အများပိုင်နေရာကို စစ်တိုင်းမှူးဟောင်းဇနီးက ဂရန်ပြုလုပ်သည်ကို ကန့်ကွက်

Wednesday, May 9, 20120 မှတ်ချက်များ

မေ ၉၊ ၂၀၁၂ (YPI)

သံတွဲမြို့နယ်၊ ငပလီကမ်းခြေရှိ အများပြည်သူပိုင် အပန်းဖြေနေရာအား ယခင်အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး (ပ.ယ.က ဥက္ကဌ) ဗိုလ်ချုပ်သောင်းအေး၏ ဇနီးက ပုဂ္ဂလိကပိုင်အဖြစ် ဂရန်ပြုလုပ်ရရှိခဲ့သည့်အတွက် သံတွဲဒေသခံများက ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ထံသို့ ယမန်နေ့က ကန့်ကွက်စာ ပေးပို့လိုက်သည်။

ယခင် ပ.ယ.က ဥက္ကဌ ၏ ဇနီး ဒေါ်သင်းမျိုးမျိုးအောင် ဂရန်ပေါက်ရရှိခဲ့သည့် ငပလီကမ်းခြေရှိလင်းသာနှင့် မြပြင်ကျေးရွာအုပ်စုအကြား၊ ကွင်းအမှတ် (VT-၃၉) ရှိ မြေအကျယ် ၄၇၅ ပေကို ၂၀၀၆ ခုနှစ်ကတည်းက ခ.ယ.က ဥက္ကဌ လမ်းညွှန်ချက်ဖြင့် အများပြည်သူပိုင် အပန်းဖြေနေရာအဖြစ် သတ်မှတ်ပေးထားခဲ့သည်။

အဆိုပါမြေနေရာအား ပုဂ္ဂလိကပိုင်အဖြစ် ဂရန်ပြုလုပ်ရန် ၂၀၁၀ ခုနှစ် သြဂုတ်လတွင် မြို့နယ်မြေစာရင်းရုံး၌ လျှောက်ထားခဲ့ရာ ကမ်းခြေကျေးရွာများမှ ဒေသခံများနှင့် သံတွဲမြို့မိမြို့ဖများ စုပေါင်း၍ ကန့်ကွက်လွှာ ပေးပို့ခဲ့ကြသည်။

ထိုစဉ်က မည်သို့မျှ အကြောင်းပြန်ကြားခြင်းမရှိခဲ့ဘဲ ယခုနှစ် မေ ၂ ရက်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးက လင်းသာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကန့်ကွက်ခဲ့သော ဒေသခံများထဲမှ တစ်ဦးကို ခေါ်ယူ၍ ထိုမြေကွက်အား ဒေါ်သင်းမျိုးမျိုးအောင်အမည်ဖြင့် လန(၃၉) ထုတ်ပေးထားပြီးဖြစ်ကြောင်းနှင့် ၀င်းခြံခတ်တော့မည်ဖြစ်ကြောင်း ခေါ်ယူအသိပေးခဲ့သည်။

“ အဲဒီနေရာမှာ စားသောက်ဆိုင်လေးတွေ ယာယီဖွင့်ထားတာရှိတယ်။ အဲဒါတွေဖျက်ပေးဖို့ပြောတယ်” ဟု ကျေးရွာအုပ်ချုပ်ရေးမှူး က ပြောသည်။

ထို့ကြောင့် ယခုထပ်မံ၍ သံတွဲမြို့မိမြို့ဖများနှင့် ဒေသခံများစုပေါင်းလက်မှတ်ရေးထိုးကာ ပြည်နယ် ၀န်ကြီးချုပ်ထံ ကန့်ကွက်စာကို မေ၈ ရက်က ပေးပို့ကြခြင်းဖြစ်သည်။

ငပလီကမ်းခြေတွင် ဟိုတယ်များတိုးချဲ့ဆောက်လုပ်လျှက်ရှိပြီး အများပြည်သူများ လွတ်လပ်စွာအပန်းဖြေနိုင်သည့် နေရာ လွန်စွာနည်းပါးသွားပြီဖြစ်ကြောင်း ဒေသခံများကပြောသည်။

“ ဒီရာထူးမရရင်လည်း ဘာမှမဖြစ်ဘူး။ ဒီနေရာ(ဂရန်ပေါက်သွားသည့်နေရာ) ကိုတော့ အများအတွက် ပြန်လိုချင်တယ်” ဟု ကန့်ကွက်သူတစ်ဦးဖြစ်သည့် လင်းသာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကပြောသည်။

ထို့ပြင်အဆိုပါမြေနေရာဝန်းကျင်၌ ဗိုလ်မှူးချုပ် မြင့်အောင်၊ ဗိုလ်မှူးကြီး မောင်ကို၊ အနောက်ပိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်ခဲ့သူ ဗိုလ်ချုပ် အောင်ထွေး၊ ယခင်သံတွဲ ခ.၀.တ အတွင်းရေးမှူး ဗိုလ်မှူး ၀င်းဟန် တို့မှ ၁၉၉၆ ခုနှစ်တွင် လန(၃၉) ရရှိခဲ့ကြောင်း သံတွဲ မ.ယ.က မှ သံတွဲမြို့နယ် မြေစာရင်း ဦးစီးအရာရှိထံသို့ ၂၀၀၆ ခုနှစ် မတ် ၁၇ ရက်က ပေးပို့ခဲ့သောစာ၌ ဖော်ပြထားသည်။ ။
Yangon Press International
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger