လပွတ္တာလယ်သမားတွေ မြေစာရင်းရုံးမှာ လယ်ယာမြေပြန်လည်ခွဲဝေပေးဖို့တောင်းဆို ဧရာဝတီတိုင်း

Thursday, May 24, 20120 မှတ်ချက်များ

လပွတ္တာမြို့နယ်မှာရှိတဲ့ လယ်ယာမြေပေါင်း(၅၆၀)ကျော်ကို
ဌာနဆိုင်ရာတွေကသိမ်းယူပြီးသီးစားပြန်ချပါတယ်။ တောင်သူလယ်သမားပေါင်း (၆၅)ဦးက
သူတို့သိမ်းခံရတဲ့လယ်ယာမြေတွေကို ပြန်လည်ခွဲဝေပေးဖို့
၂၀၁၂ခုနှစ်၊မေလ(၂၂)ရက် နံနက် (၁၀း၀၀)နာရီမှာ မြို့နယ်မြေစာရင်းရုံးသို့
ချီတက်ပြီး အရေးဆိုခဲ့ပါတယ်။ မြေယာမှုခင်းအဖြစ်
ဥပဒေအတိုင်ပင်ခံဦးဖိုးဖြူနှင့်ရှေ့နေအဖွဲ့က အဲဒီမြေစာရင်းရုံးမှာဘဲ
မြေယာပြန်လည်ခွဲဝေပေးဖို့ တင်သွင်းခဲ့ပါတယ်။ အဲဒီလိုဆောင်ရွက်နိုင်ဖို့
ဒေသခံတောင်သူလယ်သမားတွေနှင့်
ဆွေးနွေးညှိနှိုင်းမှုအကြိမ်ကြိမ်ပြုလုပ်ခဲ့ရပြီး
လယ်ယာရေးရာအချက်အလက်အမှန်များ ကောက်ယူစုဆောင်းမှုနှင့် လယ်ယာမြေဥပဒေရေးရာ
ပြင်ဆင်မှုများ ပြုလုပ်ခဲ့ရပါတယ်။ ပြဌာန်းပြီးဖြစ်တဲ့ ၂၀၁၂ခုနှစ်၊
လယ်ယာမြေဥပဒေအရ တရားမျှတမှုရနိုင်စွမ်းရှိ/မရှိ စမ်းသပ်စိန်ခေါ်သော
ပထမဆုံးတင်သွင်းတဲ့လယ်ယာမြေမှုခင်းဖြစ်ပါတယ်။

ဦးဖိုးဖြူ
ဥပဒေအတိုင်ပင်ခံ
Purple Equity Law Firm
ဥပဒေရုံး-တိုက်အမှတ်-၁၈၅၊၃လွှာ၊ယာဘက်၊အတွင်းခန်း
အမှတ်(၁)၊၃၈လမ်း၊ကျောက်တံတားမြို့နယ်။
ဖုန်း-၀၉၇၃၀၀၀၄၄၁၊ ၀၉၄၃၀၄၀၇၆၉၊ ၀၁-၃၈၉၂၉၆

မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန
လပွတ္တာမြို့နယ်၊ လပွတ္တာခရိုင်
ဧရာဝတီတိုင်းဒေသကြီး
မြေယာမူလမှုအမှတ်- /၂၀၁၂

၁။ ဦးမောင်ဟန်ပါ(၆၅)ဦး လျှောက်ထားသူများ
သဲဖြူကျေးရွာ၊ ညောင်လိန်ကျေးရွာအုပ်စု (တောင်သူလယ်သမားများ)
လပွတ္တာမြို့နယ်။
နှင့်
၁။ မြို့နယ်အုပ်ချုပ်ရေးမှူး
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လျှောက်ထားခံရသူများ
၂။ မြို့နယ်တရားသူကြီး
မြို့နယ်တရားရုံး
၃။ မြို့နယ်ရဲတပ်ဖွဲ့မှူး
မြို့နယ်ရဲတပ်ဖွဲ့
၎။ မြို့နယ်ဥပဒေအရာရှိ
မြို့နယ်ဥပဒေရုံး
၅။ မြို့နယ်မန်နေဂျာ
မြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ
လပွတ္တာမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး။

လယ်သမား(၆၅)ဦးတို့၏ အဓိကအသက်မွေးဝမ်းကျောင်းအဖြစ်
စိုက်ပျိုးလုပ်ကိုင်ခဲ့သောလယ်ယာမြေများကို ၀န်ထမ်းသက်သာအဖွဲ့ဖွဲ့၍
လယ်သိမ်းယူခဲ့ခြင်းအပေါ် ပြန်လည်စိုက်ပျိုးလုပ်ကိုင်နိုင်ရန်အတွက်
တရားဝင်လယ်ယာမြေ လုပ်ကိုင်ခွင့်ပြုလက်မှတ်ထုတ်ပေးပါရန်အတွက် မြေပုံကူးယူခွင့်နှင့်
အမှုတွဲတည်ဆောက်ခွင့် လျှောက်ထားခြင်း
အထက်အမှုပုံစံပါ ဦးမောင်ဟန်ပါ(၆၅)ဦးက အောက် ပါအတိုင်း
အဆိုလွှာတင်သွင်း၍ လျှောက်ထားအပ်ပါ သည်။

သို့
ဦးစီးအရာရှိ
မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန
လပွတ္တာမြိ့နယ်၊ ဧရာဝတီတိုင်းဒေသကြီး။

၁။ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ညောင်လိန်ကျေးရွာအုပ်စု၊
သဲဖြူကျေးရွာ၊ ပျဉ်ထောင်ကုန်း၊ သရက်ပင်ကွင်းအမှတ်-(၅၅၁/က)၊ ကွင်းရှိ
(၅၆၅)ဧကအား လယ်သမားများက ဘိုးဘွားစဉ်ဆက်နှစ်ပေါင်းများစွာကတည်းက
ဓါးမဦးချလုပ်ကိုင်ခဲ့သောလယ်မြေများ ဖြစ်သည်။ အဆိုပါလယ်မြေများကို
နိုင်ငံတော်မှစည်းကြပ်ထားသောအခွန်ထမ်းဆောင်၍
ပြေစာမြေစာရင်းအမည်ပေါက်ဖြင့် စိုက်ပျိုးလုပ်ကိုင် ခဲ့ပါသည်။
၂။ ယင်းလယ်ယာမြေများတွင် လယ်သမားကြီးများသည်
စီမံကိန်းဝင်သီးနှံများစိုက်ပျိုးလျှက်
နိုင်ငံတော်သို့တာဝန်ကျေစပါးများရောင်းချ ပေးရပါသော်လည်း လယ်မြေများသည်
သီးနှံအထွက်နှုန်းအလွန်ကောင်းသောမြေအမျိုးအစားဖြစ်၍ စားဝတ်နေရေးအတွက်
ပြေလည်မှုရှိ ကြပါသည်။
၃။ သို့သော် ၁၉၉၃ခုနှစ်၊ မေလတွင် မ.ယ.က ဥက္ကဌနှင့်အဖွဲ့ဝင်များသည်
လယ်သမားတို့၏ လယ်ယာမြေများကို စားကျက်ကျူးကျော် မြေများဟု ဆိုကာ
စုစုပေါင်းလယ်ဧက(၅၆၀)ကိုသိမ်းယူပြီး ၀န်ထမ်းသက်သာလယ်မြေများအဖြစ်
အထက်ပုံစံပါဖော်ပြထားသည့် လျှောက်ထား ခံရသောဌာနဆိုင်ရာများကို
လယ်ဧက(၂၅၅)ဧကအား ခွဲဝေပေးခဲ့ပါသည်။ ထိုသို့ခွဲဝေပေးသောလယ်မြေများကို
ဌာနဆိုင်ရာများမှ တစ်ရာသီ လျှင် တစ်ဧက စပါး(၁၅)တင်းဖြင့် သီးစားချထားရာ
မြေသိမ်းခံရသောလယ်သမားအနည်းငယ်သာ ငှားရမ်းခွင့်ရရှိပြီး အများစုမှာ
လယ်မဲ့ယာမဲ့ ဘ၀သို့ ရောက်ရှိသွားကြသည်။
၎။ ကျန်လယ်ဧက(၃၁၀)အား သဲဖြူကျေးရွာ ရ.ယ.က အဖွဲ့ဝင်များက ထပ်မံ၍
ခွဲဝေယူကြပြီး တစ်ဧကလျှင် ငွေကျပ်ငါးသောင်းနှုန်း လေလံစနစ်ဖြင့်
ငွေရှင်ကြေးရှင်စီးပွားရေးသမားများထံ လွှဲပြောင်းရောင်းချခဲ့ပါသည်။
၅။ အဆိုပါလယ်မြေများရောင်းချခြင်းသည် ၁၉၅၃ခုနှစ်၊
လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေပုဒ်မ-၃၉(လန-၃၉)အား ချိုးဖောက်
ခြင်းဖြစ်သည်။ အထက်အပိုဒ်(၄)ပါ လယ်ယာမြေသိမ်းယူခြင်းမှာ ၁၉၆၃ခုနှစ်၊
တောင်သူလယ်သမားအခွင့်အရေးကာကွယ်သည့်ဥပဒေအား ချိုးဖောက်ရာရောက်သည့်ပြင်
အဆိုပါအခင်းဖြစ်ချိန်မှာ ယင်းတည်ဆဲဥပဒေတွင် အကျုံးဝင်သောကြောင့်
ယင်းလယ်ယာမြေများအား နိုင်ငံပိုင် သိမ်းခြင်းမှာ ဥပဒေအရ
တရားမျှတကိုက်ညီမှုမရှိပါ။ ထို့ပြင်စိုက်ပျိုးဆဲလယ်ယာမြေများကို အစိုးရက
အများပြည်သူအတွက် နိုင်ငံပိုင် သိမ်းယူခွင့်ကို ၁၉၆၃ခုနှစ်၊
တောင်သူလယ်သမားအခွင့်အရေးကာကွယ်သည့်ဥပဒေတွင် ပြဌာန်းထားပါသည်။
အများပြည်သူအကျိုးအတွက် သိမ်းယူခြင်းကိုပြဌာန်းပါသည်။
နိုင်ငံတော်အခွန်ဘဏ္ဍာဖြင့် လစာငွေပေးထားပါလျှက် ၀န်ထမ်းသက်သာငွေရရှိရေး၊
ပုဂ္ဂလိကသို့ ရောင်းစား ရေး၊ လယ်သိမ်းရန် ပြဌာန်းမထားပါ။
၆။ အဆိုပါသိမ်းယူထားသောလယ်ယာမြေများကို ဌာနဆိုင်ရာများက
သီးစားချထားလိုလျှင် လက်ရှိလုပ်ကိုင်နေသော(လက်ငုတ်)သူကို
ပင်ပြန်လည်သီးစားချထားရမည်ဟု ၁၉၅၃ခုနှစ်၊
လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေတွင် ဖော်ပြထားသည်။
ယင်းလယ်ယာမြေများ သည် ဘိုးဘွားစဉ်ဆက်စိုက်ပျိုးလုပ်ကိုင်ခဲ့သည့်
လယ်မြေများဖြစ်သည့်ပြင် ၄င်းတို့၏အိမ်ထောင်ရှိလူအများစုမှာလည်း
လယ်ယာလုပ်ကိုင် သူများဖြစ်၍
လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေပုဒ်မ-၅ အရ ပြန်လည်သိမ်းယူခြင်းမှ
ကင်းလွတ်ခွင့်ရမည်ဖြစ်သည်။

သို့ဖြစ်ပါ၍

(၁) ဤလယ်ယာမူလမှုလျှောက်ထားချက်အား လက်ခံ ပြီး
(၂) လက်လွှတ်ဆုံးရှုံးခဲ့ရသော လယ်သမားကြီးများ၏ ဦးပိုင်အမည်ပေါက်
အခွန်ပေးဆောင်၍ လုပ်ကိုင်ခဲ့ ရသော လယ်ယာမြေများအား ပြန်လည်စိုက်ပျိုး
လုပ်ကိုင်နိုင်ခွင့်
(၃) တရားဝင်လယ်ယာမြေလုပ်ပိုင်ခွင့် အသိအမှတ်ပြု လက်မှတ်ထုတ်ပေးပါရန်နှင့်
(၄) တရားဝင်အခွန်ထမ်းဆောင်နိုင်ရန်အတွက် အခွန် ပြေစာထုတ်ပေးပါရန်
(၅) မြေပုံကူးယူခွင့်နှင့် အမှုတွဲတည်ဆောက်ခွင့်ပြုပါရန် အတွက်
တင်ပြလျှောက်ထားပါသည်။

လျှောက်ထားသူ
တောင်သူလယ်သမားများ


၂၀၁၂ခုနှစ်၊ မေလ (၂၂)ရက်
မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန
လပွတ္တာမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး။
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger