NLD ကူခဲ့သူ သားအဖ နှစ်ဦး ၅ (ဃ)ဖြင့် တရားစွဲခံနေရ

Friday, June 29, 20120 မှတ်ချက်များ


ကြားဖြတ် ရွေးကောက် ပွဲတွင် အမျိုးသား ဒီမိုက ရေစီ အဖွဲ့ချုပ် NLD အောင်နိုင် ရေးအတွက် အကူအညီ ပေးခဲ့သူ ဒက္ခိဏ သီရိမြို့နယ်မှ သားအဖ နှစ်ဦးအား “ရပ်ရွာထိတ်လန့်၊ ခြောက်ခြားရန် လုပ်ဆောင်သည်” ဟု ဆိုကာ အရေးပေါ်စီမံချက် ဥပဒေ ပုဒ်မ ၅(ဃ) ဖြင့် တရားစွဲဆိုထားသည်။

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ ရွှေခဲအင်းကျေးရွာသား ဦးစံအေးနှင့် သားဖြစ်သူ ကိုနေခြည်ဦး တို့သည်
ရွေးကောက်ပွဲ ကာလအတွင်း အသံချဲ့စက် အသုံးပြုခဲ့ခြင်းနှင့် ပတ်သက်၍ ၎င်းတို့အား မေလ ၁၁ ရက်နေ့တွင် ရာအိမ်မှူးမှ တရားလိုပြု၍ ရဲစခန်းတွင် တိုင်ချက်ဖွင့် စွဲဆိုခဲ့ခြင်း ဖြစ်သည်။

ကျေးရွာလူထုအနေဖြင့် ရပ်ရွာ သာရေး၊ နာရေးနှင့် အခြားကိစ္စရပ်များတွင် အသံချဲ့စက် အသုံးပြုလေ့ရှိသည့် ကျေးရွာ တရွာဖြစ်ပြီး ရပ်ရွာအတွင်း အမှန်တကယ် ထိန့်လန့်ခြင်း မရှိဘဲ သားအဖ နှစ်ဦးအား အငြိုးအတေးဖြင့် တရားစွဲဆိုခံ
နေရကြောင်း ဒက္ခိဏသီရိမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံလင်း က ပြောသည်။

“ဥပဒေဆိုတာ အငြိုးတွေ၊ အာဃာသတွေကို အကောင်အထည်ဖော်ဖို့ အခွင့်အလမ်း ပေးထားတဲ့အရာ မဟုတ်ဘူး။ လူထုကို အကာအကွယ်ပေးရတာပဲ ဖြစ်ရမယ်။ ဥပဒေကို အလွဲသုံးစား လုပ်ပြီးတော့ ကိုယ်မကျေနပ်တဲ့သူကို တရားစွဲတာ အဓိပ္ပါယ်မရှိဘူး။ ဒီလိုမျိုးလုပ်တယ်ဆိုတာ တိုင်းပြည်ဖွံ့ဖြိုးလာဖို့ မဟုတ်ဘူး” ဟု မဇ္ဈိမကို ပြောသည်။

သက်ကြီးရွယ်အိုများနှင့် ကျောင်းသား၊ ကျောင်းသူများအား အကူအညီပေးရန် အသံချဲ့စက် အသုံးပြု၍ စာရင်း
တောင်းခံခဲ့သည့် ကိုစံအေးတို့ သားအဖအား ဇွန်လ ၁၄ ရက်တွင် ထိုမြို့နယ်တရားရုံးမှ စတင်စစ်ဆေး ကြားနာခဲ့သည်။

ပုဒ်မအရ အာမခံ မရဘဲ ရက်ပေါင်း ၄ဝ ကျော် ချုပ်နှောင်ခံထားရာမှ ဇွန် ၂၇ ရက်နေ့တွင် ဒုတိယ အကြိမ်အဖြစ် မြို့နယ်တရားသူကြီး ဦးမြသိန်းမှ စစ်ဆေးကြားနာခဲ့သည်။

တရားလိုပြ သက်သေများ ခိုင်မာခြင်းမရှိဘဲ တရားစွဲသူမှာလည်း တခြားရွာမှ ရာအိမ်မှူးဖြစ်ကြောင်း ဦးစံအေးတို့ဘက်မှ လိုက်ပါဆောင်ရွက်နေသူ တရားလွှတ်တော် ရှေ့နေ ဒေါ်စန်းစန်းမြင့် က ပြောသည်။  

“အဓိပ္ပါယ်ကတော့ ကျေးရွာလူထုကို အထိတ်တလန့် ဖြစ်စေအောင်လို့ အသံချဲ့စက်နဲ့ အော်တာပေါ့။ ဒီဥပဒေနဲ့ စွဲတာကတော့ မတရားဘူး။ တရားလိုပြ သက်သေ နှစ်ယောက်က တရားလိုကို ထောက်ခံပြီး ထွက်ဆို မသွားတာ
တွေ့ရပါတယ်။ ဥပဒေ စကားအရ Hear Say (တဆင့်ကြား ပြော)ပဲ။ အခုလိုပုံစံမျိုးက စွဲချက်တင်ဖို့တောင် ခက်ပါတယ်။ တရားသူကြီးက Fair (မျှတ) ဖြစ်ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

အဆိုပါပုဒ်မ ၅ (ဃ)သည် ပြစ်ဒဏ်ကျခံရမည်ဆိုပါက ထောင်ဒဏ် ၇ နှစ်ဖြစ်ပြီး အာမခံ မပေးသည့် ပုဒ်မ အမျိုးအစား
ဖြစ်ကာ ရွည်ရွယ်ချက်ရှိရှိ စွဲဆိုတာဖြစ်ကြောင်း “ထူးခြားတာက NLD အဖွဲ့ဝင်တွေကို ထိတ်လန့်သွားအောင် လုပ်ငန်း
တွေ နောက်ဆုတ်သွားအောင်၊ ရှေ့တိုးပြီး မလုပ်ရဲအောင်၊ ဟန့်တားချင်တဲ့ အပြုအမူလို့ ကျမက မြင်တယ်။ ပုဒ်မက အာမခံမပေးတဲ့၊ ပြစ်ဒဏ်မြှင့်တဲ့ ပုဒ်မ မျိုး တပ်ထားတာ။ အစိုးရတာဝန်ရှိသူတယောက်က ဖွင့်တဲ့အမှု ဖြစ်နေတယ်” ဟု ရှေ့နေကြီး ဒေါ်စန်းစန်းမြင့် က ဆိုသည်။

အမှုအား တတိယ ရုံးချိန်အဖြစ် ဇူလိုင်လ ၅ ရက်နေ့တွင် ကြားနာရန် ထပ်မံဆင့်ခေါ်ထားကြောင်း သိရသည်။

နေမျိုး - နယူးဒေလီ (မဇ္ဈိမ)

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger