ဦးအေးလွင်ကို ပါတီမှ ထုတ်ရန် ကော်မရှင်၏အမိန့်စာ ပါတီက လက်မခံ

Thursday, June 14, 20120 မှတ်ချက်များ


ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးလွင်အား နိုင်ငံရေး ပါတီဝင်များ မှတ်ပုံတင်ခြင်း ဥပဒေအရ ပါတီမှ ထုတ်ပယ်ရန် ရွေးကောက်ပွဲကော်မရှင်မှ အမိန့်စာထုတ်ဆင့်သော်လည်း ထုတ်ပယ်မည် မဟုတ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြော သည်။

ဗဟိုကော်မရှင်၏ အမိန့်စာတွင် ဦးအေးလွင်သည် ထောင်ကျသွားခြင်း၊ ပါတီ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၆ (ခ)အရ တရားဥပဒေ စိုးမိုး ရေး နှင့် ရပ်ရွာ အေးချမ်း သာယာရေးကို ချိုးဖောက်ခဲ့သဖြင့် ပါတီဝင်မှ ထုတ်ပယ်ရမည်ဟု ဇွန်လ ၁ဝ ရက်နေ့ အမိန့်စာတွင် ပါရှိသည်ဟု ဆိုသည်။

ဦးအေးလွင် အား ဝန်ထမ်းတာဝန်ဝတ္တရား နှောက်ယှက်မှုဖြင့် ချမှတ်ထားသော ပြစ်ဒဏ်အပေါ် ခုခံချေပခွင့် အယူခံနိုင်သေးသဖြင့် ၎င်း အား အပြစ်ရှိသည်ဟု သတ်မှတ်၍ မရကြောင်း တနလာင်္နေ့က နေပြည်တော် ရွေးကောက်ပွဲကော်မရှင်တို့ စာပို့ခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့တွင် သတင်း စာရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“နိုင်ငံသားတယောက်က ခုခံချေပခွင့် ရှိတဲ့အတွက်ကြောင့် ကျနော်တို့ ပါတီအနေနဲ့ သူ့ကို အပြစ်ရှိ တယ်လို့ မသတ် မှတ်ဘူး။ သူ့မှာ အယူခံ ချေပခွင့် ကာလက မပြီးဆုံးသေးဘူး။ အယူခံဝင်လို့ ရတဲ့ ကာလဖြစ်တယ်။ အဲဒီအချက်တွေကို မူတည်ပြီးတော့ စာပို့ထားတယ်” ဟု ၈၈ မျိုး ဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာ နိုင်ငံ)ပါတီမှ ဒု-ဥက္ကဋ္ဌ ဦး သန်းဦးက ပြောသည်။

ဦးသန်းဦးတို့ ပါတီနှင့် ဦးအေးလွင်တို့ ပါတီမှာ ညီနောင်ပါတီများ ဖြစ်ကြသည်။

သတင်းစာရှင်းလင်းပွဲသို့ ထိုနှစ်ပါတီ အပါအဝင် မြန်မာအမျိုးသားကွန်ဂရက်ပါတီ၊ မြန်မာ့လူ့ဘောင်သစ်ပါတီ ဥက္ကဋ္ဌများ၊ သြစတြေးလျ၊ တောင်ကိုးရီးယား၊ နီပေါနိုင်ငံများမှ သံမှူးများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ အပါအဝင် စုစုပေါင်း လူဦးရေ ၅ဝဝ ကျော် တက် ရောက် ခဲ့သည်ဟု ၈၈ မျိုးဆက်ပါတီမှ တွဲဘက် အတွင်းရေးမှူး ဦးအေးသွင် က ပြောသည်။

မေလ ၂၂ ရက်နေ့က ဦးအေးလွင်ကို ဝန်ထမ်းအား ဝတ္တရားနှောက်ယှက်မှုဖြင့် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် တရားရုံးက ထောင်ဒဏ် ၂ လ ချမှတ်ခံခဲ့ရာ ဇွန် ၁၄ ရက်နေ့တွင် မြောက်ပိုင်းခရိုင် တရားရုံး၌ အယူခံ လျှောက်လဲချက်ပေးမည်ဟု ဆိုသည်။

၂ဝ၁၁ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့က ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဆောက်ရွက်နေသော ရန်ကုန်-မန္တလေး ကားလမ်းပေါ်ရှိ အမှတ် ၃ လမ်း ဆုံ တိုးဂိတ်တွင် ဂိတ်ကြေး ၅,ဝဝဝ ကျပ် ပေးဆောင်ရန် ငြင်းဆန်ပြီး ဝန်ထမ်းများနှင့် အချင်းများရာမှ ဦးအေးလွင်ကို ဝန်ထမ်း ဝန်တ္တရား နှောက်ယှက်မှုဖြင့် တရားစွဲဆိုခဲ့သည်။

ယခင်က စစ်အစိုးရနှင့် ရင်းနှီးသူများ ဖြစ်သည်ဟု စွပ်စွဲခံရထားသော ဦးအေးလွင်နှင့် ညီဖြစ်သူ ဦးရဲထွန်းတို့၏ ပါတီများသည် ၂ဝ၁ဝ ရွေး ကောက် ပွဲတွင် ၈၅ နေရာ ဝင်ပြိုင်ခဲ့ရာ ဦးရဲထွန်း ဦးဆောင်သော ပါတီတခုတည်းသာ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် တနေရာ တွင်သာ အနိုင်ရခဲ့သည်။ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြန်လည် ဝင်ရောက် ယှဉ်ပြိုင်ခြင်း မရှိခဲ့ပေ။

 ဖနိဒါ
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger