ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံတော်သမ္မတ၏ ကိုယ်ရေးအရာရှိကိုယ်တိုင် မဲစာရင်းထဲမပါ

Wednesday, May 30, 20120 မှတ်ချက်များ

မေလ ၂၉ ၊ ၂၀၁၂ -ကျော်သူရမျိုး (YPI)

ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏ ကိုယ်ရေးအရာရှိ ဗိုလ်မှူးကြီး ကိုကိုကျော် နှင့်ဇနီးတို့ မဲစာရင်းတွင်မပါရှိသဖြင့် မဲမပေးခဲ့ရကြောင်း မေလ ၂၂ ရက်နေ့က နိုင်ငံရေးပါတီများနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တို့ တွေ့ဆုံရာတွင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။

“သမ္မတကြီးရဲ့ ကိုယ်ရေးအရာရှိနဲ့ ဇနီးက မဲမပေးရပဲ သားဖြစ်သူသာ မဲစာရင်းပါခဲ့လို့ မဲပေးခဲ့ရကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက နိုင်ငံရေးပါတီတွေကို ပြောကြားခဲ့တာပါ” ဟု အဆိုပါစည်းဝေးပွဲသို့ တက်ရောက်ခဲ့သည့် ပြည်သူ့ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာသန်းထိုက်ဦး က YPI သို့ပြောသည်။

အဆိုပါဖြစ်စဉ်ကို ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး ပြောပြရာတွင် နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်၏ ကိုယ်ရေးအရာရှိဖြစ်သူ ဗိုလ်မှူးကြီး ကိုကိုကျော် အား “ဘာလို့မဲပေးလို့ မရတာလဲလို့” မေးခဲ့ရာ ကိုယ်ရေးအရာရှိက “၎င်းနှင့်ဇနီးသည်တို့ မဲစာရင်းတွင်မပါဘဲ သားဖြစ်သူသာ မဲစာရင်းမှာပါသည့် အတွက် မဲမပေးခဲ့ရခြင်းဖြစ်သည်ဟု” ပြန်လည်ဖြေကြားခဲ့ကြောင်းကို ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက နိုင်ငံရေးပါတီများ ကိုပြောကြားခဲ့သည်။

ယခုလို အဖြစ်အပျက်များ ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင်ဖြစ်ပွားခဲ့၍ လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မဲစာရင်းများ မှန်ကန်အောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး က ကတိပြုပြောကြားခဲ့သည်ဟုလည်း ဒေါက်တာ သန်းထိုက်ဦးက ပြောပြသည်။

ယခုလ ၂၂ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးတွင် ပြုလုပ်ခဲ့သည့် ၂၀၁၂ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲအပေါ် နိုင်ငံရေးပါတီများ ၏သုံးသပ်တင်ပြချက်များတွင် ကြားဖြတ်ရွေးကောက်ပွဲကာလက ပြည်သူအများဆုံး ကြုံတွေ့ရည့် အခက်အခဲဖြစ်သည့် မဲစာရင်း နှင့် ပတ်သက်သော ကိစ္စရပ်များ အဓိက တင်ပြဆွေးနွေးခဲ့ကြသည်။

ဧပြီလ ၁ ရက်နေ့တွင်ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ မဲစာရင်းကြေညာသည့်ကာလ နောက်ကျခြင်း၊ သတ်မှတ်ရက် တပါတ်တာအတွင်း မဲစာရင်းတွင် မပါသူအများအပြားကို သန်းကောင်စာရင်းနှင့် မှတ်ပုံတင်ယူလာခဲ့လျင် မဲပေးခွင့်ပေးမည်ဟု အောက်ခြေ အဆင့်ကော်မရှင်က ပြောဆိုခဲ့ခြင်း၊ မဲပေးသည့် နေ့တွင်ယူဆောင်လာသည့်အခါ မဲ ပေးခွင့်မရခဲ့သည့် အဖြစ်အပျက်များ အနှံ့အပြားဖြစ်ပွားခဲ့သည်။ ။
by Yangon Press International
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger