ကမ္ဘာကျော် သိမ်းမြစ်ကမ်းက ဇာဂနာ ဆွေးနွေးပွဲ

Friday, June 29, 20120 မှတ်ချက်များ


ဗြိတိန်နိုင်ငံ အခြေစိုက် PEN International အဖွဲ့ရဲ့ ဖိတ်ကြား ချက်အရ
ဗြိတိန် နိုင်ငံကို ခေတ္တရောက် ရှိနေတဲ့ လူရွှင်တော် ဒါရိုက်တာ ကိုဇာဂနာက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အကြောင်းကို ဒီကနေ့မနက်ပိုင်းမှာ လန်ဒန်မြို့ရှိ ကမ္ဘာကျော် သိမ်းမြစ်ကမ်းက Queen Elizabeth Hall ခန်းမမှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ပြောကြားသွားပါတယ်။

အဲဒီ ဆွေးနွေးပွဲမှာ သူ တင်ပြပြောဆိုခဲ့တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ကိုဇာဂနာက အခုလို ရှင်းပြပါတယ်။

"ကျနော့်အနေနဲ့လည်း မြန်မာနိုင်ငံမှာ Pen လို အဖွဲ့အစည်းမျိုး ရှိစေချင် တယ်။ အဲဒီအတွက်လည်း ကျနော် သူတို့ကို ထုတ်ဖော်ပြီးမေတ္တာ ရပ်ခံတယ်ပေါ့။ ကျနော် freedom of expression ကို လူပျက်လုပ်လာတဲ့ တလျှောက်လုံးမှာ ဒါကိုပဲ တောက်လျှောက်လုပ်လာတယ်။ ဒီအခွင့်အရေး တရပ်ကိုပဲ ဆိုက်လိုက်မတ်တပ် တောင်းဆိုလာတယ်။ အဲဒီအတွက်လည်း ကျနော် ဘဝကို ရင်းခဲ့တယ် ဆိုတော့ အခုချိန်ထိပဲ အဲဒီ freedom of expression ဆိုတာကိုပဲ ဦးတည်နေတယ်ဆိုတာကို ကျနော် သူ့တို့ရှေ့မှာ ပြောပြခဲ့တယ်ခင်ဗျ။"

သူ့ဟောပြောချက်တွေထဲက သူပထမဦးဆုံး ကဗျာစတင်ရေးဖွဲ့တုန်းက အကြောင်းတွေ ပြောပြတဲ့အခါမှာ လာရောက်နားထောင်တဲ့ ပရိသတ်တွေထဲက မျက်ရည်ကျတဲ့ သူတောင်ရှိတယ်လို့  ပြောပါတယ်။

"ကျနော် ကဗျာစရေးဖြစ်တဲ့ အချက်ကလေးကို သူတို့ကြိုက်သွားတယ်လို့ ထင်ပါတယ်။ အဲဒီချိန်တုန်းက ၁၉၈၈ ထောက်လှမ်းရေးတပ် (၆) ဝန်းထဲမှာ ကျနော် တော်တော်နှိပ်စက်ခံထားရလို့ လဲနေတဲ့အချိန်ပေါ့။ အဲဒီအချိန်မှာ ကျနော့်ရှေ့မှာ သံတံခါးတခုရှိတယ် ။ အဲဒီရှေ့မှာ သစ်သားတံခါးကြီးတခု ရှိတယ်။ အဲဒါကြီးကို ကျနော်မြင်နေရတယ်ဗျ။ ဒါပေမယ့် အဲဒီတံခါးကြီးက အမြဲပိတ်ထားတယ်။ ဒါပေမယ့် ထမင်းကျွေးမယ် ရေလာပေးမယ်ဆိုတဲ့ အချိန်ကျ အဲဒီတံခါးက ပွင့်တယ်ဗျ။ ဆိုတော့ ကျနော် စိတ်ကူးတခု
ရတယ်။ တံခါးက အမြဲမပိတ်ပါလား။ ဒီတခါးက တချိန်ကျရင် ပွင့်တယ် အဲဒီင်္တော့ တနေ့ကျရင် ငါလွတ်ရမယ်ဆိုတဲ့ အတွေးလေးရတယ်။ အဲဒီတုန်းက ကျူဖျာကြမ်းကြမ်းကြီးတွေ အပေါ်မှာ အိပ်ရတယ်။ အဲဒီကဗျာလေးက ကျနော့်ဘဝရဲ့ ပထမဦးဆုံး ကဗျာဘဲ ။ ကျနော့်ဘဝရဲ့ ပထမဦးဆုံးကဗျာကလည်း အဲဒီလို အကျဉ်းထဲ အကျပ်ထဲ တော်တော် စိတ်ပျက်စရာကောင်းတဲ့ ဘဝရောက်နေတုန်းမှာ ရလိုက်တော့ အဲဒီကဗျာ ရပုံရနည်းနဲ့ အဲဒီကဗျာ ရေးပုံရေးနည်းကို ပြောပြလိုက်တော့ တယောက်ဆို ငိုတယ်ဗျ။"

နိုင်ငံတကာPEN အဖွဲ့ကနေ မြန်မာနိုင်ငံမှာလည်း PEN အဖွဲ့ ဖို့နဲ့ ကမ္ဘာ့ အနုပညာရှင်တွေနဲ့ မြန်မာ့ အနုပညာရှင်တွေ ဖလှယ်နိုင်အောင် သူတို့ ကူညီမယ့်အကြောင်း ကမ်းလှမ်းတဲ့အတွက် အဲဒီကိစ္စကို ကြိုးပမ်းသွားမယ်လို့လည်း ဆိုပါတယ်။

" Pen ကတော့ အမေရိကားရောက်နေကတည်းက တောက်လျှောက် ကမ်းလှမ်းတယ်ခင်ဗျ။ ဗမာပြည်မှာလုပ်ပါ ။ ဘာလို့လဲဆိုတော့ ဒီဥစ္စာက ပိုက်ဆံကုန်တာမဟုတ်ဘူးဗျ။ ကျနော်တို့လူစုယုံပဲ ဆိုတော့ ကျနော်တို့ အချင်းချင်းကြားထဲမှာ မျှဝေပီးတော့ သဘောတူတဲ့လူတွေစုလိုက်တာ စုလိုက်တော့ အဖွဲ့လေးတခုဖြစ်သွားမယ်။ ဖြစ်သွားတဲ့အခါမှာ သူတို့ အနေနဲ့ကလည်း အနုပညာအရ ဆိုတော့ ဒီက စာရေးဆရာတွေ ကျနော်တို့ ဆီလာမယ်။ ကျနော်တို့ဆီက စာရေးဆရာတွေ လည်း သူတို့ ဆီပို့မယ် ဆိုတော့ မြန်မာ့အနုပညာလည်း ကမ္ဘာကသိမယ်။ ကမ္ဘာ့အနုပညာ လည်း မြန်မာက ရမယ်ဆိုတော့ အနုပညာချင်း ဖလှယ်ကြတဲ့သဘော သို့သော် ဘယ်လို အနုပညာလည်းဆိုတော့ လွတ်လပ်စွာရေးသားဖော်ပြ။ လွတ်လပ်စွာ ဖော်ထုတ်တင်ပြတဲ့ ဟာကို ပြည်သူတွေလည်း ချပြလို့ရမှာပေါ့။"

အခု ကျင်းပတဲ့ လွတ်လပ်စွာရေးသားဖော်ပြခွင့် ဆွေးနွေးပွဲ ကို နိုင်ငံတော်တော် များများက ကဗျာဆရာတွေ စာရေးဆရာတွေ သတင်းစာဆရာတွေနဲ့ မြန်မာနိုင်ငံသား စာပေ ဝါသနာရှင်တွေ အပါအဝင် လူ ၅၀ ကျော် တက်ရောက်တာကို တွေ့ရပါတယ်။

RFA Burmese
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger