မအူပင်မြို့နယ်က လယ်သမားများ ပြည်ခိုင်ဖြိုးက သိမ်းသွားသောလယ်မြေများအတွက် သမ္မတထံစာတင်မည်

Monday, May 14, 20120 မှတ်ချက်များ

ဝင့်သင်ဇာကျော် (မြစ်မခ)
မေ (၁၄)ရက် ၊ ရန်ကုန်မြို့။


မအူပင်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၁၆)အုပ်စုကတောင်သူလယ်သမားများနှင့် ရေလုပ်သား(၄၀၅)ဦး ကျော် လက်မှတ်ရေးထိုးထားသောတောင်းဆိုချက်(၇)ချက်အား နိုင်ငံတော်သမ္မတထံ စာတင်ရန် အစီအစဉ်ရှိ ကြောင်း
မစုစုနွေးထံက သိရသည်။


လာမည့် ၂၀၁၂ခုနှစ် မေလ ၁၄ ရက်နေ့တွင်လယ်သမားသမဂ္ဂပေါ်ပေါက်ရေးအဖွဲ့ အစည်းဖြစ်ပေါ်ရန် လှုပ်ရှားသူ မစုစုနွေးကယခုကဲ့သို့ဆိုသည်။


“လယ်ယာမြေ ပြန်လည်ရရှိရေးတွေ တင်ပြသွားတယ် ကျွန်မတို့ကို လက်မှတ်ထိုးပြီးတောင်းဆိုတဲ့ အမှတ် (၂)မှာ ပါပါတယ် လယ်ယာမြေတွေ ပိုင်ဆိုင်ခွင့်တွေပေါင်နှံခွင့်တွေ ရောင်းချခွင့်တွေကို လွတ်လပ်စွာ လုပ်ကိုင်စားသောက်ခွင့် အဲ့လိုပဲ ပါတဲ့ အချက်အတိုင်းကို နိုင်ငံတော်သမ္မတကြီးထံ မိတ္တူတွေတစ်ခါတည်း ပို့မယ်။ မေလ (၁၃)ရက်နေ့ တနလာင်္နေ့ပေါ့ အဲ့ဒီနေ့မှာလယ်သမားတွေရဲ့ လက်မှတ်တွေနဲ့ ကျွန်မတို့က နိုင်ငံတော်သမ္မတထံတောင်းဆိုသွားမှာ ဖြစ်ပါတယ်။” ဟု မစုစုနွေးက ပြောသည်။


တောင်သူလယ်သမားများနှင့် ရေလုပ်သားများ တောင်းဆိုခဲ့သော အချက် (၇)ချက်မှအချို့မှာ

၁။ လယ်သမား သမဂ္ဂများ လွတ်လပ်စွာဖွဲ့စည်းတည်ထောင်ခွင့်

၂။လယ်ယာမြေပိုင်ဆိုင်ခွင့် ၊ ရောင်းဝယ်ခွင့် ၊ လှူဒါန်းခွင့် ၊အမွေဆက်ခံခွင့် ၊ ပေါင်နှံခွင့် ၊ လွှဲပြောင်းခွင့်ရရှိရေး နှင့်

၃။တပ်နှင့်ဦးပိုင်ကုမ္ပဏီများမှ အဓမ္မသိမ်းဆည်းထား သော လယ်ယာမြေများကို ပြန်လည်ရရှိရေး အပါအ၀င် အချက်များအား တောင်းဆိုခဲ့ခြင်း ဖြစ်သည်။


ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် မလက်တိုအုပ်စု ခနောင်ကြီးကျေးရွာ ၊ပလောင်ရွာ ၊ မိုးရွာဝဲ ၊ ဇီးကုန်း နှင့် ညောင်ဦး အပါအ၀င် (၁၆)အုပ်စုမှတောင်သူအများစုမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကသိမ်းယူသွားသော လယ်ယာမြေများကို ပြန်လည်ရရှိစေရေးအတွက် နိုင်ငံတော်သမ္မတထံစာတင်ရန်အတွက် လက်မှတ် စုထိုးရခြင်း ဖြစ်သည်။


“ကျွန်တော်မှာ လယ်ဧက ၁၅ ဧကရှိပါတယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကမြေစာရင်းနဲ့ပေါင်းပြီး ကျွန်တော်တို့ဆီက လယ်တွေ သိမ်းသွားတာပါ။အကြောင်းပြချင်တော့ စိုက်စရိတ်အတွက် ချေးထားတာကို ကျွန်တော်တို့အနေနဲ့စပါးစိုက်ပြီး ချေးငွေဆပ်ပါတယ်၊
ဆပ်သလောက် အတိုးက မကျေနိုင်ဘူးအရင်းပြန်ပေးရင်တောင် ကျေနေပြီ အတိုးကျန်တာကို ရိတ်သိမ်းချိန်လေးေ တာ့စောင့်ပါအုံးဆို တာကို မစောင့်ပဲ လယ်တွေကို သိမ်းသွားပါတယ်။ အဲ့သလိုအဓမ္မသိမ်းယူသွားတာမျိုး ကျွန်တော်တို့ မကျေနပ်နိုင်ပါဘူး အဲ့ဒါကြောင့် ကျွန်တော်တို့ လယ်သမား တွေ လက်မှတ်ထိုးရတာပါ” ဟု မအူပင်မြို့နယ် ညောင်ဦးကျေးရွာမှ တောင်သူ ကိုထွန်းထွန်းဝင်းက ပြောသည်။

အချို့သော တောင်သူအများစုမှာ လယ်ယာမြေဆုံးရှုံးသွားခြင်းကြောင့်ငါးဖမ်းလုပ်ငန်းကို ဆက်လက် လုပ်ကိုင် နေသူများရှိပြီး သားသမီးများကိုလှိုင်သာယာစက်မှုဇုံများနှင့် ဒဂုံဆိပ်ကမ်းများသို့ သွားရောက်အလုပ်လုပ်ကိုင် စေခိုင်းခဲ့ကြောင်း သိရှိရသည်။


“ကျွန်တော်တို့ ရွာကလူတော်တော်များများ လက်လုပ်လက်စားဖြစ်ကုန်ပြီတစ်ချို့ဆို လယ်သိမ်းသွားတော့ သူတို့သားတွေ သမီးတွေကိုလှိုင်သာယာစက်မှုဇုန်တွေမှာ သွားပြီး အလုပ်လုပ်ခိုင်းရတယ် ၊ဆိပ်ကမ်းတို့မှာ ရောပေါ့ အဲ့တော့ ကျွန်တော်တို့ သားသမီးတွေနဲ့ဝေးကွာမနေချင်ဘူး ဒါကြောင့်မို့လို့ ကျွန်တော်တို့ လယ် ယာမြေတွေကို ပြန်ရလိုပါတယ်” ဟု လယ်ဧက ၃၅ ခုပိုင် တောင်သူတစ်ဦးက ပြောသည်။


၂၀၁၂ခုနှစ် မေလ ၁၂ရက်နေ့ နံနက် ၁၀နာရီဝန်းကျင်တွင် ဧရာဝတီတိုင်းဒေသကြီးမအူပင်မြို့နယ် မလက်တို အုပ်စု ခနောင်ကြီးကျေးရွာ နိရောဓရုံကျောင်းတွင်မစုစုနွေး နှင့် တောင်သူလယ်သမားများ တွေ့ဆုံဆွေးနွေး ခဲ့ကြပြီး
တောင်သူလယ်သမား ၄၀၅ ဦးကျော်၏ လက်မှတ်ရေးထိုးထားသော အချက်(၇)ချက်ကိုလည်းနိုင်ငံတော်သမ္မတထံ တင်ပြတောင်းဆိုပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


ဧရာဝတီတိုင်းဒေသကြီးတွင် ကျေးရွာအုပ်စုပေါင်း ၁၆ အုပ်စုရှိပြီးအိမ်ခြေမှာ သောင်းကျော်ရှိကြောင်းနှင့် အဆိုပါ ကျေးရွာမှ
ဒေသခံပြည်သူအများစုမှ လယ်လုပ်ငန်းနှင့် ငါးဖမ်းခြင်းလုပ်ငန်းကိုသာအဓိကထား လုပ်ကိုင်ကြကြောင်း သိရှိရသည်။
Shwe Myitmakha Media Group
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger