မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ် ထိန်းသိမ်းမှု လုပ်ငန်းနဲ့ စွမ်းရည် ဖွံ့ဖြိုး တိုးတက်မှု စီမံကိန်း များကို အပိုင်း ၃ ပိုင်းနဲ့ အကောင်အထည်ဖော်
ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ ရှေးဟောင်း သုတေသန အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနရဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။ ဒီလို ဆောင်ရွက် ရာမှာ ပထမ အဆင့် စီမံကိန်း အနေနဲ့ ယဉ်ကျေးမှု အမွေအနှစ် ဆိုင်ရာ နေရာ ဒေသတို့မှာ လက်တွေ့ ကာကွယ်မှုနဲ့ စီမံခန့်ခွဲမှု လုပ်ငန်းများ ပို့ချပေးမှာ ဖြစ်ပါတယ်။
အဆိုပါ ပို့ချမှုကိုတော့ သရေခေတ္တရာနဲ့ ရန်ကုန်တို့မှာ ရှေးဟောင်း သုတေသန အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနတို့မှ သက်ဆိုင်ရာ ပညာရှင်များနဲ့ Site Management သင်တန်းများ ပို့ချမှာ ဖြစ်ပါတယ်။ နံရံ ပန်းချီနဲ့ အင်္ဂတေပန်း ထိန်းသိမ်းခြင်း သင်တန်းများ ကိုတော့ ပုဂံဒေသမှာ ပြည်ပမှ ပညာရှင်များက စာတွေ့လက်တွေ့ ပို့ချပေးခြင်း အစရှိတာ ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ စီမံကိန်း ၂ မှာတော့ ပထ၀ီဆိုင်ရာ သတင်းအချက် နည်းပညာကို အခြေပြုပြီး ယဉ်ကျေးမှု အမွေအနှစ်များရဲ့ အချက်အလက် စီမံခန့်ခွဲမှု အစီအစဉ် သင်တန်းများကို ယူနက်စကိုမှ ပညာရှင် များက သင်ကြား ပို့ချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
စီမံကိန်း ၃ အနေ နဲ့တော့ ကမ္ဘာ့ အမွေအနှစ် စာရင်းမှာ မြန်မာနိုင်ငံမှ ယဉ်ကျေးမှု နေရာ အချို့ကို အမည် တင်သွင်းနိုင်ရေး အစီအစဉ် များကို အဆိုပြုစာရင်းတင်သွင်းနိုင်ရေးအတွက် မူဝါဒဆိုင်ရာနဲ့ နည်းပညာဆိုင်ရာ ပံ့ပိုးကူညီပေးခြင်း စတာတွေပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ဆောင်ရွက်မှု များကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလက စတင်ပြီး ယူနက်စကို ကြီးကြပ်မှုနဲ့ အီတလီ အစိုးရမှ ထောက်ပံ့ ထားတဲ့ ယူရိုငွေ ၄ သိန်းနဲ့ ဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။