အဆိုတော်တွေ ပညာပြခံရတဲ့ သင်္ကြန်

Monday, April 16, 20120 မှတ်ချက်များ

ဘောလုံးအကြောင်း ကျမ နားမလည်ပါ။ အနိုင်နဲ့ အရှုံး၊ ဘယ်သူက ဂိုးဘယ်လောက် ဆိုတာလောက်ပဲ သိပါတယ်။

အမှန်ကို ပြောရရင် ဘောလုံးပွဲကို လူတွေကြားမှာ၊ ပွဲကြည့်စင်မှာ ကြည့်ဖူးတာ ကျမအတွက် ဒါ ပထမဆုံးလို့တောင် ပြောလို့ရပါတယ်။

စင်ကာပူနိုင်ငံရောက်တုန်း ရောက်ခိုက် မြန်မာပြည်က ရန်ကုန်ယူနိုက်တက် အသင်းနဲ့ စင်ကာပူ ဟုမ်းအသင်း ကန်ကြမယ် ဆိုတဲ့ သတင်းကြားတော့ ကျမရဲ့ Asia Journalism Fellowship (AJF) ရောင်းရင်းတွေက ကြည့်ချင်တယ်၊ မြန်မာကို အားပေးချင်တယ် ဆိုတာနဲ့ အသိတယောက်က တဆင့် စီစဉ်ပြီး အဖွဲ့လိုက် သွားကြည့်ဖြစ်တာပါ။ ဘောလုံးအကြောင်း ဘယ်လောက် စိတ်မဝင်စားသလဲဆို ကွင်းထဲရောက်မှပဲ AFC Cup 2012 ပွဲ ဆိုတာ သိပါတယ်။

ပွဲကျင်းပရာ Bishan Stadium ကွင်းအစပ်ကို ရောက်တာနဲ့ အော်ဟစ်နေတဲ့ မြန်မာပရိသတ် လူတန်းကြီးကို အံ့မခန်း တွေ့လိုက်ရပါတယ်။

“ရန်ကုန်၊ ရန်ကုန်” လို့ အော်ဟစ်နေတဲ့ လူတန်းကြီးက ဂိတ်နံပါတ် ၁၊ ၂၊ ၃၊ ၄၊ ၅ တွေကနေ ဝင်လို့မရတော့လို့ ဂိတ်နံပါတ် ၆ ကို ရွှေ့ပေးလိုက်ရတော့ ကျမတို့လည်း ဒီလူတန်းကြီးကြားမှာ ညပ်ပြီး ဂိတ် နံပါတ် ၆ ကို ရောက်သွားပါတယ်။ ဘောလုံးပွဲ ဆိုတာကို တခါမှ live မကြည့်ဘူးတဲ့ ကျမအတွက်တော့ တကယ့် အထူးအဆန်းပါပဲ။ ဂိတ်ဝမှာ သယ်လာတဲ့ ရေဗူးတွေ၊ ထီးတွေ အကုန်ထားခဲ့ရတော့ ကျမရဲ့ ရေဗူးလေးကိုလည်း ပေးခဲ့ရပါတယ်။ ရေဗူးလေးတော့ ဆုံးပါပြီဆိုပြီး စိတ်မကောင်းစွာနဲ့ ပွဲကြည့်စင်ကို အရောက်မှာ ပွဲမစခင်ကတည်းက ကြောက်စရာကောင်းလောက်အောင် အားပေးနေတဲ့ မြန်မာပရိသတ်ကို တွေ့လိုက်ရတော့ ချန်ခဲ့ရတဲ့ ရေဗူးလေးကို မေ့သွားပါတော့တယ်။

ပွဲစတဲ့အချိန်မှာ သတိထားမိတာက စင်ကာပူအသင်းက လူတွေထက် မြန်မာအသင်းက လူတွေက လူကောင် တော်တော် သေးတာပဲ ဆိုတာပါ။ မြန်မာဘက်က ပါလာတဲ့ နိုင်ငံခြားသား ၂ ယောက်လည်း စင်ကာပူအသင်းကလူတွေထက် ညှပ်ပါတယ်။

ရန်ကုန်ယူနိုက်တက် အသင်းသားတွေ စင်ကာပူကို ထွက်မလာခင်မှာ သူတို့ အသင်းလူကြီးက စင်ကာပူမှာ ရောက်နေတဲ့ မြန်မာတွေက ငွေကုန်ခံ၊ အချိန်ကုန်ခံပြီး လာအားပေးရတာ၊ တချို့ဆို နေရာတကာမှာ အနှိမ်ခံရတာမျိုးတွေ ရှိတယ်၊ စင်ကာပူက မြန်မာပရိသတ်အတွက် အကောင်းဆုံးကန်ပေးခဲ့ပါလို့ မှာလိုက်တယ်လို့ သိရပါတယ်။

လက်မှတ်တစောင်ကို စင်ကာပူ ၇ ဒေါ်လာနဲ့ မြန်မာတွေချည်းပဲကို လက်မှတ် ၁၅၀၀ ရောင်းရတယ်လို့ ဒီပွဲဖြစ်မြောက်ရေးမှာ မြန်မာဘက်က ကူညီပေးသူ တဦးက ဆိုပါတယ်။ ဒီပွဲကို စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးလည်း လာကြည့်တာ တွေ့ရပါတယ်။

“ရန်ကုန်၊ ရန်ကုန်” ဆိုတဲ့ အားပေးသံတွေ၊ မြန်မာသီချင်းသံတွေက ကွင်းလုံးလျှံနေတော့ အတူပါလာတဲ့ စင်ကာပူနိုင်ငံ Channel News Asia (CNA) က သူငယ်ချင်းက “ဒီမှာ မြန်မာတွေ ဒီလောက်ပဲများသလား” လို့ မေးခွန်းထုတ်ပါတယ်။ စင်ကာပူ ပရိသတ်နဲ့ မြန်မာပရိသတ် တကန့်စီ အားပေးရတာဆိုတော့ ကျမနဲ့အတူ လိုက်လာတဲ့သူက မြန်မာတွေကြားထဲမှာ လာညပ်နေတာပါ။ သူက “စင်ကာပူမှာ မြန်မာတွေ ဘယ်လောက်တောင် ရောက်နေလဲ” ဆိုတဲ့ မေးခွန်းကို ကျမတို့ ရှေ့တန်းက လူတယောက်က “၃ သိန်း” ရှိတယ်လို့ ဖြေလိုက်တော့ သူ တော်တော် အံ့သြသွားပါတယ်။

ပွဲစပြီး နာရီဝက် အကြာမှာ မြန်မာက ၁ ဂိုးသွင်းနိုင်လိုက်တဲ့အချိန် ပရိသတ်ရဲ့ အားပေးသံ ကွင်းလုံးညံသွားတဲ့အပြင် သင်္ကြန်မိုး သီချင်းကို လက်ခုပ်တီးပြီး သံပြိုင်ဆိုကြ၊ က ကြ ပါတော့တယ်။ ကျမရဲ့ AJF ရောင်းရင်းတွေလည်း “ရန်ကုန်၊ ရန်ကုန်” ဆိုပြီး ရောယောင် အားပေးပါတယ်။

ပထမပိုင်း ပြီးတဲ့အထိ စင်ကာပူက ချေပဂိုး မသွင်းနိုင်ပါဘူး။ စင်ကာပူဘက်က ဘင်သံ တဒုံးဒုံးသာ ကြားရပြီး လူသံ မကြားရပါဘူး။ ကျမတို့နဲ့ မျက်စောင်းထိုးခပ်ကျကျ ရှေ့ပိုင်းမှာ စင်ကာပူ ကျောင်းသားလေးတွေ အယောက် ၃၀ လောက် တန်းစီ ထိုင်နေပေမယ့် ခပ်ငြိမ်ငြိမ် ထိုင်ကြည့်နေတာပဲ တွေ့ရတယ်။

ဒုတိယပိုင်းပြန်စပြီး ၆၆ မိနစ်မှာ စင်ကာပူဘက်က တဂိုးပြန်သွင်းလိုက်ပါတယ်။ အံ့သြစရာကောင်းတာက စင်ကာပူပရိသတ်ပါ။ ဘင်သံတဒုံးဒုံးက လွဲရင် လက်ခုပ်တောင်မတီးပါဘူး။ ကျမဘေးက Channel News Asia ဂျာနယ်လစ်ကတော့ လက်ခုပ် တဖျောက်ဖျောက် တီးပါတယ်။

ဂိုးသွင်းလိုက်တဲ့ စင်ကာပူက နံပါတ် ၁၀ က ကွင်းစပ်ထိ ပြေးလာပြီး ပရိသတ်ကို လက်ပြ အတင်းတောင်းဆိုမှ ရှေ့နားမှာ ထိုင်နေတဲ့ ကျောင်းသားလေးတွေ လက်ခုပ် တဖျောက်ဖျောက် တီးပါတယ်။ မတ်တပ်ထရပ်တာမျိုးလည်း သူတို့ဘက်မှာ မရှိပါဘူး။ အိမ်ရှင်ကွင်းဖြစ်ပေမယ့် ပရိသတ်အားပေးတာချင်းက မြန်မာဘက်က သာချင်တိုင်း သာနေပါတယ်။
၁ ဂိုး၊ ၁ ဂိုးဖြစ်လာတော့ ပွဲက တော်တော်လေး အကြိတ်အနယ် ကစားလာတာတွေ့ရတယ်။ ဒါပေမယ့် နောက်ထပ် မကြာဘူး စင်ကာပူက ၁ ဂိုး ထပ်သွင်းလိုက်ပြန်ပါတယ်။ ၂ ဂိုး၊ ၁ ဂိုး ဖြစ်သွားချိန်ထိ မြန်မာပရိသတ်ရဲ့ အားပေးသံက မလျော့ပါဘူး။ စင်ကာပူဘက်ကတော့ ထုံးစံအတိုင်း လက်ခုပ်ကလေး တဖျောက်ဖျောက် တီးရုံကလွဲလို့ ဘင်သံတဒုံးဒုံး နည်းနည်း ပို ကျယ်လာတာကလွဲလို့ သိပ်ထူးထူးခြားခြား အားမပေးပါဘူး။

အဲဒီအချိန်မှာ မြန်မာပရိသတ်ဘက်က အားမလိုအားမရနဲ့ လက်ထဲမှာရှိတဲ့ အချိုရည်ခွက်တွေထဲက လက်ကျန် ရေခဲတချို့ကို ကွင်းထဲ ပစ်သွင်းလိုက်ပါတော့တယ်။ ကွင်းထဲ ဆိုပေမယ့် ကွင်းစပ်ကိုတောင် မရောက်ပါဘူး။ ဒါပေမယ့် စင်ကာပူ လုံခြုံရေးတွေ ဝိုင်းလာပြီး ဆူဆူညံညံဖြစ်သွားပါတယ်။ စာအုပ်ဖွင့် မှတ်တဲ့သူကမှတ်၊ ရေခဲနဲ့ ပစ်သူကို ရှာသူကရှာနဲ့ တော်တော်လေး လှုပ်လှုပ်ရှားရှားဖြစ်သွားတာပါ။ မြန်မာ လူကြီး တယောက်က တောင်းပန်မှ ပြန်ငြိမ်သွားပါတယ်။ ဒါပေမယ့် ကွင်းစပ်က လုံခြုံရေးတယောက်ကတော့ ဘောလုံးပွဲကို ကျောပေးပြီး မြန်မာပရိသတ်ကို မျက်နှာသေနဲ့ ပွဲပြီးတဲ့အထိ စိုက်ကြည့် နေပါတော့တယ်။

ပွဲပြီးခါနီး ၁၅ မိနစ်လောက် အလိုမှာ စင်ကာပူက တတိယ ဂိုးကို သွင်းလိုက်ပြန်ပါတယ်။ အဲဒီတော့မှ စင်ကာပူဘက်က သီချင်းသံသဲ့သဲ့ ထွက်လာပါတယ်။ ဒါပေမယ့် မြန်မာပရိသတ်ရဲ့ “ရန်ကုန်၊ ရန်ကုန်” ဆိုတဲ့ အသံကိုတော့ မလွှမ်းနိုင်ပါဘူး။ မြန်မာဘက်က ရှုံးဖို့ သေချာသလောက် ဖြစ်နေတဲ့ အချိန်အထိ ပရိသတ်ရဲ့ ဆဲဆိုသံ မကြားရပါဘူး။ အားမလိုအားမရ ရေရွတ်သံတချို့တော့ ကြားရပါတယ်။ အော်ဟစ်အားပေးတာတော့ အားပေးနေဆဲပါ။
ပွဲပြီးခါနီး ၃ မိနစ်အလိုမှာ စင်ကာပူဘက်က နံပါတ် ၁၀ နဲ့ မြန်မာ ဘောလုံးသမား တယောက် ဆွဲလားရမ်းလား ဖြစ်ပြီး စင်ကာပူ နံပါတ် ၁၀ အဝါကတ်ပြခံရပါတယ်။ မြန်မာပရိသတ်က မတ်တပ်ရပ် အော်ဟစ်ပေမယ့် စင်ကာပူပရိသတ်ကတော့ ဒီတိုင်းငြိမ်နေပါတယ်။

အဲဒီအချိန်မှာ ပရိသတ်စုစုပေါင်း ၃၁၄၆ ယောက်လို့ အစီအစဉ်ကြေညာသူက ကြေညာပါတယ်။ ဒီထဲမှာ မြန်မာပရိသတ် တဝက်ပါတဲ့ သဘောပေါ့။ ရန်ကုန် ယူနိုက်တက် အသင်းလူကြီး ပြောလိုက်သလိုပဲ မြန်မာပရိသတ်က တကယ့်ကို အချိန်ကုန်၊ ငွေကုန်ခံပြီး လာအားပေး ကြရတာပါ။ တချို့ဆို ခရီးဝေးကနေ တကူးတက လာအားပေးတာ၊ ရုံးဖွင့်ရက်၊ အလုပ်ဖွင့်ရက်မို့ အားလုံးက အလုပ်တွေကနေ တဆက်တည်း လာကြည့်ကြတဲ့ သူတွေချည်းပါ။

ဘောလုံးပွဲမှာ ရှုံးတာတောင် မြန်မာပရိသတ်က “ပြန်ပါဦးမယ် ပြန်ဦးမယ် နှုတ်ခွန်းဆက်ပါတယ်” ဆိုတဲ့သီချင်းကို ဆိုပြီး ထပြန်ကြပါတယ်။ နိုင်တဲ့စင်ကာပူ ပရိသတ်ကတော့ တိတ်တိတ်ဆိတ်ဆိတ်ပဲ ပြန်ကြပါတယ်။
ဘောလုံးအကြောင်း နားမလည်ပေမယ့် ဘောလုံးပွဲဆိုတာ ဘယ်လို စိတ်လှုပ်ရှားဖို့ကောင်းတယ်၊ ဘယ်လို တက်တက် ကြွကြွ အားပေးကြတယ် ဆိုတာလောက်တော့ ကျမ သိပါတယ်။ ဒါပေမယ့် ငြိမ်သက်လွန်းတဲ့ စင်ကာပူ ပရိသတ်ကိုတော့ တော်တော်လေး နားမလည်နိုင်အောင် ဖြစ်မိတယ်။ သူတို့ နိုင်မယ်ဆိုတာ သေချာပြီးသား ဖြစ်နေလို့လား၊ ဒါမှမဟုတ် စိတ်လှုပ်ရှားတယ် ဆိုတာပဲ သူတို့ဆီမှာ မရှိလို့လား၊ ဒါမှ မဟုတ် စည်းကမ်းပဲ ရှိလွန်းနေတာလား၊ အားပဲ မပေးတတ်တာ လားလို့ တွေးမိပါတယ်။

အိမ်ကွင်း၊ အဝေးကွင်းကလည်း အနိုင်အရှုံးနဲ့ နည်းနည်း ပတ်သက်မှုရှိတယ်၊ ပရိသတ်အားပေးမှုကလည်း အရေးကြီးတယ် ဆိုတဲ့ စကားတွေ ကြားဖူးထားတော့ ဒီစကားတွေက စင်ကာပူက ဘောလုံးအသင်း၊ ဘောလုံးပရိသတ်တွေနဲ့ သက်ဆိုင်မှု မရှိဘူးလို့ ယူဆမိပါတယ်။ စင်ကာပူကလူတွေ စက်ရုပ်ဆန်တယ် ဆိုတဲ့စကားက ကျမ စင်ကာပူရောက်ပြီး မကြာခဏဆိုသလို ကြားရတဲ့စကားပါ။ အဲဒီစကား အတည်ဆိုတာ စင်ကာပူ ဘောလုံးပရိသတ်က သက်သေပြနေသလိုပါပဲ။

ပွဲကြည့်စင်ကနေ ထပြီး ပြန်အထွက်မှာတော့ လုံးဝ ပြန်မမျှော်လင့်ထားတဲ့ ကျမရဲ့ ရေဗူးလေးကို ပြန်တွေ့ပါတယ်။ ထီးတချို့လည်း ဒီတိုင်းချထားလို့ ပိုင်ရှင်တွေက ကိုယ့်ပစ္စည်းကို ကောက်ယူရုံပါ။

အပြန်မှာ ကျမရဲ့ AJF ရောင်းရင်းတယောက်က “နင်တို့မြန်မာတွေ အားပေးတာ သိပ်ပျော်စရာကောင်းတာပဲ၊ ဒီပွဲကို ခေါ်လာလို့ နင့်ကို ကျေးဇူးတင်တယ်။ မြန်မာရှုံးတာတော့ စိတ်မကောင်းဘူး၊ ဒါပေမယ့် မြန်မာတွေ စည်းစည်းလုံးလုံးနဲ့ ကိုယ့်မြန်မာအသင်းကို တက်တက်ကြွကြွ အားပေးကြတာ အရမ်းချစ်စရာကောင်းတယ်” လို့ ပြောပါတယ်။

မြန်မာအသင်းရှုံးလို့ စိတ်မကောင်းပေမယ့် စင်ကာပူမှာ ရောက်နေတဲ့ ကျမတို့မြန်မာတွေမှာ ခံစားချက်ရှိတယ်၊ နှလုံးသား ရှိတယ်ဆိုတာ သိရလို့ ဂုဏ်ယူမိတယ်။ ရေခဲတုံးလေးတွေနဲ့သာ ကွင်းထဲ ပစ်မပေါက်လိုက်ရင်၊ စင်ကာပူ လုံခြုံရေးရဲ့ ပွဲတလျှောက်လုံး စက်ရုပ်မျက်နှာနဲ့ စိုက်ကြည့်နေတာ မခံရရင် ဒီထက်ပို ဂုဏ်ယူစရာ ကောင်းမှာလို့ ကျမ တွေးနေမိပါတယ်။

Source by :http://www.irrawaddyblog.com/
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger