ဒေါ်အောင်ဆန်းစုကြည်ကို အမြဲ အားကိုးနေရန် မဖြစ်ဟု NLD ပြော""

Saturday, September 15, 20120 မှတ်ချက်များ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ
 အနေဖြင့် လူပုဂ္ဂိုလ် တဦးတည်းကို မှီခို
အားထားသော ပါတီ မဖြစ်စေရေးအတွက်
 ပြုပြင်မှုများလုပ်ဆောင်နေကြောင်း၊
 ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က

၎င်းနေရာအား ဝင်ရောက်လုပ်ကိုင်နိုင်မည့်သူအား စဉ်းစားနေကြောင်း
 ပါတီ နာယက ဦးတင်ဦး က ပြောသည်။

NLD ပါတီသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးပါတီများထဲတွင် သြဇာအင်အား အကြီးဆုံးဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည် မရှိလျင် ပါတီမရှိနိုင်တော့ဟု
 ပြောဆိုဝေဖန်မှုများလည်း ရှိနေသည်။

သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ခေါင်းဆောင်များက လူငယ်သွေးသစ်များအား သွေးသစ်လောင်း၍ အားဖြည့်ရန် ပြင်ဆင်နေ
သည်ဟုဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောပေါက်တဲ့အတွက် သူ့နေရာမှာ လာပြီး ဝင်ပြီး လုပ်ကိုင်နိုင်သူနဲ့ပတ်သက်ပြီး အခြေအနေ ဖန်တီးဖို့ သူ့ခေါင်းထဲမှာရှိတယ်၊
သူ စဉ်းစားထားတယ်၊

ကျနော်တို့လည်း စဉ်းစားထားတယ်၊ တဦးကောင်း လုပ်တဲ့ နိုင်ငံရေးဟာ မမြဲပါဘူး
” ဟု ဦးတင်ဦး က ပြောသည်။

လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၈ အရေးတော်ပုံမှစ၍ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက် ဝင်ရောက်ခဲ့ပြီး ဦးဆောင်သူ တဦး ဖြစ်လာခဲ့သည်။ ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲတွင် တနိုင်ငံလုံး မဲအပြတ်အသတ် အနိုင်ရရှိခဲ့သော်လည်း အစိုးရက အာဏာလွှဲပြောင်းပေးအပ်ခြင်း မပြုခဲ့ပေ။

နောက်ပိုင်းတွင် နေအိမ်အကျယ်ချုပ် အကြိမ်ကြိမ် ချထားခြင်းခံခဲ့ရပြီး စစ်အစိုးရက
ဦးဆောင်ကျင်းပသော ၂၀၁၀ ရွေးကောက်ပွဲအပြီး တပတ်အကြာတွင်
လွှတ်မြောက်ခဲ့သည်။

ထို့နောက် ကြားဖြတ်ရွေးကောက်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲအပြတ်အသတ် အနိုင်ရရှိကာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦး ဖြစ်လာခဲ့သည်။

မဲဆန္ဒရှင်အများစုက ဒေါ်အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေးအရ အားကိုးမျှော်လင့်မှုများဖြင့် မဲဆန္ဒ ပေးခဲ့ခြင်းဖြစ်ကြောင်း ဝေဖန်သံများ ထွက်ပေါ်နေသော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီက ယင်းသို့ မဖြစ်စေရေးအတွက် ယခုအခါ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု ဆိုသည်။

ထို့ကြောင့် ပါတီအနာဂတ်အတွက် လူငယ်များကို ဦးစားပေးသွားမည် ဖြစ်ကြောင်း၊
ထို့အတူ ပါတီ ဗဟိုအဖွဲ့ချုပ်တွင် လည်း ယခုလမှ စတင်ကာ ပြည်နယ်နှင့် တိုင်းအသီးသီးရှိ အဖွဲ့ချုပ်အဖွဲ့ဝင်လူငယ်များကိုလည်း နိုင်ငံရေးစွမ်းရည်မြှင့်တင်ရေး သင်တန်းများ
 ပေးနေပြီဖြစ်ကြောင်း သိရသည်။

လူငယ်များဖြင့် အားဖြည့်ထားသော NLD ပါတီအနေဖြင့် နောက်ပိုင်းတွင်
တက်ကြွမြန်ဆန်သည့် ပါတီတရပ်အဖြစ် မြင်တွေ့ လာရမည်ဖြစ်သကဲ့သို့ နိုင်ငံရေး
ပါတီများအကြား ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာနိုင်သည်ဟု ဦးတင်ဦးကပြောသည်။

“ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ ယှဉ်ပြိုင်ရမယ့်ကိစ္စသည် အရင်ကလို မလွယ်ဘူး၊
အဲဒါကြောင့် လုပ်ရမယ်၊ အဲဒါနဲ့ပတ်သက်လို့ လုပ်တဲ့နေရာမှာ ပိုမိုပြီးတော့ ပြည်သူလူထု ယုံကြည်မှုရဖို့အတွက် ညီညွှတ်နိုင်တဲ့ အားဖြစ်အောင် ကြိုးစားမယ်” ဟု သူကပြောသည်။

NLD ဖြစ်တည်လာရခြင်းသည် ၁၉၈၈ အရေးတော်ပုံ၏ ကိုယ်ကျိုးစွန့်မှုများမှ ဖြစ်တည်
လာရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်း ပြည်ပ ၈၈ မျိုးဆက်များအနေနှင့် ပါတီသို့ လာရောက်ပူးပေါင်းလိုပါက ကြိုဆိုကြောင်း NLD ၏ သဘောထားကို ပြောဆိုသည်။

ထို့ပြင် ပြည်တွင်း၊ ပြည်ပ ၈၈ မျိုးဆက်များနှင့် အခြားအတိုက်အခံ အင်အားစုများ အနေဖြင့်
ဒီမိုကရေစီအရေး ကြိုးပမ်းမှုကြောင့် ကြုံတွေ့ခဲ့ရသည့် အခက်ခဲအမျိုးမျိုးကိုလည်း
စာနာကြောင်းနှင့် ထိုအဖွဲ့များအနေဖြင့် ယခုချိန်ထိ NLD ပါတီသို့ ဝင်ရောက်ရန် ပြောဆိုခြင်းများမရှိသေးကြောင်း ဦးတင်ဦးက ရှင်းပြသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲသည် NLD က မဲအပြတ်အသတ် အနိုင်ရရှိလိမ့်မည်ဟု အများကမျှော်လင့်ထားသော်လည်း မလွယ်ကူကြောင်း၊ ပါတီကြီးတစ်ခုဖြစ်သော
 ကြံ့ခိုင်ရေး ပါတီ အပါအဝင် အခြားသောပါတီများကလည်း အားနည်းချက်များကို
 ပြုပြင်ကာ အရှိန်ရနေကြမည်ဆိုသည်ကို သတိရှိရန်လိုအပ်ကြောင်းလည်း
 ပြောဆိုသည်။

(ဧရာဝတီ) 
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger