ကြိုတင်ငွေဖြည့်စနစ်ပြောင်း ဂျီအက်စ်အမ်ဖုန်းများ ဧပြီလအထိ ဖုန်းဘီလ်များဆောင်ပြီးမှ ပိုငွေများကို ထည့်ပေါင်းပေးမည်

Saturday, May 12, 20120 မှတ်ချက်များ


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ pre-paid စနစ်အဖြစ် ပြောင်းလဲလိုက်သော ကျပ် ၁၅ သိန်း တန်ဂျီအက်စ်အမ်ဖုန်းများမှ ကျန်ရှိ နေသည့် လက်ကျန်ငွေများကို မတ်လနှင့် ဧပြီလအတွက်ကျသင့်သည့် ဖုန်းဘီလ်များတွက်ချက်ပေးဆောင် ပြီးမှ pre-paid စနစ်တွင် ထည့်ပေါင်း ပေးသွားမည်ဖြစ်သည်ဟုသိရသည်။

"မိုဘိုင်းမှာ အားလုံး သိတဲ့အတိုင်း ဘီလ်စနစ်က နှစ်လ နောက်ကျပါတယ်။ ပြည်သူတွေကို အရင် Service ပေးထားပြီး ငွေကို နောက်မှကောက်တဲ့ ပုံစံပါ။ ကျွန်မတို့ လက်ရှိမှာဆိုရင် ဧပြီလကုန် မေလမှာဆိုရင်ဘီလ်က ပြည်သူတွေ သုံးထားတာ ဖေဖော်ဝါရီ လအထိပဲ ကောက်နိုင်ပါသေးတယ်။ မတ်လနဲ့ ဧပြီ လတွင် ဘီလ်နှစ်လကို သုံးစွဲထားသော်လည်း ကျွန်မတို့ မကောက်သေးပါဘူး။ ဒါက Post-paid ရဲ့ စနစ်ပါ။ "နောက် ကျွန်မတို့ စီစဉ်ထားတာက မေ ၁ ရက်နေ့ကနေ စပြီးတော့ pre-paid ပေါ်ကို ပြောင်းပါ့မယ်လို့ ဆန္ဒပြုထားတဲ့သူတွေကို ကျွန်မတို့စပြီး ပြောင်းပေးနေပါပြီ။ ပြည်သူတွေဘက်က ကြိုတင်ငွေပေးထားတဲ့လူတွေရှိပါတယ်။ ဒီ အတွက် ကိုလည်း ကြိုတင်ငွေ ပေးထားတဲ့သူတွေက မေးပါတယ်၊ pre-paid ပေါ်ကို ကြို တင်ငွေတွေကို ဘယ်တော့ ပြောင်းပေးမှာလဲဆိုတာ မေးပါတယ်။ အမှန်တော့ pre-paid ပေါ် ပြောင်းတဲ့ စနစ်သည် ၂၄ နာရီအတွင်း pre-paid ပေါ် တင်ပေးလို့ရပါတယ်။ ဒါပေမယ့် ကျွန်မတို့ဘက်က ဘာအခက်အခဲရှိလဲဆိုတော့ ဘီလ်ထွက်တာက ဖေဖော်ဝါရီလအတွက်ပဲ ထွက်ပါသေးတယ်။ အဲဒီတော့ ကြိုတင် ငွေသွင်း ထားတဲ့သူတွေကို သူတို့ မတ်နှင့်ဧပြီကို သုံးစွဲဖို့အတွက်ကို ဒီဘီလ်နှိမ်ပြီးမှပိုတဲ့ ငွေကို pre-paid ပေါ်တင်ပေးလို့ ရပါ မယ်"ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဘဏ္ဍာရေးလုပ်ငန်း ဒုတိယအထွေထွေ မန်နေဂျာ ဒေါ်အေးအေးစိုးက ပြောကြားသည်။

"Post-paid တွင် ငွေမကျန်ဘဲ ကြွေး ကျန်တဲ့ဖုန်းတွေကိုထုံးစံအတိုင်းနှိုးဆော် တောင်းခံပါမယ်။ သတ်မှတ်ရက်တစ်ခု အတွင်းမှာ ငွေမသွင်းရင် လိုင်းယာယီ ပိတ်ခြင်းကို ဆောင်ရွက်ရပါမယ်။ ကျန်တဲ့ ပြည်သူတွေ သုံးစွဲထားတဲ့ အကြွေးတွေကို မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှာ လာဆောင်ရပါမယ်။ မတ်နဲ့ ဧပြီ နှစ်လစာပါ"ဟု ၎င်းကပြောသည်။

ကြိုတင်ငွေသွင်းထားပြီး ငွေပိုသည့် လူများဆိုလျှင် ကာယံရှင်ကိုယ်တိုင် အခြား Post-paid ဖြစ်သည့်ဖုန်းများကို လွှဲမည်ဆိုလျှင် စာရွက်စာတမ်း အပြည့် အစုံနှင့် ၎င်းတို့ထံ လာရောက်ညှိုနှိုင်းနိုင် ပြီး ယင်းဖုန်းများထံ ကြိုတင်ငွေအဖြစ် လွှဲပြောင်းနိုင်ကြောင်း ၎င်းကပြောသည်။

"ပြည်သူတွေကဒီလက်ကျန်ငွေများကို မပေါင်းချင်သေးဘူး။ Refund ပြန်ထုတ်ချင်တယ်ဆိုရင် ကျွန်မတို့ဘက်က စီစဉ်ပေးပါ့မယ်"ဟု ဒေါ်အေးအေးစိုးက ပြောသည်။

၀၉-၅၀၊ ၀၉-၅၁-၊ ၀၉-၅၂ စသည့် ဂျီ အက်စ်အမ် မိုဘိုင်းဖုန်းများကို ယခုလ ၁ ရက်နေ့တွင် ကြိုတင်ငွေဖြည့်စနစ်သို့ ပြောင်းလဲ လိုသည့်သူများကို ပြောင်းလဲ ပေးခဲ့သည်။

ကျန်ရှိနေသည့် ဖုန်းများကို ယခုလ ၁၅ ရက်နေ့ နောက်ဆုံးထား၍ ကြိုတင်ငွေဖြည့်စနစ် ပြောင်းလိုသူများ သဘောထားကို ကောက်ခံလျက်ရှိပြီး ဇွန်လ ၁ ရက်နေ့တွင် ကြိုတင်ငွေဖြည့် စနစ်သို့ ပြောင်းလဲသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ် ပြန်ထားသည်။

" Post-paid စနစ်မှ Pre-paid စနစ်ပြောင်းလဲနိုင်ဖို့အတွက် ပြည်သူ တွေ ပိုအဆင်ပြေနိုင်တဲ့ နည်းလမ်း အမျိုးမျိုးကိုရှာကြံပါတယ်။ သုံးစွဲသူတွေ များလာတာရယ်၊ ကျွန်မတို့ ဆက်သွယ်ရေး ဘက်မှာဝန်ထမ်းအင်အား၊ ငွေအင်အား၊ လူအင်အား ကန့်သတ်ချက်တွေ အများကြီးရှိပါတယ်။ ဒီဟာအတွက် ကိုလည်း ပြည်သူတွေကို ဘီလ်ဆောင်တဲ့အခါမှာ ဘယ်လိုအဆင်ပြေပြေ ဆောင်ရွက်လို့ရမလဲ ဆိုတဲ့ ကိစ္စကို ကျွန်မတို့ဝန်ကြီးဌာနအနေနဲ့ စဉ်းစား ပြီးတော့ တစ်ဆင့်ချင်း ဆောင်ရွက်ပေးနေပါတယ်။ ကျွန်မတို့အခု Post-paid ကနေ Pre-paid စနစ် ပြောင်းတဲ့ကိစ္စ မှာလည်း ပြောင်းလိုတဲ့ ဆန္ဒက ပြည်သူတွေရဲ့ ဆန္ဒပါ။ Post-paid မှာပဲ နေချင်တယ် ဆိုရင်လည်း၊ Post-paid နဲ့ပဲ ဆက်လက်ဆောင်မယ်ဆိုလည်း ကျွန်မတို့အနေနဲ့ ဒီမှာ ဘီလ်ဆောင်ဖို့ကို ခွင့်ပြုထားပါတယ်"ဟု ဒေါ်အေးအေး စိုးက ပြောကြားသည်။

Online phone billing စနစ်ကို အသုံးပြုလိုသူများအတွက်လည်း ယင်း စနစ်ကို အသုံးပြုနိုင်အောင် ပြုလုပ်ထားကြောင်း ၎င်းကပြော ကြားသည်။

"Online billing အနေနဲ့ ဘဏ်တွေနဲ့ ဆောင်ရွက်နေတာခြောက်လ လောက်ရှိပါပြီ။ အဲဒီအတွက်လည်း ရန်ကုန်ရှိတဲ့ ပုဂ္ဂလိက ဘဏ်တွေနဲ့ အစိုးရဘဏ်တွေကအစပေါ့ ဘဏ် အားလုံးကို ဖိတ်ခေါ်ပြီး ဆွေးနွေးခဲ့ပါ တယ်။ မြန်မာ့စီးပွားရေးဘဏ်နဲ့ အာရှ စိမ်းလန်းဖွံ့ဖြိုးရေးဘဏ် နှစ်ခုက ရတနာပုံနဲ့ စာချုပ်ချုပ်ပြီး Online billing စနစ်ကို စနေပါပြီ။ ဒီဘဏ်တွေမှာ ပြည်သူတွေရဲ့ ဆန္ဒအရ ကြိုက်နှစ်သက်ရာဘဏ်က ဆောင်မယ်ဆိုရင် ကြိုတင်ငွေလက်ကျန်ကို ပြောင်းပေးပါ့မယ်"ဟု ၎င်းက ပြောသည်။

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger