ယခုရက်ပိုင်းအတွင်း စက်မှုဇုန်များ၌ ဆန္ဒပြမှုများ ဆက်တိုက်ပြန်လည်ဖြစ်ပွားလာ အလုပ်ရှင်ဘက်မှ စာချုပ်ချိုးဖောက်ခြင်းများနှင့် အလုပ်သမားများကိုထုတ်ပယ်မှု

Saturday, November 3, 20120 မှတ်ချက်များ

31mt1
ဒဂုံဆိပ်ကမ်းစက်မှုဇုန်တွင် အောက်တိုဘာလ ၂၁ ရက်နေ့က ဆန္ဒဖော်ထုတ်နေကြစဉ်

ယခုရက်ပိုင်းအတွင်း စက်မှုဇုန်များ၌ ဆန္ဒပြမှုများ ဆက်တိုက်ပြန်လည်ဖြစ်ပွားလျက်ရှိကြောင်း သိရပြီး  အများစုမှာ လုပ်ခလစာ အပြည့်အ၀ မပေးခြင်းနှင့် အလုပ်သမားများအား ထုတ်ပယ်ခြင်းတို့ကြောင့် ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။ အောက်တိုဘာလ ၂၃ ရက်နေ့တွင် ရွှေပြည်သာစက်မှုဇုန်၊ တောင်ဒဂုံ စက်မှုဇုန်နှင့် ဒဂုံဆိပ်ကမ်းစက်မှုဇုန် တို့မှ စက်ရုံ ၁၂ ရုံခန့် ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလမှစ၍ ဇူလိုင်လအထိ ဆန္ဒထုတ်ဖော်ခဲ့ခြင်းမှာ အခြေခံလစာ၊ ထောက်ပံ့မှုစရိတ် တို့ကြောင့်ဖြစ်ပြီး ဇူလိုင်လနောက်ပိုင်းတွင် ထုတ်ဖော်ခဲ့သော စက်ရုံအလုပ်ရုံများ ဆန္ဒပြခြင်းတို့မှာ အခြေခံလစာထက် အလုပ်ရှင်ဘက်မှ ညှိနှိုင်းစာချုပ် ဖောက်ဖျက်မှုနှင့် အလုပ်သမားသမဂ္ဂ ဖွဲ့စည်းမှုများအား တားဆီးပိတ်ပင်မှုများ၊ အလုပ်သမား သမဂ္ဂအဖွဲ့တွင် ပါဝင်သူများအား အလုပ်မှ ထုတ်ပယ်ခြင်းရှိသောကြောင့် ဟု သိရသည်။

31mt2
တော်ဝင်သစ်အချောထည်စက်ရုံရှေ့၌ အောက်တိုဘာလ ၂၅ ရက်နေ့က ဆန္ဒဖော်ထုတ်နေကြစဉ်

အောက်တိုဘာလအတွင်း ဆန္ဒပြခဲ့သော စက်ရုံများထဲမှ Asia Seafood Industry အအေးခန်းစက်ရုံနှင့် တော် ၀င်သစ်ပရိဘောဂနှင့် သစ်အချောထည် စက်ရုံတို့မှာ လက်ရှိအချိန်ထိ ညှိနှိုင်းပြေလည်မှု မရသဖြင့် ရက်ဆက် ဆန္ဒထုတ်ဖော်လျက်ရှိပြီး စက်ရုံလုပ်ငန်းရှင်တို့ဘက်မှ ၎င်းတို့၏ တောင်းဆိုချက်အား လက်မခံနိုင်တော့ကြောင်း၊ ကျေနပ်မှုမရှိပါက နစ်နာကြေးများပေး၍ လုပ်ငန်းရပ်ဆိုင်းမှုများနှင့် လုပ်ငန်းခွင် ပိတ်သိမ်းသည်အထိ ပြုလုပ်သွားဖွယ်ရှိကြောင်းနှင့် အောက်တိုဘာလအတွင်း ဒဂုံတောင်စက်မှုဇုန်မှ ၀မ်းဘဲ ကြာဇံစက်ရုံမှ အလုပ်သမားများ လုပ်ခလစာနှင့် ပတ်သက်၍ ကျေနပ်မှုမရှိသဖြင့် အလုပ်သမားများ၏ တောင်းဆိုချက်အား လိုက်လျောပေးနိုင်မှု မရှိနိုင်ကြောင်းနှင့် လျော်ကြေးပေးပြီး စက်ရုံပိတ်သိမ်းခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်းလည်း ညှိနှိုင်းမှုပြုလုပ်ပေးနေသော အလုပ်သမား အဖွဲ့အစည်းများထံမှ သိရသည်။                     
ဖေဖော်ဝါရီလမှစ၍ ဇူလိုင်လကုန်အထိ ဆက်တိုက်ဆန္ဒပြခဲ့သည့် စက်ရုံ၊ အလုပ်ရုံပေါင်း ၁၀၀ ကျော ရှိသည့်အတွက် အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများမှ စက်ရုံ၊ အလုပ်ရုံ လုပ်ကိုင်နေသော အလုပ်သမားများအား ယာယီအခြေခံလစာသတ်မှတ်ပေးခြင်း၊ အလုပ်သမားများ၏ ခံစားခွင့် သတ်မှတ်ပေးခြင်းတို့ စက်ရုံလုပ်ငန်းရှင်များနှင့် တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လက်ရှိစက်ရုံ၊ အလုပ်ရုံများတွင် ထုတ်ဖော်ခဲ့သော ဆန္ဒပြမှုများမှာ အလုပ်သမားများ၏ အနိမ့်ဆုံးအခြေခံလစာဥပဒေအား အတည်ပြုချမှတ်ခြင်း မရှိသေးမှုနှင့် အလုပ်သမားဥပဒေတွင် ပါရှိသောအချက်အချို့မှာ ဘက်ညီမျှမှုမရှိခြင်း . . .
လက်ရှိတွင်မှု ၀န်ကြီးဌာနမှ သတ်မှတ်ပေးသော ယာယီလစာအား အပြည့်အ၀ပေးဆောင်ခြင်း မရှိခြင်းနှင့် ပထမအလုပ်သမားအခွင့်အရေးများနှင့် ပတ်သတ်၍လည်း အလုပ်ရှင်များဘက်မှ ချိုးဖောက်ခြင်းနှင့် တရားမဲ့ အလုပ်ထုတ်မှုတို့ကြောင့် အောက်တိုဘာလအတွင်း ပြန်လည်ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ကျွန်မတို့အနေနဲ့ သဘောတူညီစွာနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အပေါ်မှာ အလုပ်ရှင်ဘက် ချိုးဖောက်မှုတွေ ပြုလုပ်နေတယ်။ ဥပဒေက အသက်မ၀င်သေးတဲ့အတွက်ကြောင့် ဒီလိုမျိုးတွေကို လုပ်ဆောင်နေတယ်လို့ မြင်မိပါတယ်” ဟု တော်ဝင်မြန်မာသစ်အချောထည်စက်ရုံမှ မအိဇာဖြူက ပြောခဲ့သည်။

31mt3
ASI အအေးခန်းစက်ရုံတွင် ဆန္ဒထုတ်ဖော်မှုအား အောက်တိုဘာ ၂၆ ရက်နေ့က တွေ့ရစဉ်

အောက်တိုဘာလအတွင်း ပြန်လည်ဆန္ဒပြသည့် စက်ရုံ၊ အလုပ်ရုံ အလုပ်သမား စုစုပေါင်း ၁၂၀၀ ကျော်ခန့်ရှိခဲ့ကြောင်း၊ လက်ရှိစက်ရုံ၊ အလုပ်ရုံများတွင် ထုတ်ဖော်ခဲ့သော ဆန္ဒပြမှုများမှာ အလုပ်သမားများ၏ အနိမ့်ဆုံး အခြေခံလစာဥပဒေအား အတည်ပြု ချမှတ်ခြင်းမရှိသေးမှုနှင့် အလုပ်သမား ဥပဒေတွင်ပါရှိသော အချက်အချို့မှာ ဘက်ညီမျှမှု မရှိခြင်းတို့ကြောင့်ဟု အလုပ်သမားရေးရာ ကျွမ်းကျင်သူများက သုံးသပ်ပြောဆိုခဲ့သည်။
“မြန်မာနိုင်ငံမှာ အလုပ်သမားပေါတယ်။ ချက်ချင်းဆိုသလို အလုပ် ကနေထုတ်ပြီး ပြန်အစားထိုး လည်ပတ်လို့ရတယ်။ နောက်တစ်ချက်က အလုပ်ရှင်အများစုက စက်ရုံဘက်မှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းဖို့ကို မလိုလားကြဘူး။ ဒီလိုဖြစ်စဉ်မျိုးတွေကြောင့် အလုပ်ရှင်နဲ့ အလုပ်သမားကြားမှာ အဖုအထစ်တွေ များလာတယ်” ဟု Action Lubour Right မှခေါင်းဆောင် ကိုကျော်ကျော်က ပြောကြားခဲ့သည်။

31mt4
ရွှေပြည်သာမြို့နယ်တွင် စက်ရုံအလုပ်သမားများ အောက်တိုဘာလ ၂၄ ရက်နေ့က ဆန္ဒဖော်ထုတ်နေကြစဉ်

အစိုးရမှ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်အား ၂၀၁၂ ခုနှစ် မတ်လ ၉ရက်နေ့တွင် ပြုလုပ်ခွင့်ပေးခဲ့ကြောင်း၊ ထိုအတူ အနိမ့်ဆုံး အခြေခံလစာဥပဒေ မူကြမ်းအား ၂၀၁၂ ဇူလိုင်လ ၄ ရက် နေ့က ကျင်းပပြုလုပ်ခဲ့သော ပထမအကြိမ် လွှတ်တော်ပုံမှန်အစည်းအဝေးတွင် တင်ပြဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း လက်ရှိအချိန်ထိ အတည်ပြု ပြဋ္ဌာန်းနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
လက်ရှိအချိန်ထိ မြန်မာနိုင်ငံ၏ အခြေခံလစာနှုန်းထားမှာ အာဆီယံ စံနှုန်းများထက် လျော့ကျနေပြီး အခြေခံလုပ်သား အများစုမှာလည်း အလုပ်အကိုင်၊ လုပ်ခလစာနည်းခြင်း၊ ပုံမှန်ဖြစ်ခြင်း၊ အလုပ်သမား အခွင့်အရေးရှိခြင်း၊ မရှိခြင်း စသည်တို့ကို ရွေးချယ်နိုင်ခြင်းမရှိဘဲ အသက်မွေးဝမ်းကျောင်းမှုအတွက် ၀င်ရောက်လုပ်ကိုင်နေရသော အနေအထားမျိုး၌ ရွေးချယ်နိုင်ခွင့် နည်းပါးသူများအပေါ် အကာအကွယ် ပေးနိုင်ရန်လည်း လိုအပ်နေသည်ဟု သိရသည်။
31mt5
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger