သီလဝါအထူးဇုန်နှင့် ရေနက်ဆိပ်ကမ်း လာမည့်နှစ်တွင် အကောင်အထည်ဖော်ရန် စီစဉ်

Wednesday, April 18, 20120 မှတ်ချက်များ

ရန်ကုန်၊
သီလဝါ အထူးစီးပွားရေးဇုန်နှင့် ရန်ကုန်ရေနက်ဆိပ်ကမ်းစီမံကိန်းအား လာမည့်နှစ်တွင် စတင်အကောင်အထည် ဖော်နိုင်တော့မည်ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော် မရှင်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် တစ်ဦးက ပြောသည်။
လက်ရှိအချိန်၌ စီမံကိန်းများ လုပ်ဆောင်နိုင်ရန် အသေးစိတ် လေ့လာမှုကို ပြုလုပ်နေဆဲအဆင့်တွင်သာ ရှိနေသေးကြောင်း အထက်ပါပုဂ္ဂိုလ်က ဆက်လက် ပြောသည်။
ရန်ကုန် ကုန်သည်/စက်မှု အသင်းချုပ်မှ အဆင့်မြင့်ပုဂ္ဂိုလ် တစ်ဦးက”လုံလောက်တဲ့ အချိန်တစ်ခု ယူသင့်တာက အမှန်ပဲ၊ ကတိုက်ကရိုက် ထလုပ်လို့ရှိရင် မလိုလားအပ်တဲ့ လိုအပ်မှုတွေရှိ သွားနိုင်တာကြောင့်ပါ။ ဒါပေမဲ့ အချိန်ယူတာ များသွားရင်လည်း သိပ်အဆင်မပြေနိုင်ဘူး။ ချိန်ညှိပြီး လုပ်စေချင်တယ်” ဟု သူ့ အမြင်ကို ပြောသည်။
၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ မှစ၍ အထူးစီးပွားရေးဇုန် ဥပဒေအား စတင်ပြဋ္ဌာန်းခဲ့ပြီးနောက် ထားဝယ်၊ ကျောက်ဖြူနှင့် သီလဝါ အထူးစီးပွားဇုန်တို့အား ဖော်ထုတ်လျက်ရှိပြီး ဇုန်တစ်ခုချင်းအလိုက် ဥပဒေများရေးဆွဲနေကြောင်းလည်း ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှသိရသည်။
”အခု သီလဝါကို ပို့ဆောင် ရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဦးဆောင်ပြီး ရေးဆွဲနေတယ်။ ဒီလို ပဲ တစ်ဖက်က သဘာဝပတ်ဝန်း ကျင်နဲ့ လူမှုစီးပွားရေး အပါအဝင် လုပ်ငန်းစဉ်တွေ ဆောင်ရွက်နိုင်ဖို့ ဂျပန်ကုမ္ပဏီတစ်ခုကိုလည်း ငှားရမ်း ထားပြီးတဲ့အတွက် သူတို့တွေ အခု လေ့လာဆန်းစစ်မှုတွေ ဆောင်ရွက် နေပြီ။ ရလာတဲ့အဖြေပေါ် မူတည် ပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ဆက်လက်ဆောင်ရွက်သွားမယ်” ဟု ပြောသည်။
သီလဝါ စီးပွားရေးဇုန်၌ လာ ရောက်ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်ရန် အတွက် ပြည်ပနိုင်ငံသားများအား တရားဝင်ဖိတ်ခေါ်မှု မပြုလုပ်ရသေး သော်လည်း တရုတ်၊ ကိုရီးယား၊ ဂျပန်၊ စင်ကာပူ အစရှိသော နိုင်ငံ တကာ ကုမ္ပဏီများမှ လာရောက် ဆွေးနွေးမှုများ ပြုလုပ်နေကြကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်  မှ သိရသည်။
ပြည်ပနိုင်ငံများ ပြည်တွင်း ကုမ္ပဏီများ အစရှိသည်ဖြင့် ပိုင်းခြားကာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သွားနိုင်ရန် လုပ်ငန်းအလိုက် မြေနေရာများ သတ်မှတ်ပေးရန်ရှိပြီး သဘာဝ ပတ်ဝန်းကျင်အား ထိခိုက်မှုမရှိစေသည့် လုပ်ငန်းအမျိုးအစားနှင့် လုပ်သားအင်အားများစွာ အလုပ်လုပ်ကိုင်နိုင်သော လုပ်ငန်း အမျိုးအစားများကို ဦးစားပေးသွားမည်ဟု သိရသည်။
၂ဝ၁၁ ခုနှစ် နှစ်ကုန်ပိုင်းအတွင်းက ကျေးရွာ၊ လူနေအိမ်များအား ဖယ်ရှားခြင်းမပြုဘဲ လူမှုစီးပွားရေးအား ထိခိုက်မှုမရှိစေသော လွတ်ကင်းသည့် နေရာ၌ သာ ဖော်ဆောင် သွားမည့် အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းအား သီလဝါ၌ ဆောင်ရွက်သွားမည်ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ တရားဝင် ထုတ်ဖော် ကြေညာခဲ့သည်။
မင်းသုအောင် 
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger