စည်သူလွင်
အတွဲ ၂၉ ၊ အမှတ် ၅၆၈ (၁၁ - ၁၇ ၊ ၅ ၊ ၂၀၁၂)
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၀ါးတန်းရပ်ကွက်အတွင်းရှိ
ကုန်စိမ်းတန်းတွင် ဈေးရောင်းချခြင်း မပြုရန် ယခုလ ၁ ရက်နေ့တွင်
ဈေးချိုတော်ဈေးရုံးမှ
တာဝန်ရှိသူက ပြောကြားလိုက်သဖြင့် ပျံကျဈေးသည်များမှာ မိသားစုစားဝတ်
နေရေးအတွက် စိုးရိမ်ပူပန်နေကြရ
ကြောင်း ပျံကျကုန်စိမ်းသည်များထံမှ သိရသည်။ "အရင်ကဆိုရင် အုပ်ချုပ်ရေးမှူးရုံးကို ဧည့်စာရင်းကြေးဆိုပြီး တစ်ယောက်ကို တစ်ရာနဲ့ သန့်ရှင်းရေးကြေးက နှစ်ရာ ပေးရတယ်။ အခု သက်ဆိုင်ရာ လူကြီးတွေက ညွှန်ကြားထားတော့ သူတို့ ပိုက်ဆံ ကောက်လို့ မရတော့ဘူး။အဲဒါကြောင့် ကျွန်မတို့လို့ မရှိဆင်းရဲသား လက်လုပ် လက်စားပျံကျဈေးသည်တွေကို ဒုက္ခ ရောက် ဘ၀ပျက်အောင်ဆိုပြီး ၀န်ကြီးချုပ်ကို အကြောင်း အမျိုးမျိုးပြပြီးတိုင် ကြား တာပါ။ အခုလည်း ဈေးမထွက်ရဘူး ဆိုတာနဲ့ ဈေးသူဈေးသားတွေရဲ့ ရင်ထဲ မှာ စိုးရိမ်ပူပန်ပြီး စိတ်ဆင်းရဲခြင်းတွေ ခံစားနေရတဲ့ အကြောင်းကို ၀န်ကြီးချုပ်ထံ စာပြန်တင်ထားပါတယ်"ဟုကုန်စိမ်း ရောင်းပြီး မိသားစုစားဝတ်နေရေး တာဝန်ယူနေရသော ပျံကျ ကုန်စိမ်းတန်း မှ ဒေါ်ငွေကြည်က ပြောသည်။
ပျံကျ ကုန်စိမ်းသည်များမှာ ၀ါးတန်း ရပ်ကွက်အတွင်းရှိ ၈၄ လမ်း၊၂၉ လမ်း ၈၄ လမ်းနှင့် ၈၆ လမ်းကြား၊၂၈ လမ်း ၈၄ လမ်းနှင့် ၈၅ လမ်းကြား၊၈၅ လမ်း ၂၈ လမ်းနှင့် ၂၉ လမ်းကြား နှင့် ထီးတိုင် ဈေးအရှေ့ဘက်ရှိ လမ်းကြားတို့တွင် ညအချိန် ၁၂ နာရီမှ နံနက် ၇ နာရီအချိန်ထိ လူတစ်ဦးလျှင် ဧည့်စာရင်းကြေး ကျပ်တစ်ရာနှင့် သန့်ရှင်းရေးကြေး ကျပ် နှစ်ရာကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးသို့ ပေးဆောင်ကာ ဖွင့်လှစ်ရောင်း ချနေခဲ့ ရပြီး လွန်ခဲ့သည့် သုံးလခန့်မှစ၍ ဧည့်စာရင်းကြေးနှင့် သန့်ရှင်းရေးကြေးများ ကောက်ခံခြင်း မပြုရန် သက်ဆိုင်ရာ တာဝန်ရှိသူများက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ အကြောင်းကြားထားသည့် အတွက် ယခုလက်ရှိအချိန်၌ ငွေကြေး ကောက်ခံမှုများ မရှိတော့ကြောင်း ပျံကျ ဈေးသူဈေးသားများက ဆိုသည်။
"ကျွန်တော်တို့ကို ဖယ်ခိုင်းတာ အချက် သုံးချက်ကြောင့် ဖယ်ခိုင်းတာလို့သိရတယ်။ ခြင်ဆေးခွေနဲ့ အမွှေးတိုင်တွေ ထွန်းရင် မီးဘေး အန္တရာယ်ရှိတယ်ဆိုတာရယ်၊ လမ်းပိတ်ဆို့တာနဲ့ ဈေးသည်တွေ အပေါ့အပါးတွေ စွန့်လို့ဆိုပြီး အဲဒီ သုံးချက်နဲ့ ညဈေးမဖွင့်ရဘူးလို့ ပြောတယ်။ တကယ်ဆိုရင် ကျွန်တော်တို့ ဈေးသည်တွေက အဲဒီလောက်လည်း မညစ်ပတ်ကြပါဘူး။ စနစ်တကျ ဈေးရောင်းနေ ကြတာပါ။ ကျွန်တော် ဒီဈေးမှာ ရောင်းလာတာ အနှစ် ၂၀ ကျော်ရှိပါပြီ။ ခေတ် အဆက်ဆက် အခုလိုဈေး မထွက်ရဘူးလို့ ပြောတာ တစ်ခါမှ မကြုံဖူးပါဘူး။မိသားစု စားဝတ်နေရေးက ဒီပျံကျဈေးလေးကို အားကိုးနေရတာ ဒီကုန်စိမ်းတန်းကို ပိတ်မယ်ဆိုတော့ ကျွန်တော်တို့ မိသားစု စားဝတ်နေရေးအတွက် အခက်အခဲ ဖြစ်သွားမှာသေချာပါတယ်"ဟု အသက် ၅၀ ခန့်အရွယ်ရှိ ကလေး လေး ယောက် ဖခင် ကုန်စိမ်းသည် ဦးဝင်းဆွေ မြင့်က ပြောသည်။
စစ်ကိုင်း၊ ကျောက်ဆည်၊ စဥ့်ကိုင်၊ ပလိပ်၊ မတ္တရာ၊ ပြင်ဦးလွင်၊ ပုသိမ်ကြီး၊ အုန်းချော ကျေးရွာတို့မှ ထွက်ရှိသော ကုန်စိမ်းများကို ကုန်စိမ်းတန်းသို့ တင်ပို့ ရောင်းချကြပြီး မန္တလေးခရိုင်ခုနစ်မြို့နယ်အတွင်းရှိ ဈေးအသီးသီးနှင့်ရပ်ကွက် အတွင်း လှည့်လည်ရောင်းချ နေသော ခေါင်းရွက် ဗျတ်ထိုး ဈေးသည်များက ၀ယ်ယူရောင်းချလျက်ရှိသည်။
"ဈေးသည်နေနေ ဈေးဝယ်နေနေ ဧည့်စာရင်းလာစစ်လို့ ဧည့်စာရင်းတိုင်ထားတာ မရှိဘူးဆိုရင် ကုန်ပစ္စည်းတွေကို အုပ်ချုပ်ရေးမှူးရုံး ထိယူသွားပြီး ကျပ် သုံးထောင်ကနေ ငါးထောင်ထိ ဒဏ်ငွေ တွေကို မတရားပေးရတယ်"ဟု ကုန်စိမ်းသည်ဖြစ်သူမမျိုးပပက ပြောသည်။
ကုန်စိမ်းတန်း ပျံကျဈေးပြောင်းရွှေ့ ဖွင့်လှစ်မှုနှင့် ပတ်သက်ပြီး ဈေးနှင့် သားသတ်ဌာနမှ ဌာနမှူး ဦးသာထွန်းကျော် နှင့် တွေဆုံ မေးမြန်းရာ "အခု ပျံကျဈေးနဲ့ ပတ်သက်ပြီးတော့ ပြောင်းရွေ့ရက်ကိုတော့ အတိအကျမသိရသေးပါဘူး။ အခြေအနေအားလုံးကို စောင့်ကြည့်နေဆဲပါပဲ။ အားလုံးကို အကောင်းမွန်ဆုံး ဖြစ်စေချင်ပါတယ်။ အခု လက်ရှိဈေးကို ပိတ်တာမဟုတ်ပါဘူး။ ဈေးသည်တွေနဲ့ ပတ်သက်တဲ့ မိမိတို့သက်ဆိုင်ရာ နီးစပ်တဲ့ နေရာတွေကို ပြောင်းပြီး ဖွင့်ခိုင်းတာပါ"ဟု ပြောသည်။
လက်ရှိကုန်စိမ်းတန်းတွင် အနယ်နယ် အရပ်ရပ်မှ လက်လုပ်လက်စား ပျံကျဈေး ရောင်းနေသော ဈေးသည်ပေါင်း တစ်ထောင်ကျော် ခန့်ရှိကာ ကုန်စိမ်း ရောင်းချခြင်းကိုသာ စားဝတ်နေရေးအတွက် အဓိကထား အားကိုးနေရသူများလည်းဖြစ်ကြောင်း သိရသည်။

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။