ကမာရွတ်မြို့နယ်တွင် လောင်းကစားဝိုင်းများကြောင့် ငွေကြေးပြတ်တောက်မှု မကြာခဏဖြစ်ပေါ်နေ

Saturday, May 5, 20120 မှတ်ချက်များ

လှည်းတန်းဈေးအနီးရှိ လောင်းကစားဒိုင်များကြောင့် နယ်မှရန်ကုန်သို့ အလုပ်လာရောက်လုပ်ကိုင် သူများနှင့်ကျောင်းတတ်လာသော လူငယ်များမှာ မိဘများထံမှ ငွေကြေးမကြာခဏတောင်းယူနေရကြောင်း ကမာရွတ်မြို့နယ်အတွင်းက ပြည်သူများက ဆိုသည်။
လှည်းတန်းဈေးအနီးတ၀ိုက်တွင် နယ်ဒေသများမှ ရန်ကုန်မြို့သို့ သင်တန်းလာတက်သူများ၊ အလုပ်လာလုပ်သူလူငယ်များ အများအပြားနေထိုင်ပြီး လောင်းကစားတွေ အားပြု ကစားနေကြသည်။
“အကိုရာ ကျွန်တော်လည်း နောက်တစ်ခါ မလုပ်တော့ဘူး။ မလုပ်တော့ဘူးနဲ့ သွားသွားလောင်း ဖြစ်နေတယ်ဗျာ၊ အိမ်က ပိုက်ဆံတောင်းတာလည်း တော်တော်များနေပြီ။” ဟု လှည်းတန်းဈေးအနီး တွင်နေ၍ ကွန်ပျူတာသင်တန်းတက်ရောက်နေသူ လူငယ်တစ်ဦးက ငြီးတွားပြောဆိုသည်။
ကမာရွတ်မြို့နယ်တွင် လောင်းကစားဝိုင်းများ များပြားလာသဖြင့် ၂၀၁၂ခုနှစ် ဇန်န၀ါရီလမှ စ၍ လောင်းကစားကင်းစင်ဇုံအဖြစ် သတ်မှတ်ခဲ့သော်လည်း လောင်းကစားပြုလုပ်နေသူများမှာ ဆက်လက်ရှိနေဆဲဖြစ်သည်။
သို့သော် ကမာရွတ်မြို့နယ်အတွင်းတွင် လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ခြင်းမရှိကြောင်း၊ အဆိုပါနယ်မြေသည် လောင်းကစားလုံးဝကင်းစင်သောနယ်မြေဖြစ်ကြောင်း ကမာရွတ်မြို့နယ် ရဲစခန်းကဆိုသည်။
“ဒီမှာတော့ အဲ့လိုလောင်းကစားဝိုင်းသတင်းတွေမကြားမိဘူး၊ ဒီမြို့နယ်က လောင်းကစားကင်းစင် ဇုံဖြစ်နေပြီ၊ လောင်းကစား ၀ိုင်းရှိတယ်ဆိုရင်တော့ သတင်းကြားရင် အကိုတို့သွားဖမ်းတယ်။” ဟု ကမာရွတ်မြို့နယ်ရဲစခန်းမှ ဒုရဲအုပ် သန်းထိုက်က မြစ်မခသို့ ပြောသည်။
လူငယ်အများစုပြုလုပ်လျက်ရှိသော လောင်းကစားများမှာ နှစ်လုံးထီထိုးခြင်း၊ ဘောလုံးပွဲလောင်း ခြင်းနှင့် စက်များတွင် ပိုက်ဆံပုံထိုးခြင်းတို့ကို ပြုလုပ်လျက်ရှိကြောင်း လူငယ်များထံက သိရှိရသည်။
“အဆောင်မှာလည်း လောင်းကစားတွေ လုပ်ကြလို့ ပစ္စည်းတွေ ပိုက်ဆံတွေ မကြာခဏ ပျောက် နေတယ်” ဟု ကမာရွတ်မြို့နယ်တွင် အဆောင်ဖွင့်ထားသူတစ်ဦးက ပြောသည်။
လောင်းကစားမှုများကြောင့် လူနေထိုင်အဆောင်များတွင် လူငယ်အချင်းချင်း ပစ္စည်းများ၊ ပိုက်ဆံများ ခိုးခြင်းနှင့် မိဘများထံမှ ပိုက်ဆံ မကြာခဏတောင်းသော အလေ့အထများ ဖြစ်ပွားနေကြောင်း သိရသည်။
ကောင်းမြတ်ဖြိုး ( မြစ်မခ )
by Myit Makha Mediagroup
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger