အဆိုတော်တွေ ပညာပြခံရတဲ့ သင်္ကြန်

Monday, April 16, 20120 မှတ်ချက်များ

ဒီနှစ် သင်္ကြန်ကတော့ NLD နဲ့ နီးစပ်တဲ့ အဆိုတော်တွေ ကန့်သတ်ခံရမှုတွေနဲ့ အစပြုခဲ့တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

မကြာသေးခင်က ပြီးသွားခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာNLD အောင်နိုင်ရေးအတွက် လိုက်ပါ ၀န်းရံ ဆောင်ရွက်ပေးခဲ့ကြတဲ့ အနုပညာရှင်တချို့ကို သက်ဆိုင်ရာအာဏာပိုင်တွေက ပိတ်ဆို့ ပညာပြလိုက်ပါပြီ။

အဆိုတော် မီးမီးခဲ နဲ့ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။ မီးမီးခဲက နေပြည်တော် ACE မဏ္ဍပ်မှာ သီချင်းဆိုဖို့ သဘောတူထားပေမယ့် ခုတော့ အစီအစဉ် ရုတ်တရက် ပျက်သွားပါပြီ။ မဏ္ဍပ်ပိုင်ရှင်ဟာ ကြံ့ဖွံ့ပါတီက ဦးဖြိုးကိုကိုတင့်ဆန်း ဖြစ်နေပါတယ် (ဓာတ်ပုံ - မီးမီးခဲ / Facebook)

“လွန်ခဲ့တဲ့ ရက် ၂၀ လောက်က သင်္ကြန်အတွက် အလုပ်ကိစ္စ ညှိနှိုင်းတာ စကားပြောထားတာလေးတွေ ရှိတယ်။ အဆုံးသတ် စကားပြောခါနီး၊ ညှိနှိုင်းခါနီးကျတော့ အမေစုနားက လူမို့လို့ပေါ့နော်၊ သူတို့ လူကြီးနဲ့ အဆင်မပြေမှာစိုးလို့ ဆိုပြီး ပြန်ဖျက်သွားတယ်” လို့ အဆိုတော်လင်းလင်းက ဧရာဝတီကို မနေ့က ပြောပါတယ်။

အဆိုတော်လင်းလင်းဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အောင်နိုင်ရေး ခရီးစဉ်တချို့မှာ လိုက်ပါခဲ့တဲ့ ဂီတသမားတဦးပါ။

NLD ဘက်တော်သား အဆိုတော်တွေဖြစ်တဲ့ ထူးအယ်လင်း၊ မီးမီးခဲတို့ကတော့ နေပြည်တော် ACE မဏ္ဍပ်မှာ သီဆိုဖို့ အဆင်သင့် ဖြစ်နေရာက ခုတော့ သီဆိုခွင့် မရနိုင်တဲ့ အခြေအနေနဲ့ ကြုံတွေ့နေရပါပြီ။

ဒီ ACE မဏ္ဍပ်က ကြားဖြတ်ရွေးကောက်ပွဲ မြောင်းမြ မဲဆန္ဒနယ်မှာ ရှုံးခဲ့တဲ့ ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ် ဦးဖြိုးကိုကိုတင့်ဆန်းရဲ့ မဏ္ဍပ်ပါ။ သူက NLD ကို အရှုံးကြီး ရှုံးခဲ့လေတော့ စိတ်နာနာနဲ့များ လုပ်ချလိုက်လေသလားလို့ ပြောနေကြပါတယ်။ ဒီမဏ္ဍပ်က သူ့အပိုင် ဆိုလေတော့ အခုမှပဲ အတိုးချ လုပ်ချင်တာလုပ်လို့ ရသွားတာလေကိုး။

မအူပင်မှာ NLD အောင်နိုင်ရေးအတွက် သွားရောက် ဖျော်ဖြေခဲ့တဲ့ ဘရိတ်ကီ၊ အွန်လိုင်း ပရိတ်သတ်အကြိုက်တွေ့ခဲ့ကြတဲ့ “ထလော့မြန်မာ” သီချင်းကို သီဆိုခဲ့သူ နေဇော် တို့လည်း စီစဉ်ထားတဲ့စင်ပေါ် တက်ခွင့် မရကြပါဘူး။

အခုလို ပိတ်ပင်လိုက်တယ် ဆိုရာမှာလည်း တရားဝင် စာထုတ်တာ မဟုတ်ဘဲ ကမ်းလှမ်းခဲ့တဲ့ မဏ္ဍပ်တွေကို ဖိအားပေးထားတဲ့သဘော သက်ရောက်နေတာကြောင့် အဲ့ဒီမဏ္ဍပ်တွေက ဒီအနုပညာရှင်တချို့ကို မခေါ်ရဲတာဖြစ်တယ်လို့ အနုပညာ အသိုင်းအ၀န်းမှာ ပြောဆိုနေကြပါတယ်။

“အောင်နိုင်ရေးမှာ ပါဝင်ခဲ့တဲ့ အနုပညာရှင် အကုန်လုံးကိုလည်း သူတို့ မလုပ်ရဲဘူးလေ။ လုပ်လိုက်ရင် တအား သိသာသွားမှာ ဆိုတော့ တချို့ကိုပဲ ဟိုလိုလို ဒီလိုလိုနဲ့ ဒိုင်လျှိုလေး လုပ်သွားတာ” လို့ အဆိုတော် တဦးက ရှင်းပြပါတယ်။

သင်္ကြန်ဟာ အဆိုတော်၊ သရုပ်ဆောင်တွေ ရက်အနည်းငယ်အတွင်း ၀င်ငွေ အများဆုံး ရကြတဲ့ ကာလလို့ ဆိုရမှာပါ။ သီချင်း မဆိုတတ်တဲ့ သရုပ်ဆောင်တွေကအစ သင်္ကြန်မှာ စင်ပေါ်တက် ဖျော်ဖြေရင်ဖျော်ဖြေ၊ မဖျော်ချင်ရင်တောင်မှ မဏ္ဍပ်မှာ ထိုင်ပေးရုံနဲ့ ငွေကြေး ပမာဏ အများဆုံးရတဲ့ အချိန်အခါပါ။

ဒီနှစ်သင်္ကြန် စီစဉ်ထားတဲ့နေရာမှာ သီချင်း ဆိုခွင့် မရခဲ့တဲ့ အဆိုတော် သျှီက “သင်္ကြန်ဆိုတာ အနုပညာသမားနဲ့ ပရိသတ် တိုက်ရိုက် ထိတွေ့ရတဲ့ အကြာဆုံးပွဲလည်း ဖြစ်တယ်။ လူတန်းစားမျိုးစုံလည်း အခမဲ့ကြည့်ခွင့်ရတယ်။ အဲ့ဒါကြောင့် အနုပညာသမားတွေကလည်း အားခဲထားကြတယ်။ ပြောရရင်တော့ အခုလိုဖြစ်တာ အနုပညာအရတော့ ဆုံးရှုံးတယ်” လို့ ဆိုပါတယ်။

ဒီလို ဆုံးရှုံးတဲ့အတွက် သျှီက ဘယ်လို ခံစားရပါသလဲ။

“NLDနဲ့ တလျှောက်လုံး ပါဝင် ပတ်သက်ခဲ့တဲ့သူတွေ အကုန်လုံးက မှန်တာကို လုပ်ခဲ့တယ်လို့ ယုံကြည်တယ်။ အဲ့ဒီအတွက်လည်း ကျေနပ်တယ်။ ဒီသင်္ကြန်မှာ ၀မ်းမနည်းပါဘူး” လို့ ရော်ကာ သျှီက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နဲ့ ရော့်ခ်အဆိုတော် သျှီ (ဓာတ်ပုံ - သျှီ / Facebook)

သမ္မတကြီးရဲ့ နိုင်ငံသားတိုင်း နိုင်ငံရေးမှာ ပူးပေါင်းပါဝင် ပတ်သက်ခွင့်ရှိတယ် ဆိုတဲ့ စကားလည်း အရင်က မစပ်စုပြောခဲ့သလို သင်္ကြန်နားနီးတော့ သင်္ကြန်ရေနဲ့များ ပါသွားသလားပါပဲ။ သင်္ကြန်ရေနဲ့ တခါတည်း ပါသွားပြီး ပြန်မလာတော့ဘူး ဆိုရင်တော့ ခက်ကုန်ပါပြီလို့ တွေးနေမိပါတယ်။

“လွှတ်တော်ထဲကိုတောင် ဝင်ရောက်တော့မယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့NLD ကို ဝန်းရံပေးသူတွေကို လက်မခံနိုင်တာဟာ ဒေါ်အောင်ဆန်းစုကြည်ကို လက်မခံနိုင်သေးတာဖြစ်တယ်လို့ ယူဆပါတယ်။ အပြင်းအထန် ကန့်ကွက်ပါတယ်” လို့ အဆိုတော် သံသာဝင်းက သူ့ရဲ့ Facebook မှာ ဆန္ဒအမှန်ကို ဖော်ထုတ် ပြသထားပါတယ်။

ကဲ … မစပ်စုလည်း “ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ဦးတည်နေတဲ့ တိုင်းပြည်တပြည်” လို့လည်း ပြောခဲ့ရပေါင်းတွေလည်း များနေပါပြီ။ အခုထက်ထိ သူနဲ့မတည့်ရင်၊ သူ့လုပ်ရပ်ကို မကြိုက်ရင်၊ သူအောင်မြင်မှာကို မလိုလားရင် ကိုယ့်ပိုင်နက်ထဲ ကိုယ့်ခွင်ထဲ ရောက်လာပြီဆို ပညာပြတတ်တဲ့ စစ်အာဏာရှင်လက်ထက်က အမူအကျင့်တွေကို ပြုပြင်ပြောင်းလဲသင့်ပါပြီ။

ပြုပြင်ပြောင်းလဲရေးကို မစပ်စု မျှော်လင့်စောင့်စားရင်း…. ပြည်သူတရပ်လုံး နှစ်သစ်ကို စိတ်သစ် လူသစ်နဲ့ ကြိုဆိုနိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် …။


Source by :http://burma.irrawaddy.org/
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger