ကလောသစ်သီးခြံ ဧက ၂၀ ဆက်သွယ်ရေး အာဏာပိုင်တွေ ဖျက်ဆီး

Monday, May 14, 20120 မှတ်ချက်များ

ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ်က သီးနှံစိုက်ပျိုးထားတဲ့ ခြံမြေဧက ၂၀ ခန့်ကို ဆက်သွယ်ရေး အာဏာပိုင်တွေက ၀င်ရောက် ဖျက်ဆီးနေတဲ့ အတွက် ပိုင်ရှင်ဒေသခံပြည်သူ စိုက်ပျိုးထားဆဲ သီးနှံပင်တွေ ပျက်စီးဆုံးရှုံးကုန်ပြီး၊ မြေယာမဲ့ဘ၀ ကို ရောက်ရမယ့် အခြေအနေ ဖြစ်နေတယ်လို့ သိရပါတယ်။
စိုက်ပျိုးထားတဲ့ သီးနှံပင်တွေ ခုတ်ထွင်ခံနေရတဲ့ မြေနေရာတွေကတော့ ကလောမြို့ရဲ့ မြောက်ဖက်က မြင်းကကျေးရွာ အနီးမှာ စိုက်ပျိုးထားတဲ့ လိမ္မော်ခြံနဲ့ ထောပတ်ခြံမြေ ဧက ၂၀ ကျော်ဖြစ်ပြီး ပြီးခဲ့တဲ့ ၁၀ ရက်နေ့ကစလို့ အလုပ်သမား ၁၅ ဦးခန့်က ၀င်ရောက် ရှင်းလင်းနေတာဖြစ်တာလို့ ဒေသခံပြည်သူတွေကို လိုက်ပါကူညီ ဆောင်ရွက်ပေးနေတဲ့ ကလောမြို့ NLD အဖွဲ့ဝင် ဦးဖိုးချို က အာအက်ဖ်အေ ကို ပြောပါတယ်။ "မြင်းကမှာ ရွာခံတွေ စိုက်ပျိုးထားတဲ့ လိမ္မော်ပင်တွေက ကြီးနေပြီး၊ အဲ့ဒါကို ဆက်သွယ်ရေး ဒုညွန်မှူးက ခိုင်းလို့ ဆိုပြီးတော့ အခု ကလောမှာရှိတဲ့ ဆက်သွယ်ရေး သူတို့ဝန်ထမ်း ဦးမျိုးအောင်ဆိုတဲ့လူက လိုက်လုပ်ပေးနေတာတဲ့။ အလုပ်သမားတွေ လာပြီး ၀င်ရမ်းတာ၊ အဲဒီတော့ ရွာသားတွေက မယက ဥက္ကဋ္ဌကို သွားပြောတယ်၊ သစ်တောကို အကြောင်းကြားတယ်၊ ဒါပေမယ့် အုပ်ချုပ်ရေးမှူးကတော့ သူတို့ကို ပြောလိုက်တယ်တဲ့။ အုတ်နံရံနဲ့ ခေါင်းနဲ့ သွားမတိုက်လိုက်နဲ့ပေါ့နော်၊ ကိုယ်ပဲ ရှုံးမယ်ဆိုပြီး ပြောလိုက်တယ်တဲ့၊ အပင်က တစ်ယောက် တစ်ယောက်ကို လိမ္မော်ပင်တွေက ထောင်ဂဏာန်းရှိတယ်။ အဲဒီ ရွာသားတွေကို သူတို့လုနေတာ သွားလည်းမတားနဲ့လို့ အဲ့ဒီ ရပ်ကွက်ဥက္ကဋ္ဌ မနေ့က လာပြောတယ်တဲ့။ သူတို့ လိမ္မော်ခြံ ထောပတ်ပင်တွေလည်း ၀င်ခုတ်ခံရသေးတယ် သွားတားလို့ရှိရင် အဖမ်းခံရမယ်လို့ ပြောလွတ်လိုက်တယ်တဲ့။" ခြံမြေပိုင်ရှင် ၅ ဦးကတော့ မြင်းကကျေးရွာက ဦးစိုးဝင်း၊ ဦးဇော်ဝင်း၊ ဦးကင်း၊ ဦးစိုးဝင်းနိုင်၊ဦးမောင်နီ တို့ ဖြစ်ပြီး ဒီမြေတွေဟာ ဘိုးဘွားလက်ထက် ကတည်းက မိရိုးဖလာ လုပ်ကိုင်လာနေတဲ့ မြေနေရာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ သီးနှံစိုက်ပျိုးထားတဲ့ မြေနေရာတွေ ဒေသခံပြည်သူတွေ ပြန်လည်ရရှိနိုင်ဖို့ အတွက် သက်သေ အထောက်အထားတွေ ရယူထားပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် အပါအ၀င် နေပြည်တော်က သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ တိုင်ကြားတင်ပြသွားမယ်လို့ ဦးဖိုးချို က ဆက်ပြောပါတယ်။ ကလောမြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ဖို့ ဆက်သွယ်မေးမြန်းရာမှာ ဖုန်းကိုင်ဖြေဆိုသူ ၀န်ထမ်းအမျိုးသမီး တစ်ဦးက ဒီအကြောင်းနဲ့ပတ်သက်ပြီး မသိရှိကြောင်း၊ အုပ်ချုပ်ရေးမှူး မရှိကြောင်း အာအက်ဖ်အေကို ဖြေကြားခဲ့ပါတယ်။
RFA-Burmese
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger