၇၃ လမ်းမကြီးပေါ်ရှိ တပ်စည်ပင်ဈေးမျက်နှာစာကို ယခုလ ပထမပတ်က တွေ့ရစဉ်။
ဓာတ်ပုံ - ဖြိုးဝေကျော်
မန္တလေးမြို့ တက္ကသိုလ်အနီး၊ အသွားအလာ ထူထပ်ရာ ၇၃ လမ်းမကြီး ပေါ်ရှိ မန္တလေးတပ်မြို့စည်ပင်သာယာဈေးမှ လူနေဆိုင်ခန်းများ၏ လစဉ်ငှားရမ်းခများကို အဆများစွာတိုးမြှင့်လိုက်ရာ ၎င်း ကိစ္စအပေါ် ဈေးသူဈေးသားများ စုပေါင်းကာ သမ္မတနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ထံသို့ အသနားခံစာ တင်ထားကြောင်း သိရသည်။
"ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့က ဒီဈေး ရဲ့ ၇၃ လမ်း မျက်နှာစာမှာရှိတဲ့ ဆိုင်ခန်းတွေရဲ့ ဆိုင်ခန်းခတွေကို တစ်လကို ကျပ် ၁၂,၀၀၀ ကနေ ကျပ် ၈၀,၀၀၀၊ ဈေး အတွင်းထဲက အခန်းခတွေကို တစ်လကို ကျပ် ၇,၀၀၀ ကနေ ကျပ် ၆၀,၀၀၀ ကို တိုးမြှင့်ကောက်ခံမယ်လို့ တပ်နယ်မှူး ဗိုလ်မှူးချုပ်ဘိုလွင်နဲ့ တပ်မြို့စည်ပင်သာယာရေးအဖွဲ့ အတွင်းရေးမှူး ဒေါ်တင့်တင့်လွင် တို့က ဈေးသူဈေးသားတွေကို ခေါ်ယူအသိပေး ခဲ့ပါတယ်။ ဒီဈေးနားမှာ အခွန်လွတ်ဈေးလည်း ရှိနေတော့ အရောင်း အ၀ယ်က အရမ်းပါးပါတယ်။ အခု ဆိုင်ခန်းခ မသွင်းရင် ချိတ်ပိတ်မယ် လို့ပြောတော့ တချို့အပိတ်မခံနိုင်တဲ့သူတွေလည်း ချေးငှားပြီး ငွေသွင်းကြတယ်။ ကျွန်တော်တို့ကတော့ နဂိုနှုန်းထား အတိုင်းကနေ အလွန်ဆုံး တက်ရင် ကျပ် ၅၀၀ လောက်ပဲ တက်စေချင်ပါတယ်"ဟု ဈေးဆိုင်ခန်းရှင်များ ဖြစ်သော ဦးစိုးလွင် နှင့် ဦးထွန်းလင်းတို့က ပြောသည်။
၎င်းတို့ အပါအ၀င် ဈေးသူဈေးသား များစုပေါင်းကာ ဆိုင်ခန်းခများလျှော့ချ ပေးရေးအတွက် သမ္မတနှင့် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ထံသို့ ယခုလ ၃ ရက် နေ့စွဲဖြင့် အသနားခံစာတင်ထားကြောင်း၊ အဆိုပါဈေးတွင် ဆိုင်ခန်းပေါင်း ၇၀ နီး ပါးရှိပြီး ကန်ထရိုက်စနစ်ဖြင့် ဆောက် လုပ်ရောင်းချခဲ့ရာ ထိုကန်ထရိုက်ထံမှ ဆောက်လုပ်ပြီးအခန်းကို ကာလပေါက် ဈေးဖြင့် အပြတ်ပေးဝယ်ကာ မြေငှားခ ပေးခဲ့ရကြောင်း ပြောသည်။
"အဘိုးက ပင်စင်စားပါ။ ပင်စင်လစာကမှ ကျပ် ၂၀, ၀၀၀ လောက်ပဲရတာ။ ဈေးအတွင်းဆိုင်ခန်းတွေက ဈေးရောင်း ကောင်းဖို့ ခက်တယ်၊ လူနေဖို့ပဲရပါ တယ်။ နေဖို့အခက်အခဲဖြစ်တော့ နောက် ဆုံးမဖြစ်ရင် ဆိုင်ခန်းခကို ရှာကြံပြီးပေး ရမှာ"ဟု ဈေးအတွင်း ဆိုင်ခန်းရှင် ဖြစ်သူ ဦးလေးမောင်က ပြောသည်။
၁၂ ပေx ၂၅ ပေ အကျယ်ရှိ ဆိုင်ခန်း များကို ၁၉၉၀ ပြည့်နှစ်မှစ၍ တစ်ခန်း လျှင် တစ်လ ကျပ် ၂၅၀ နှုန်း မြေငှားခ (ဆိုင်ခန်းခ) ပေးဆောင်ခဲ့ရကြောင်း၊ ၂၀၀၆-၀၇ ခုနှစ် ဧပြီလမှစ၍ တစ်ခန်း လျှင် ကျပ် ၁,၅၀၀၊ ထိုမှ ကျပ် ၂,၀၀၀ ၊ ကျပ် ၃,၀၀၀၊ ကျပ် ၄,၀၀၀ မှ ၇,၀၀၀ သို့ တိုးမြှင့် ပေးဆောင်ခဲ့ရကြောင်း ဆိုင်ခန်း ရှင်များက ပြောသည်။
"ဆိုင်ခန်းခတွေ တိုးမယ်လို့ ခေါ်ပြော တဲ့နေ့က တချို့လူတွေပြန်သွားတဲ့အခါ ကျန်နေတဲ့သူတွေနဲ့ပြန်ညှိနှိုင်းပြီး ကျပ် ၁၂,၀၀၀ ကနေ ကျပ် ၆၀,၀၀၀၊ ကျပ် ၇,၀၀၀ ကနေ ကျပ် ၅၀,၀၀၀ ကောက်ဖို့ ပြန်သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။ ဒီလိုတိုးကောက်တာ အုတ်တံ တိုင်းခတ်ဖို့၊ ခြံခတ်ဖို့နဲ့ ဈေးလုံခြုံရေး အစောင့် ၀န်ထမ်းတွေခန့်ဖို့ ငွေလိုလို့ ကောက်တာလို့ တပ်နယ်မှူးက ပြောပါ တယ်။ ကျွန်တော်တို့က ကိုယ်ထူကိုယ်ထ စနစ်နဲ့ပဲ လုံခြုံရေး၊ သန့်ရှင်းရေးတွေ လုပ်နေခဲ့တာ ဈေးထဲမှာ အပ်တိုတစ်ချောင်း၊ ခရမ်းချဉ်သီး တစ်လုံး မပျောက်ဖူးပါဘူး။ ဆိုင်ခန်းခကို အရင်က ကျပ် တစ်လ ၇,၀၀၀ တောင် လတွေပေါင်းပြီးမှ ပေးနိုင်ကြသူတွေရှိတယ်။ အခုလို တိုးလိုက်တော့ ငိုယိုပြီး မကောက်ဖို့တောင်းပန်ကြတာမျိုးတွေအထိ ဖြစ်ကုန်တယ်"ဟု ဦးစိုးလွင်နှင့် ဦးထွန်းလင်းတို့က ဆက်လက် ပြောသည်။

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။