ရန်ကုန်မြို့တော် အတွင်းရှိ ဘတ်စ်ကားများ စီးနင်းသူများ အဆင့် မီမီနဲ့ ချောင်ချိစွာ စီးနင်း အသုံးပြုနိုင်ဖို့ အတွက် အများပိုင် သီးခြား ဘတ်စ်ကား လိုင်းများ
ထားရှိ ပြေးဆွဲနိုင်ဖို့ စီစဉ်လျက် ရှိနေပြီး ဒီလို ပြေးဆွဲရာမှာ လိုအပ်မယ့် ဘတ်စ်ကား တွေကို ပြည်ပမှ တင်သွင်းခွင့် ရရှိအောင် ဆောင်ရွက် ပေးဖို့ ရှိတယ်လို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့မှ သိရှိရပါတယ်။ အဆိုပါ အများပိုင် သီးခြား ဘတ်စ်ကား လိုင်းတွေ အတွက် ဘတ်စ်ကာ တင်သွင်းရာမှာ ၁၉၉၆ ခုနှစ် မော်ဒယ် ကနေ ၂၀၀၆ ခုနှစ် မော်ဒယ် အတွင်း ထုတ်လုပ်တဲ့ ဘယ်မောင်း၊ ညာမောင်း မရွေး တင်သွင်းနိုင်မှာ ဖြစ်ပါတယ်။
ဒါပေမယ့် ၂၀၀၆ မော်ဒယ် အထက် တင်သွင်းမယ် ဆိုရင်တော့ သက်ဆိုင်ရာ ဌာနရဲ့ သတ်မှတ်ချက် ကိုက်ညီရ မယ်လို့ သိရပါတယ်။ ဒါ့အပြင် တင်သွင်း လိုသူဟာ ကုမ္ပဏီ မှတ်ပုံတင်နဲ့ နိုင်ငံခြားငွေ ကိုင်ဆောင်ထားမှု ရှိရမှာ ဖြစ်ပါတယ်။ ဒီလို တင်သွင်းရာမှာ ၂ လအတွင်း ပြီးအောင် တင်သွင်း ရမှာဖြစ်ပြီး ကားတင်သွင်း ခွင့်ရရှိပါက ကုမ္ပဏီ အနေနဲ့ ခရီးသည်တင် ယာဉ်လိုင်းမှာ ၀င်ရောက် ပြေးဆွဲ ပေးရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် အဆိုပါ ယာဉ်အတွက် ရာသက်ပန် နံပါတ် အနီရရှိမှာ ဖြစ်ပြီး နယ်သို့ ရောင်းချခွင့် မပြုရဘူး လို့လည်း သိရပါတယ်။ ဒီလို တင်သွင်း လာတဲ့ ယာဉ်တွေကို ခရီးသည် ဘတ်စ်ကား အဖြစ် သီးသန့် အသုံးပြုရမှာ ဖြစ်ပြီး အိုဟောင်း အပ်နှံ ဘတ်စ်ကားနဲ့ လဲလှယ်ခွင့် ရှိတယ် လို့လည်း သိရပါတယ်။ အပ်နှံကားနဲ့ လဲလှယ်ခွင့် ရှိရာမှာ အပ်နှံ ကားဟာ CNG ယာဉ်ဖြစ်နေပါက CNG အမျိုးအစား ယာဉ်ကိုသာ တင်သွင်းရမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။
Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။