ကချင် စစ်ရှောင်စခန်းရှိ ကလေးငယ်များ ပညာသင်ရေး အခက်အခဲရှိနေ

Wednesday, May 16, 20120 မှတ်ချက်များ

ကချင်ပြည်နယ် မန့်ဝိုင်းကြီး စစ်ဘေးရှောင်စခန်း အနီးတစ်ဝိုက်မှလွဲ၍ ဝေးကွာသည့်နေရာများရှိ ကလေးငယ်များမှာ စာသင်ကြားခွင့် အခက်အခဲရှိနေကြသည်ဟု အကူ အညီ သွားရောက်ပေးအပ် နေကြသူအဖွဲ့များထံမှ သိရသည်။
ကချင်ပြည်နယ်တွင်း၌ ပြီးခဲ့သည့်နှစ် ဇွန်လမှစ၍ အစိုးရတပ်နှင့် ကေအိုင်အိုကြား ပဋိပက္ခများကြောင့် စစ်ဘေးရှောင်စခန်းများသို့ ရောက်ရှိနေသော ကလေးငယ် ၁ဝဝဝ ကျော်ထဲမှ အများစုမှာ ထိုကဲ့သို့ အခက်အခဲများရှိနေကြသည်ဟု မန့် ဝိုင်းကြီးစခန်းမှ ပြန်ရောက်လာသူ ဦးဘိုဘိုက ပြောသည်။
”အဓိကကတော့ ကလေးတွ စာသင်ဖို့အတွက်ကို တိကျရေရာတဲ့ အစီအမံတွေ အဲဒီ့နေရာတွေမှာ မရှိကြတာပေါ့၊ ကလေးတွေ မေးကြည့်တော့လည်း မသိသလို၊ လူကြီးတွေကလည်း စီစဉ်တုံးပဲလို့ပဲဖြေကြတယ်” ဟု ၄င်းက ပြောသည်။
မန့်ဝိုင်းကြီး အနီးရှိ ငါနောင်းပါးခန်းတွင် စာသင်ကျောင်းတစ် ကျောင်းရှိသော်လည်း၊ စာသင်ခုံများ ကျောင်းသုံးပစ္စည်းများ အကူအညီ လိုအပ်နေကြကြောင်းလည်း အဖြူရောင်တွဲလက်များ အဖွဲ့မှ သိရသည်။
ရွာပေါင်း ၂၂ ရွာမှ ထွက်ပြေး တိမ်းရှောင်နေကြသော ရန်လုံစခန်းတွင်လည်း မူလတန်းကျောင်းသား ၂ဝဝ ရှိနေရာ စာသင်ကြားရမည့် စာသင်ခန်းများ လိုအပ်နေသည်ဟု ကူညီမှုပြုပေးနေသူမဇင်မာအောင်က ပြောသည်။
မန့်ဝိုင်းကြီးစခန်းမှ ယခုရက်ပိုင်းအတွင်း ပြန်လာသူ ဦးဘိုဘိုက ”ဆရာမတွေတော့ရှိနေပါတယ်၊ ဒါပေမဲ့ လုံလုံလောက်လောက်တော့ မဟုတ်ဘူး၊ တိမ်းရှောင်စခန်း ဆိုတော့ ယာယီတဲတွေဆောက်ပြီး ဖြစ်သလို နေကြရတာဆိုတော့၊ အဓိကက ထပ်ချဲ့ပြီးဆောက်ကြမှ ဖြစ်မှာပါ၊ အဓိကလိုနေတာက ဆောက်ဖို့ပစ္စည်းနဲ့ သင်ထောက် ကူ ကျောင်းသုံးပစ္စည်းတွေပါပဲ”ဟု ပြောသည်။
ကချင်ပြည်နယ်အတွင်း အစိုးရလက်အောက်ခံ စာသင်ကျောင်းများ နှင့် ကေအိုင်အိုလက်အောက်ခံ စာသင်ကျောင်းများဟူ၍ ရှိနေရာ စစ်ဒဏ်ကြောင့် နှစ်ဖက်စာ သင်ကျောင်းများ ပျက်စီးခဲ့မှုအချို့နှင့် စွန့်ခွာမှုများပြု လုပ်ခဲ့ရသည့်အတွက် ကျောင်းသားများအနေဖြင့် စာသင်နှစ်အမီ ထိုကဲ့သို့စာသင်ကျောင်း မလုံလောက် မှု ပြဿနာနှင့် ရင်ဆိုင်နေကြရသည်ဟု သိရသည်။
တရုတ်ပြည်ဘက်ခြမ်း၊ တရုတ်ပြည်နယ်စပ်ရှိ ခရစ်ယာန် သာသနာပြု ဘုန်းတော်ကြီးတစ်ဦးက ကုလသမဂ္ဂအဖွဲ့များမှ အကူအညီများ ရောက်ရှိနေသည့် သတင်းများပါ ပြီးသွားသည့် အချိန်မှစကာ၊ အကူ အညီမလိုတော့ဘူးဟူ၍ ထင်သွားပုံရကာ လာရောက်ကြသူများ မရှိ တော့ကြောင်း လက်ရှိအခြေအနေ ကို ရှင်းပြသည်။
၎င်းက ”အကူအညီတွေက အမှန်တကယ်တော့ အရမ်းကိုလိုအပ်နေဆဲပါ။ အခုစစ်ပွဲတွေ ဖြိုးဖြိုးဖြောက်ဖြောက် ဖြစ်နေတဲ့အချိန်မှာ ဒုက္ခသည်တွေ ထပ်တိုးလာဖို့ပဲ ရှိနေ ပါတယ်”ဟု ဆက်လက်ကာ ပြောသည်။
လက်ရှိစာရင်းများအရ ပြည်နယ်တစ်ခုလုံးတွင် စစ်ဘေးရှောင်ဦးရေ ငါးသောင်းကျော်ရှိပြီး၊ ကလေးငယ်များမှာ လေးပုံတစ်ပုံခန့်ရှိနေရာ ယခုထက်ပိုမိုများလာနိုင်ခြေ လည်း ရှိနေသည်ဟု သွားရောက်ကူညီ ကြသူများထံမှ သိရသည်။
Popular Myanmar News Journal
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger