ဒီပဲယင်း နှစ်ပတ်လည်နေ့ အလှူဒါန မန္တလေးအန်အယ်လ်ဒီတွေ ပြုလုပ်

Thursday, May 31, 20120 မှတ်ချက်များ

ဒီနေ့ကျရောက်တဲ့ မေ ၃၀ ဒီပဲယင်း နှစ်ပတ်လည်နေ့အခမ်းအနားကို မန္တလေးအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကနေ ဦးစီး ကျင်းပပြီး အဲဒီနေ့က အသက်သေဆုံးခဲ့ရသူတွေရဲ့မိသားစုဝင်တွေကို ငွေကြေးထောက်ပံ့ခဲ့တယ်လို့သိရပါတယ်။

ဒီအခမ်းအနားကို ဘုရားကြီးတောင်ထီးလင်းတိုက်ကျောင်းမှာ ဒီနေ့မနက်ကကျင်းပရာအခါတိုင်းနှစ်ထက်စာရင်ပိုပြီးလွတ်လပ်မှုရှိခဲ့ကြောင်း တိုင်းစည်းရုံးရေးအဖွဲ့ဝင် ဦးမျိုးနိုင်က ပြောပြပါတယ် ။

"ဒီနှစ်ကတော့ အခါတိုင်းနှစ်ထက်စာရင်ပိုပြီး အနေအထားပိုပွင့်တာပေါ့ အခါတိုင်းကကျနော်တို့ဒီပဲယင်းအခမ်းအနားကျင်းပမယ်ဆိုရင် ကျောင်းတိုက်တွေဘာတွေမှာ နီးစပ်ရာမြို့နယ်တွေ အဖွဲ့ဝင်တွေ ကို အကြောင်းကြားလို့ရတယ်။ ဒီနှစ်တော့ ကျနော်တို့ ကြိုပြီးတော့ တောင်ထီးလင်းတိုက်မှာ ပြုလုပ်မယ်ဆိုတာ ကြိုပြီးတော့ အကြောင်းကြားထားတယ် အဲဒီအတွက်လဲ အခါတိုင်းနှစ်တွေမှာ အနှောက်အယှက်အတားအဆီးတွေရှိတယ် ဒီနှစ်ကတော့ အဲလိုမရှိဘူး လွတ်လွတ်လပ်လပ်ပဲ ဆွမ်းကပ်ခွင့်ရှိတယ်။"

အခမ်းအနားကို လူဦးရေ ၁၅၀ လောက်တက်ရောက်တယ်လို့သိရပြီး ၂၀၀၃ ခုနှစ်မေလကဒီပဲယင်းအနီးကြည်ရွာမှာအကြမ်းဖက်တိုက်ခိုက်ခံရလို့ ကျဆုံးသွားတဲ့ မန္တလေးက ဦးတင်မောင်ဦး၊ ကိုသိန်းတိုးအေးနဲ့ ကိုစန်းမြင် ဆိုတဲ့အင်န်အယ်လ်ဒီအဖွဲ့ဝင်၃ဦးရဲ့မိသားစုဝင်တွေကို ထောက်ပံ့ကြေးငွေ ပေးအပ်တဲ့အကြောင်း သူက ဆက်ပြောပါတယ်။

"ကျနော်တို့ ဘုန်းကြီးကျောင်းမှာ သံဃာတော်တွေကို အာရုံဆွမ်းကပ်ပြီးတဲ့အခါမှာ ဒီပဲယင်းမှာ ကျဆုံးသွားတဲ့မန္တလေးတိုင်းက မြို့နယ်တွေက အဖွဲ့ဝင်တွေရှိပါတယ်။ အနောက်တောင်မြို့နယ်က ဦးတင်မောင်ဦး ရှိပါတယ်။ နောက်ပြီးတော့ အနောက်တောင်ကပဲ ကိုသိန်းတိုးအေးရယ်၊ အနောက်မြောက်က ကိုစန်းမြင့် ဆိုတဲ့ အဲဒီ ၃ဦး အတွက်ကို တစ်ဦးကို ၁၂၀,၀၀၀ စီပေါ့ အဲဒီမိသားစုကို ထောက်ပံ့ခဲ့ပါတယ်"

ဒီပဲယင်းမှာ အကြမ်းဖက်တိုက်ခိုက်ခံရလို့ သေဆုံးသူနဲ့ ဒဏ်ရာရသူ အများပြားရှိခဲ့ပြီဖြစ်ပြီး၊ အဲဒီအရေးခင်းနဲ့ပတ်သက်လို့ ၉ နှစ်ပြည့်လာခဲ့ပေမဲ့ အာဏာပိုင်တွေဘက်က အခုထိ တစုံတရာ ဖြေရှင်းပေးတာမရှိသေးဘူးလို့သိရပါတယ်။


RFA-Burmese
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger