရန်အတွက် အမှိုက်ကန်ပေါင်း (၉၀၀) ကျော်ရှိ ပြီး အမှိုက်စွန့်ပစ်သူများအနေဖြင့် အမှိုက်များအား အစို/ အခြောက် နှစ်မျိုးခွဲခြားပစ်ရန် သတ်မှတ်ထားကြောင်း သိရ သည်။
အောင်ကိုကိုလတ် (မြစ်မခ)
by Myit Makha Mediagroup
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger