၄၄ နှစ်ပြည့် မောင်မောင် ဆိုလေ ထီးရိုးရှည်အဖွဲ့ သံချပ်တွေနဲ့ဖျော်ဖြေခဲ့

Tuesday, May 15, 20120 မှတ်ချက်များ


စိတ္တသုခပရဟိတအဖွဲ့ဝင်လူငယ်တွေနဲ့အတူ အားပါးတရ ဖျော်ဖြေတင်ဆက်နေတဲ့ မောင်မောင်ဒီမိုအောင်ထွန်း။
ဓာတ်ပုံ - လွင်ကိုတိတ်
"မင်းဘယ်ပုံ ကရေစီမယ် မစီမယ် မသိပါမောင်ရာ ကမ္ဘာရွာမယ် မြန်မာ့ အထာ တကယ်စမတ်ကျအောင်လို့ အကြောင်းမှန်စွာနဲ့ အကောင်း ကြံကာလေ ဘောင်းဘီတွေတောင် ချွတ်ကြပါသဗျို့ သို့ကလိုကြောင့်မို့ အဆိုးတွေ ညောင်းလော့ ဒို့ပြည်ခေါင်းမော့၊ အိုးဝေ ဒေါင်းပေါ့ ဒေါင်း အိုးဝေ"အသံအောင်အောင်နဲ့ ဌာန်ကရိုဏ်းကျကျ ရွတ်ဆိုလိုက်တဲ့ ခွန်းတောက်သံ အဆုံးမှာ လက်ခုပ်သံတွေက ခန်းမကျယ်ကြီးထဲကနေ လျှံထွက်သွားပါတယ်။
ဒီပွဲကတော့ မေလ ၇ ရက်နေ့က ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ စားသောက် ဆိုင်မှာ ကျင်းပခဲ့တဲ့ 'မောင်မောင်ဆိုလေ ထီးရိုးရှည်' သံချပ်အဖွဲ့ရဲ့ 'အိုဘယ့်ဒီမိုကရေစီ' သံချပ်ဖျော်ဖြေပွဲပဲ ဖြစ်ပါတယ်။
ဒီပွဲဟာ မကြာခင်ကမှ ပြီးဆုံးခဲ့တဲ့ မဟာသင်္ကြန်ပွဲတော်ရက်တွေမှာ သူတို့ သံချပ်အဖွဲ့ အောင်မြင်စွာ ကျင်းပနိုင်အောင် အားပေးခဲ့တဲ့ ပရိသတ်တွေ၊ ဆုချီးမြှင့်ခဲ့တဲ့ မဏ္ဍပ်တွေနဲ့ လိုက်လံ အားပေးကူညီခဲ့ကြတဲ့ သံချပ်အဖွဲ့ဝင် တွေကို မောင်မောင်ဆိုလေ ထီးရိုးရှည် သံချပ်အဖွဲ့က ပြန်လည်ကပြဂုဏ်ပြု ဖျော်ဖြေတာဖြစ်သလို သံချပ်အဖွဲ့ရဲ့ ၄၄ နှစ်ပြည့်အခမ်းအနားကိုလည်း ကျင်းပခဲ့ပါတယ်။
'မောင်မောင်ဆိုလေ ထီးရိုးရှည်' သံချပ်အဖွဲ့ကို ၁၉၆၈ ခုနှစ်မှာ မောင်မောင်နေ၀င်း (ခေါ်) ဂန္ထ၀င် မောင်ဝိုင်းက စတင်ဖွဲ့စည်း တည်ထောင်ခဲ့ပြီး ကြားကာလတွေမှာ နှစ်အတော်ကြာအောင် နားနေခဲ့ရာက ၂၀၁၂ ခုနှစ် အတာသင်္ကြန် ပွဲမှာတော့ မောင်မောင် နေ၀င်းရဲ့သား ဖြစ်သူ မောင်မောင်ဒီမိုအောင်ထွန်းက ၊မောင်မောင်ဝင်းကျော့မှူး၊ စိတ္တသုခပရ ဟိတလူငယ်အဖွဲ့ဝင်တွေနဲ့အတူ ပြန် လည် ကပြဖျော်ဖြေခဲ့တာဖြစ်ပါတယ်။
"ကျွန်တော့အဖေ စတင်တည်ထောင်ခဲ့တဲ့ 'မောင်မောင်ဆိုလေ ထီးရိုးရှည်'သံချပ်အဖွဲ့က ၊ဆိုရှယ်လစ်ခေတ်တစ်လျှောက်မှာ အအောင်မြင်ဆုံးနဲ့ ပြည်သူတွေနဲ့ တစ်သားတည်းဖြစ်ခဲ့တဲ့ ပြည်သူ့သံချပ်အဖွဲ့ဆိုတာ အားလုံးသိကြမှာပါ။ အဲဒီအချိန်မှာ လက်လှမ်း မီခဲ့တဲ့ ပရိသတ်တွေရှိရင် အဖေမရှိတော့ပေမယ့် ကျွန်တော်တို့လူငယ်တွေချည်း ကြိုးစားတင်ဆက်ထားတာမို့ စိတ်တိုင်း မကျခဲ့ရင် ခွင့်လွှတ်စေချင်ပါတယ်"လို့ သံချပ်အဖွဲ့ခေါင်းဆောင် မောင်မောင် ဒီမိုအောင်ထွန်းက ပွဲမစခင်မှာ ပြောခဲ့ပါတယ်။
၁၉၇၀ ပြည့်နှစ်ကာလတွေမှာ အောင်မြင်မှုကြီးခဲ့တဲ့ 'မောင်မောင်ဆို လေထီးရိုးရှည်' သံချပ်အဖွဲ့မှာ ပါဝင်ခဲ့သူ တွေအားလုံးဟာ မောင်မောင် နာမည်ခံ ယူထားကြသူတွေဖြစ်ပြီး အမျိုးသမီး အဖွဲ့ဝင် မပါခဲ့ပေမယ့် အခုပြန်လည်တင် ဆက်မှုတွေမှာတော့ ပရဟိတ အသင်းမှ ၀ါသနာရှင်အမျိုးသမီးတွေလည်း သူ့ နေရာနဲ့သူ ပါဝင်တင်ဆက်ကြတာကို တွေ့ရပါတယ်။
"ကျွန်တော်တို့နိုင်ငံက အခုဆိုရင် ဒီမိုကရေစီခေတ်ကြီးကို စတင်ဦးတည် နေပြီဖြစ်တာကြောင့် ပွင့်လင်းပြီး ပျော်စရာကောင်းတဲ့ သံချပ်တွေကိုတင်ဆက် ထားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က လူထုသံချပ်အဖွဲ့ဖြစ်တာကြောင့် ပြည်သူတွေကြားက မပြေလည်တဲ့ ဘ၀တွေ အကြောင်း ဦးစားပေးစပ်ဆိုထားတာပါ"လို့ မောင်မောင်ဒီမိုအောင်ထွန်းက ပြောပါတယ်။
"နွေတန်ခူးရဲ့ ပိတောက်တွေဖူးတဲ့ ဧပရယ်ဦးမှာ၊ အရက်တွေသောက်လို့ အရှက်တွေ ပျောက်တယ်၊ ပိတောက်တွေ ဖူးရင် သဘောက်တွေ မြူးမယ်၊ စပ်စလူးမတွေ ကားပေါ်တင်လို့ ငွေတွေ တအားသုံး ရေတွေတအားဖြုန်း..." စတဲ့ ပွင့်ပွင့်လင်းလင်း သံချပ်စာသားတွေက ခေတ်သင်္ကြန်ကို ကွင်းကွင်းကွက်ကွက် ထင်ဟပ်စေပါတယ်။ သံချပ်တစ်ခုတည်း ဖျော်ဖြေတာ မဟုတ်ဘဲ 'သင်္ကြန်ပုံပြောသူ'၊ 'အိုဘယ့် ဒီမိုကရေစီ'၊ 'ကျန်းမာရေး လွမ်းစရာလေးတွေ'၊ 'ပညာရေးကဏ္ဍ'အစရှိတဲ့ ပြဇာတ်တိုတွေကိုပါ တင်ဆက်တာကြောင့် သံချပ်မမီလိုက်တဲ့ လူငယ်ပရိသတ်ရော၊ 'မောင်မောင်ဆိုလေတော်တို့က ထီးရိုးရှည်..'စတဲ့ စာသားတွေကို စွဲလမ်းနေဆဲ သက်ကြီးပိုင်း သံချပ်ချစ်သူတွေကိုပါ ကျေနပ်စေခဲ့တဲ့ ဖျော်ဖြေပွဲလေးပဲဖြစ်ပါတယ်။
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger