ထိုင်းနိုင်ငံ
မဲဆောက်မြို့မှတဆင့် မယ်လဒုက္ခသည်စခန်းကို သွားရောက် လေ့လာခဲ့တဲ့
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒုက္ခသည်စခန်း ဘော်လုံးကွင်းတွင် စောင့်ဆိုင်းနေကြတဲ့
စခန်းတွင်း နေထိုင်သူ ဒုက္ခသည်များအား ၂၀၁၂ ဇွန်လ ၂ ရက်နေ့ မွန်းတည့် ၁၂
နာရီခန့်တွင် သွားရောက် နှုတ်ဆက်ခဲ့ပါတယ်။
လုံခြုံရေး အထူး တင်းကြပ်ထားတဲ့ ထို ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်က
ဒုက္ခသည်များအား ခေတ္တ နှုတ်ဆက်စကား ပြောကြားရာ “တိုင်းတပါးတွင် နေထိုင်နေတဲ့
မြန်မာတိုင်းရင်းသား အရေးကိစ္စကို ဘယ်တော့မှ မမေ့ပါဘူး“ လို့
ပြောသွားကြောင်း အေပီသတင်းတပုဒ်တွင် ဖော်ပြထားပါတယ်။
ထိုင်း မြန်မာနယ်စပ်ဒေသတွင် မြန်မာပြည်တွင်း စစ်ဘေးဒဏ်များကြောင့်
ထွက်ပြေးလာကြသူ မြန်မာတိုင်းရင်းသား အများအပြားဟာ ဒုက္ခသည်စခန်းများတွင်
နေထိုင်လျက် ရှိပါတယ်။ ထို ဒုက္ခသည်စခန်းများကို မြန်မာ စစ်အာဏာရှင်များက
သောင်းကျန်းသူများရဲ့ အခြေပြုစခန်းများလို့ သမုတ်ခဲ့ပြီး
မီးရှို့ဖျက်ဆီးမှုများလည်း ရှိခဲ့ပါတယ်။ ထိုင်း မြန်မာနယ်စပ်ရှိ
ဒုက္ခသည်စခန်းများအနက် မယ်လဒုက္ခသည်စခန်းတွင် မြန်မာတိုင်းရင်းသား
လေးသောင်းခွဲ မှီခိုနေထိုင်နေပါတယ်။.
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပနေတဲ့ အရှေ့အာရှဆိုင်ရာ ကမ္ဘာ့
စီးပွားရေး ညီလာခံ တက်ရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မဟာချိုင်ဒေသတွင်
နေထိုင်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားများနဲ့ တွေ့ဆုံခဲ့သလို
ရွှေ့ပြောင်းအလုပ်သမားများအရေးအတွက် ထိုင်း အာဏာပိုင်များနဲ့ ဆွေးနွေး
ဆောင်ရွက်ပေးခဲ့ပါတယ်။ ထိုသို့ ဆောင်ရွက်ပေးခဲ့ရာ မြန်မာ
ရွှေ့ပြောင်းအလုပ်သမားများအနေနဲ့ ထိုင်းနိုင်ငံသားများနည်းတူ လုပ်ခ ရရှိရေး၊
ဈေးနှုန်းသက်သာတဲ့ ကျန်းမာရေး စောင့်ရှောက်မှု ရရှိရေးကိစ္စများ
ဆောင်ရွက်ပေးမှာ ဖြစ်ကြောင်း ထိုင်း ဒု ၀န်ကြီးချုပ်က
ဒေါ်အောင်ဆန်းစုကြည်ကို ဂတိပေးခဲ့ပါတယ်။
ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားများနဲ့ ပတ်သက်ပြီး
ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မအနေနဲ့ ရိုးရိုးပဲ ပြောရရင် ကျွန်မတို့အနေနဲ့
သူတို့ရဲ့နေအိမ်တွေကို ပြန်လာနိုင်ဖို့အတွက် စီးပွားရေးဆိုင်ရာ
လုံခြုံမှုနဲ့ နိုင်ငံရေးအရ ငြိမ်းချမ်းရေး ရှိဖို့ ကျွန်မတို့နိုင်ငံရဲ့
အခြေအနေတွေ တိုးတက်အောင် ဆောင်ရွက်ပြီး သူတို့ ပြန်လာနိုင်အောင်
ကြိုးစားရပါမယ်။ တချိန်ထဲမှာပဲ သူတို့ရဲ့ ဒုက္ခသုက္ခတွေကို
မျှဝေခံစားရခြင်းဟာ ဒီကိစ္စတွေ အမြန်ဆုံး လုပ်ဆောင်ဖို့ သေချာအောင်
လုပ်ရပါမယ်၊“ လို့ ကမ္ဘာ့ စီးပွားရေးညီလာခံတွင် သတင်းထောက်များနဲ့
ပြောဆိုရာမှာ ထည့်သွင်း ပြောကြားသွားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြီး “တချိန်ထဲမှာပဲ သူတို့ ထိုင်းနိုင်ငံမှာ
နေထိုင်စဉ်ရတဲ့ အခြေအနေတွေ တိုးတက်လာဖို့ တတ်နိုင်သလောက်
လုပ်ဆောင်ပေးရပါမယ်။ သူတို့ဟာ ထိုင်းနိုင်ငံရဲ့ ဧည့်သည်တွေဖြစ်တဲ့ဆိုတာရယ်၊
သူတို့ရဲ့ မျှော်လင့်ချက်တွေ ရှင်သန်ဖို့ လိုက်လျောညီထွေရှိတဲ့
နေထိုင်မှုတွေ လုပ်ဖို့ဆိုတာကို သူတို့အနေနဲ့ သတိပြုရမှာပါ။ သူတို့ရဲ့
အခွင့်အလမ်းတွေကို ကာကွယ်ဖို့ကိုလည်း မမေ့လျော့ရပါဘူး“ လို့
ပြောသွားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်း မြန်မာနယ်စပ်ခရီးစဉ်အတွင်း
ထိုင်းနိုင်ငံရောက် မြန်မာတိုင်းရင်းသားများက မျှော်လင့်တကြီးနဲ့
အားတက်သရော စောင့်ကြိုနေခဲ့ကြရာ ဘယ်သူနဲ့မှ မတွေ့နိုင်ဘဲ
ပြန်သွားခဲ့တဲ့အတွက် ထိုင်းနိုင်ငံရောက် မြန်မာပြည်သူအများစုအနေနဲ့
စိတ်မကောင်းကြီးစွာ ၀မ်းနည်းပက်လက် ကျန်ခဲ့ကြရကြောင်း နယ်စပ်အခြေစိုက်
Karen Information Center အယ်ဒီတာ နန်းဖော့ဂေ က ယနေ့မြန်မာကို ပြောပြပါတယ်။
သတင်း - ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်း မြန်မာနယ်စပ် မယ်လ ဒုက္ခသည်စခန်း မဲဆောက် - Jun 2 2012 02:15 PM EST
မင့်လှိုင်၊ ဇွန် ၂ ရက်၊ ၂၀၁၂
Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။