မြန်မာဟိုတယ် ဝန်ထမ်း အမျိုးသမီးနှင့် ဂျပန် ပါးရိုက်တဲ့ အမှု တရားရုံး ပြောင်းစစ်

Monday, May 14, 20120 မှတ်ချက်များ

ရန်ကုန်၊ မေ ၁၂

ရန်ကုန်မြို့ Orchid Hotel တွင် ဂျပန် စီးပွားရေး လုပ်ငန်းရှင်က မြန်မာ ဟိုတယ်ဝန်ထမ်း အမျိုးသမီးကို ပါးရိုက်သည် ဆိုကာ အပြန်အလှန် အမှုဖွင့်၍ ပုဇွန်တောင် မြို့နယ် တရားရုံးတွင် အမှုရင်ဆိုင် နေသည့် အမှုကို ခရိုင် တရားရုံး၏ ခွင့်ပြုချက်ဖြင့် မင်္ဂလာတောင်ညွန့် တရားရုံးတွင် ပထမဆုံး ရုံးပြောင်း စစ်ဆေးခဲ့ကြောင်း ယင်းအမှုနှင့် ပတ်သက်သူများ၏ အဆိုအရ သိရသည်။

"ဒီနေ့ အမှု ရင်ဆိုင်ဖို့ စခေါ်တယ်။ အာမခံလုပ်ဖို့နဲ့ သက်သေတင်ဖို့'' ဟု ဟိုတယ်ဝန်ထမ်း အမျိုးသမီး၏ ရှေ့နေ ဦးဝင်းနိုင်က ဆိုသည်။

ယင်းအမှုနှင့် ပတ်သက်၍ မင်္ဂလာတောင်ညွန့် တရားရုံး၌ ပြစ်မှုကြီး အမှတ် ၃၄၉ /၁၂၊ ပြစ်မှုပုဒ်မ ၃၅၄/၃၂၃ ဖြင့် မြန်မာ ဟိုတယ်ဝန်ထမ်း အမျိုးသမီး ဒေါ်အေးအေးကြည်က လည်းကောင်း၊ ပြစ်မှုကြီး အမှတ် ၃၅၀/၁၂ ပြစ်မှုပုဒ်မ ၃၄၁/၅၀၆ ဖြင့် ဂျပန် စီးပွားရေး လုပ်ငန်းရှင် မစ္စတာ အိုကာဟာ ရှိဒါကာရှိက လည်းကောင်း အပြန်အလှန် တရားရင်ဆိုင် ခဲ့ကြသည်။

ရန်ကုန်မြို့ ဗိုလ်တထောင် ဘုရားလမ်းနှင့် အနော်ရထာ လမ်းရှိ ယင်းဟိုတယ်တွင် တည်းခိုနေသူ ဂျပန်နိုင်ငံသားနှင့် မြန်မာ ဟိုတယ်ဝန်ထမ်း အမျိုးသမီး တို့သည် ဂျပန်နိုင်ငံသားက အမျိုးသမီးတစ်ဦးအား အဖော်အဖြစ် ဇန်နဝါရီ ၂၈ ရက်နေ့ ည ၁၁ နာရီတွင် ဟိုတယ်သို့ ခေါ်ဆောင်လာခြင်းနှင့် ပတ်သတ်၍ ဟိုတယ်စည်းကမ်းနှင့် မကိုက်ညီကြောင်း ပြောဆိုရာမှ ထိုဂျပန် အမျိုးသားက ဟိုတယ်ဝန်ထမ်း အမျိုးသမီးကို ကိုယ်ထိလက်ရောက် ပါးရိုက်ခဲ့သဖြင့် ပုဇွန်တောင် ရဲစခန်း၌ အမှုဖွင့်ထား သကဲ့သို့ ယင်းဂျပန် အမျိုးသားကလည်း ဟိုတယ်အတွင်း ဝင်ရောက်ခြင်းကို တားဆီးမှုဖြင့် အပြန်အလှန် အမှုဖွင့်ကာ ပုဇွန်တောင် တရားရုံးတွင် အမှုရင်ဆိုင်နေခြင်း ဖြစ်သည်။

ယင်းသို့ အမှုရင်ဆိုင်နေရာမှ ဟိုတယ်ဝန်ထမ်း အမျိုးသမီးက ရုံးပြောင်းစစ်ရန် ခရိုင်တရားရုံးသို့ လျှောက်ထားချက်အရ ယခုမေလ ၁၁ ရက်နေ့တွင် ပထမဆုံး အကြိမ်အဖြစ် မင်္ဂလာတောင်ညွန့် တရားရုံးသို့ ပြောင်းရွေ့ အမှုရင်ဆိုင်ခွင့် ရခဲ့ခြင်း ဖြစ်သည်။

The Voice Weekly
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger