ကျောက်စိမ်းကုမ္ပဏီတွေ ဖားကန့်ဒေသက အမြန်ဆုံးထွက်ခိုင်း

Wednesday, May 30, 20120 မှတ်ချက်များ

(ဓာတ်ပုံ- zawmoehetet)
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ကျောက်စိမ်း
တူးဖေါ်နေတဲ့ ကုမ္ပဏီတွေနဲ့ စက်ယန္တယားတွေကို အမြန်ဆုံးရုတ်သိမ်းဖို့
နေပြည်တော်က မေ ၂၃ ရက်က ညွှန်ကြားချက် ထုတ်တာကြောင့်
မေလကစပြီး ဖားကန့်ကနေ လူအတော်များများ ထွက်ခွာနေကြတယ်လို့
သိရပါတယ်။

နေပြည်တော်ကနေ ဖားကန့်၊ ဆိုင်းတောင်၊ လုံးခင်း စတဲ့ကျောက်စိမ်းဒေသ
မှာ တူးဖေါ်လုပ်ကိုင်နေကြတဲ့ စက်ယန္တယား တွေကို အဲဒီဒေသကနေ အမြန်ဆုံးရုတ်သိမ်းပြီးထွက်ခွာကြဖို့ ညွှန်ကြားချက်ထုတ်တဲ့အကြောင်း ဖားကန့်ဒေသရှိ ကျောက်စိမ်း လုပ်ငန်းရှင်တစ်ယောက်က ပြောပါတယ်။

"ကုမ္ပဏီတွေကကျတော့ ၂၇ ရက်နေ့နောက်ဆုံးပေါ့။ ဟိုပင်နဲ့ မိုးညှင်းကို ကုမ္ပဏီက ကားတွေ အကုန်လုံးပို့ဖို့အတွက် စာတွေပို့ထားတယ်။ သူတို့ကနေပြည်တော်လို့ပဲပြောတယ်။ အခါတိုင်းနားတယ်ဆိုတာ ဒီလို ကုမ္ပဏီ ယန္တရားတွေကို ဒီလိုမောင်းခိုင်းတာမရှိဘူးလေ။ ကိုယ့်ကုမ္ပဏီဝင်း
ထဲမှာ ယန္တရားတွေကို ထားခိုင်းတာလေ။ အခုတော့ တမူထူးခြားပြီးမှ ဖားကန့်မြို့ကနေ အမြန်ဆုံးထွက်ခွါဖို့အတွက် သူတို့ညွှန်တာကိုး။"

ဒီအမိန့်ကို သတ္ထုတွင်းဝန်ကြီးဌာနက ထုတ်ပြန်တာဖြစ်ပြီး အမိန့်ထုတ်တာနဲ့
ပတ်သက်လို့ ရွှေနဒီ ကျောက်စိမ်း ကုမ္ပဏီလုပ်ငန်းရှင်တစ်ယောက်က အခုလိုပြောပါတယ်။

"ကျနော်တို့အခု ၅ လနားခိုင်းတာပေါ့။ သက်တမ်းကုန်ရင်လည်း
နောက်ထပ် ၅ လပြန်တိုးပေးမယ်ပေါ့။ ရည်ရွယ်ချက်ကတော့ သူက စစ်ကြောင့်လား စီးပွါးရေးကြောင့်လား။ ဂဂနန တရားဝင်မထုတ်ပြန်ဘူး။ စက်တွေကို တချို့က လုံးခင်းမှာ ပြန်သယ်။ တစ်ချို့က ဆိုက်ထဲမှာ ဆိုရင်လည်း တစုတဝေးတည်း မထားနဲ့ပေါ့။ လုံးခင်းမှာ မထားရင်လည်း အောက်ပြန်သယ်ရင်သယ် မသယ်ရင်လည်း မိမိကုမ္ပဏီထဲမှာ တစ်စုတဝေးတည်း မထားနဲ့ပေါ့ ခွဲထားခိုင်းတယ်။"

ဒီကိစ္စနဲ့ ပတ်သက်လို့ နေပြည်တော် သတ္ထုတွင်း ၀န်ကြီးဌာနကို ဆက်သွယ်ပေမဲ့ ဖုန်းလိုင်း အခက်အခဲကြောင့် ဆက်သွယ်လို့ မရပါဘူး။
အရင်က မိုးရာသီ ဇွန်လ လယ်ပိုင်းရောက်ရင် ကျောက်စိမ်းဒေသက စက်ယန္တရားအားလုံး ရပ်ဆိုင်းပြီး နှစ်စဉ် လုပ်ငန်းနားလေ့ ရှိပါတယ်။

အခုတော့ ဘာ့ကြောင့် ရုတ်သိမ်းခိုင်းတယ်ဆိုတာ အတိအကျ
မသိရသေးပေမဲ့ အဲဒီ အမိန့်ကြောင့် ဖားကန့် ကျောက်စိမ်း ဒေသကနေ လူအတော်များများ ထွက်ခွာနေကြပြီလို့ စောစောက လုပ်ငန်းရှင်က ဆက်ပြောပါတယ်။

"ကျနော်တို့လည်း ညွှန်ကြားတဲ့ဟာကို အဓိပ္ပါယ်မသိလို့ ဒီမှာ လူတွေက သို့လော သို့လော ဖြစ်နေကြတယ်။ လူထုတွေကလည်း ကျီးလန့်စာစားနဲ့ ဖားကန့်မြို့မှာ ဆိုရင် လူတွေရှုပ်ရှက်ခတ်နေတာပဲ။ ဒီနေ့ဆိုရင် ကားတွေနဲ့
အောက်ပိုင်းဆင်းတဲ့ လူတွေကလည်း အများကြီးပ။ဲ ကုမ္ပဏီက လူတွေ ၀န်ထမ်းတွေလည်း ကားကြီးကားငယ်တွေနဲ့ ရာချီထောင်ချီ အောက်ပိုင်းကို ဆင်းနေကြတယ်။"

ကျောက်စိမ်းကုမ္ပဏီတွေ အနေနဲ့ အခုလို အလုပ်လုပ်ခွင့် ပိတ်ပင်တဲ့
အတွက် ရှေ့ဘာဆက်လုပ်ရမယ် ဆိုတာ ဘာမှ တိတိကျကျ မသိရသေးဘဲ အခြေအနေ စောင့်ကြည့်နေတယ်လို့လည်း သူက ပြောပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်း ဒေသမှာ အခုအခါ ကျောက်စိမ်းတူးဖေါ်နေတဲ့ ကုမ္ပဏီအားလုံး ၃၀၀ ၀န်းကျင်ရှိတယ်လို့ သိရပြီး ၁၉၉၄ နှစ် မှာ
မြန်မာအစိုးရနဲ့ ကေအိုင်အိုတို့ အပစ်အခတ်ရပ်စဲရေး သဘောတူ
လက်မှတ် ရေးထိုးပြီး နောက်ပိုင်း ဖားကန့် ကျောက်စိမ်းဒေသ တစ်ခုလုံး ဖက်စပ် ကုမ္ပဏီတွေ ပေါ်လာပြီး စက်ယန္တရားတွေနဲ့ တူးဖေါ်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။
RFA-Burmese
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger