ရှစ်နှစ်ကြာပြသခွင့် ပိတ်ပင်ခံထားရသည့် ‘မော်ကင်းဥဒါန်း’ ရုပ်ရှင်ဇာတ်ကား ဇွန်လတွင် ပြသခွင့်ရရှိမည်

Saturday, May 12, 20120 မှတ်ချက်များ


e567
၂၀၀၄ ခုနှစ် ဇန်န၀ါရီလတွင် ဆင်ဆာခွင့်ပြုချက် ရရှိပြီးနောက် ရုံတင်ပြသရန် စီစဉ်ပြီးချိန်တွင် ပြသခွင့် ပိတ်ပင်ခံခဲ့ရသည့် ‘မော်ကင်းဥဒါန်း’ ရုပ်ရှင်ဇာတ်ကားအား ယခုအခါ ပြန်လည်ပြသခွင့် ရရှိပြီဖြစ်ပြီး ရုံတင်ပြသနိုင်ရန် အတွက် ရုံရက်ချိတ်ရယူနိုင်ရန် စီစဉ်ရာတွင် ယခုနှစ် ဇွန်လကုန်ပိုင်း၌ ပြသခွင့်ရရှိထားပြီ ဖြစ်သည်ဟု သတင်းရရှိသည်။
ယင်းဇာတ်ကားပြသခွင့် ပြန်လည်ရရှိပြီးနောက် ရုံရက်ချိတ်တွင် ၀င်ရောက်တန်းစီရာ၌ ထုတ်လုပ်သူ အလွှာနှင့် ညှိနှိုင်းမှုများ ပြုလုပ်ရာတွင် အဆင်မပြေမှုများ ရှိခဲ့သော်လည်း အဆုံးသတ်တွင် ထုတ်လုပ်ရေးတူ ဇာတ်ကားဖြစ်သည့် ‘အမိုက်စား’ ရုပ်ရှင်ဇာတ်ကား၏ မူလတန်းစီနေရာတွင် ၀င်ရောက်ပြသရန် ရက်ချိတ်ရယူလိုက်ခြင်း ဖြစ်သည်။
“ကျွန်တော်တို့ ဒီဇာတ်ကားကို ဆင်ဆာခွင့်ပြုချက်ရရှိပြီး သမ္မတ ရုပ်ရှင်ရုံမှာ နောက်တစ်ပတ်လဲမည့် ဇာတ်ကားဆိုတဲ့နေရာမှာတောင် ချိတ်ထားပြီးပါပြီ။ ပြသဖို့တစ်ပတ်အလိုမှာပဲ အကြောင်းကြောင်းကြောင့် အဲဒီဇာတ်ကားကို ပြသခွင့်မရတော့ဘူးလို့ အကြောင်းကြားခံရပါတယ်။ အခု အစိုးရသစ် လက်ထက်ဖြစ်တဲ့ အချိန်မှာ ထုတ်လုပ်သူ တစ်ယောက်အနေနဲ့ နစ်နာရတဲ့ အကြောင်းရင်းကို လူ့အခွင့်အရေး ကော်မရှင်ကနေ တစ်ဆင့် တင်ပြခဲ့ပါတယ်။ ဒီအခါမှာ ပြန်ကြားရေး ၀န်ကြီးဌာနကို ပြန်လည်ပေးပို့ပြီး ခွင့်ပြုပေးခဲ့ပါတယ်။ ဒါကြောင့် ရုံတင်ပြသနိုင်ဖို့ ရုံရက်ချိတ်တန်းစီခဲ့ပါတယ်။ ဒီအခါမှာ ငါးကားတစ်အုပ်စုစီ ၀င်တန်းစီတဲ့အခါ တန်းစီထားတဲ့သူတွေက သူတို့နေရာကို ဖယ်မပေးနိုင်ဘူး ဆိုတာမျိုးတွေ ရှိလာပါတယ်။ ကျွန်တော့်အနေနဲ့ဆိုရင် ပြသခွင့်ရက်ချိတ်ရပြီးမှ ပိတ်ပင်ခံခဲ့ရတယ်။ အခုပြသခွင့်ပြန်ရတဲ့အချိန် မှာ အမြန်ဆုံးရုံတင် ပြသချင်တာပါပဲ။ ဒါကြောင့် ရုပ်ရှင်အစည်းအရုံး အမှုဆောင်အဖွဲ့သစ်ကို တင်ပြတယ်။ သူတို့က ထုတ်လုပ်သူအလွှာနဲ့ ဆွေးနွေးခိုင်းတယ်။ တန်းစီထားတဲ့ ဇာတ်ကား ၂၀ မှာ မဲနှိုက်ပြီးတော့မဲကျရာ နေရာက ၀င်ပြဖို့ပြောတာတောင် လက်မခံကြပါဘူး။ ဒီအတွက် ကျွန်တော့်ထုတ်လုပ်ရေးက ဇာတ်ကား ဖြစ်တဲ့ အမိုက်စား ဇာတ်ကားနေရာမှာပဲ ၀င်ပြဖို့ စီစဉ်ဖြစ်သွားပါတယ်။ အမိုက်စားရဲ့ တန်းစီဇယားကတော့ နောက်ရောက်သွားတာပေါ့လေ။ အခုလိုပြသမှုစနစ်တွေမှာ နှောင့်နှေးနေတာ၊ အခက်အခဲ ဖြစ်နေတာတွေကို ကျွန်တော်တို့အနေနဲ့တော့ အတတ် နိုင်ဆုံးဖြေရှင်းစေချင်ပါတယ်။ ရုပ်ရှင်လောက ကျဆင်းမှုရဲ့ အခြေခံ အကြောင်းရင်းတစ်ရပ်လို့ ဆိုရမယ့် ပြသမှုစနစ်တွေကို အမြန်ဆုံး ပြန်လည်ပြုပြင်ဖို့ လိုအပ်နေပါပြီ” ဟု  လပ်ကီးဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေး မှ ကိုအုန်းဝင်းက ဆိုပါသည်။
ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းကလည်း “နောက်ပိုင်းမှာ အခုလို ပိတ်ပင်ထားတဲ့ ဇာတ်ကားတွေ အများကြီး ပြန်လည်ပြသခွင့် ရရှိတာမျိုးတွေ ရှိလာနိုင်ပါတယ်။ ဒီအခါဒီ လိုပြဿနာတွေက ကြုံတွေ့နေရဦး မှာပါပဲ။ ဒီအခါမှာ ပထမဆုံးတစ်ကားမှာ စည်းစနစ်ကျကျ ဘယ်လိုဆုံးဖြတ်ခဲ့သလဲဆိုတာ အရေးကြီးလာပါပြီ။ ဒါကြောင့်ကျွန်တော်တို့ အနေနဲ့ အတတ်နိုင်ဆုံးမျှတတဲ့ ဆုံးဖြတ်မှုမျိုးဖြစ်အောင် ကြိုးစားခဲ့တာပါ”ဟု ပြောပြခဲ့သည်။
မော်ကင်းဥဒါန်း ရုပ်ရှင်ဇာတ်ကားသည် ဆလုံလူမျိုးတို့၏ ဘ၀နေထိုင်မှု ဓလေ့စရိုက်ကိုအခြေခံ၍ ရိုက်ကူးပုံဖော်ထားခြင်းဖြစ်ပြီး ရုပ်ရှင်လောကမှ အနားယူသွားခဲ့ပြီဖြစ်သည့် သရုပ်ဆောင် ကျော်ဟိန်း၊ ဇာတ်ကားများ ရိုက်ကူးမှု ရပ်နားထားသည့် သရုပ်ဆောင် နန္ဒာလှိုင်တို့လည်း ပါဝင်ထားသည်။ ယင်းဇာတ် ကားကို ဒါရိုက်တာဝေမှိုင်းညို ရိုက်ကူး၍ သရုပ်ဆောင်ညွန့်ဝင်း၊ ကျော်ဟိန်း၊ နိုင်းနိုင်း၊ နန္ဒ၊ သူထူးစံ၊ နန္ဒာလှိုင်တို့ အဓိက ပါဝင်ထားသည်။
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger