ပုသိမ် လယ်သမားသမဂ္ဂဖွဲ့စည်းခွင့် တားမြစ်ခံရ

Sunday, May 13, 20120 မှတ်ချက်များ

ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ကြက်ပေါင်တိုက်နယ်က လယ်သမားတွေ စုပေါင်းပြီး လယ်သမားသမဂ္ဂ ဖွဲ့စည်းခဲ့တာကို နည်းဥပဒေ ပေါ်ထွက်လာခြင်း မရှိသေးတဲ့အတွက် ဆိုကာ မြို့နယ်အာဏာပိုင်တွေက တားမြစ်ခဲ့တယ်လို့ သတင်း ရရှိပါတယ်။

RFA
ဧရာဝတီတိုင်း အတွင်းက စပါးခင်း တခုတွင် စိုက်ပျိုးနေသော လယ်သူမများကို ၂၀၁၁ ခုနှစ် အောက်တိုဘာ လကုန်ပိုင်းတွင် တွေ့ရပုံ။
လွန်ခဲ့တဲ့ မတ်လ ၃၀ ရက်နေ့က အတည်ပြု ထုတ်ပြန်ခဲ့တဲ့ လယ်ယာမြေ ဥပဒေမှာ တောင်သူလယ်သမားများ သမဂ္ဂဖွဲ့စည်းခွင့်ရှိသည်ဟု ဖေါ်ပြထားတဲ့ အတွက် လယ်သမားတွေက အခုလိုဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ မေလ ၁၁ ရက်နေ့က ပုသိမ်မြို့နယ် အာဏာပိုင်အဖွဲ့က လယ်သမားသမဂ္ဂ ဖွဲ့စည်းခွင့် လျှောက်ထားသူတွေကို ခေါ်ယူပြီး ရပ်ဆိုင်းထားဖို့ ပြောဆိုခဲ့ကြောင်း ဦးဆောင်လုပ်ကိုင်နေသူ ဦးမျိုးကိုက ပြောပြပါတယ်။ "သက်ဆိုင်ရာဒေသ အာဏာပိုင်အဖွဲ့အစည်းတွေကို လိပ်မူပြီး ကျွန်တော်တို့ စာတင်ခဲ့တယ်ခင်ဗျ။ ၂၀၁၂ ခုနှစ် မေလ ၁၁ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးတယ်ပေါ့။ အာဏာပိုင်အဖွဲ့အစည်းတွေနဲ့။ သူတို့က ဘာပြောလဲဆိုတော့ ဒီ သမဂ္ဂဖွဲ့စည်းရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတော်က ပြဌာန်းပေမယ့် နည်းဥပဒေ လုပ်ထုံးလုပ်နည်းတွေ ထွက်ပေါ်လာတဲ့အထိ စောင့်ပြီးတော့ ဆောင်ရွက်သွားပါဆိုပြီးတော့ အသိပေးတယ်ပေါ့နော်။ ကျွန်တော်တို့ကလည်း သိရှိပါတယ် ဆိုပြီးတော့ လက်မှတ်ထိုးခဲ့ပါတယ်။" ပုသိမ်မြို့နယ် မြိုနယ်အုပ်ချုပ်ရေးမှုး၊ စိုက်ပျိုးရေးဌာန၊ မြေစာရင်းဦးစီးဌာန နဲ့ ကျေးရွာအုပ်ချုပ်ရေးမှုး တို့က သူတို့ရှေ့မောက်မှာ ခေါ်ယူ လက်မှတ်ထိုးခိုင်းခဲ့တာ ဖြစ်ပါတယ်။ လယ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်နဲ့ ပတ်သက်ပြီး တရားဝင်ဥပဒေ ပြဌာန်းထားပြီး၊ နည်းဥပဒေ အဖြစ် အလုပ်သမား သမဂ္ဂဖွဲ့စည်းခွင့် နည်းဥပဒေမှာ အကျုံးဝင်တယ်လို့ အလုပ်သမား လယ်သမား အရေး ဆောင်ရွက်နေသူ ရှေ့နေ ဦးဌေးကတော့ ပြောပါတယ်။ "အလုပ်သမား အဖွဲ့အစည်းဥပဒေထဲမှာပဲ သူတို့က အကျုံးဝင်တာပေါ့လေ။ သူက မြေယာ ဥပဒေမှာတော့ သူက ညွှန်းထားတယ်။ တောင်သူလယ်သမား အဖွဲ့အစည်း ဖွဲ့စည်းနိုင်သည်ဆိုပြီးတော့ သူက ညွှန်းထားတယ်။ ပုဒ်မ ၃၈ မှာ ဆိုထားတယ်။ ကျွန်တော်တို့ ဥပဒေအမြင်ကျတော့ နည်းဥပဒေ မလိုဘူးပေါ့ဗျာ။ အလုပ်သမားထဲမှာဆိုရင် သူက အမြဲတန်း အလုပ်သမား၊ ယာယီ အလုပ်သမား၊ စိုက်ပျိုးရေးအလုပ်သမား၊ အိမ်အကူအလုပ်သမား၊ အစိုးရ ၀န်ထမ်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း ဖြစ်ဖြစ် စီးပွားရေးလုပ်ငန်း ဖြစ်ဖြစ် မိမိတို့ လုပ်အားနဲ့ လုပ်ကိုင်သူလို့ အဓိပ္ပါယ် ဖွင့်ဆိုတာကိုး အလုပ်သမားကို။ အဲဒီတော့ သူက အလုပ်သမားထဲမှာ ပါတယ်။ နည်းဥပဒေမှာတော့ လယ်သမားနဲ့ ပတ်သက်လို့ တခါ ညွှန်းထားတာက လယ် ၁၀ ဧကနဲ့ အထက်ရှိရင် ပိုင်ရှင် စာရင်းထဲ ပါသွားတယ်။" ပုသိမ်မြို့ကြက်ပေါင်အုပ်စု လယ်သမားတွေကတော့ လယ်သမားတွေရဲ့ အခွင့်အရေးတွေကို အမှန်တကယ် အကာအကွယ် ပေးနိုင်မယ့် လယ်သမားသမဂ္ဂ တစ်ရပ်ပေါ်ထွန်းလာတဲ့ အထိ ဆက်လက် ဆောက်ရွက်သွားမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
RFA-Burmese
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger