PNLO နှင့် အစိုးရတို့ ပြည်နယ်အဆင့် ငြိမ်းချမ်းရေး လက်မှတ် ရေးထိုး

Sunday, August 26, 20120 မှတ်ချက်များ


ရန်ကုန်၊ သြဂုတ် ၂၅

ထိုင်းနိုင်ငံတွင် သုံးကြိမ်ခန့် အလွတ်သဘော တွေ့ဆုံထားပြီး ဖြစ်သည့် PNLO (ပအိုဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အဖွဲ့တို့ ပထမဆုံး အကြိမ် ပြည်နယ်အဆင့် ငြိမ်းချမ်းရေး လက်မှတ် ရေးထိုး နိုင်ခဲ့ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်က ပြောကြားသည်။

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ၊ တောင်ကြီး ဟိုတယ်တွင် သြဂုတ်လ ၂၅ ရက်နေ့ နံနက် ၉ နာရီ မိနစ် ၃၀ ၌ ကျင်းပ ပြုလုပ်မည့် အဆိုပါ ပြည်နယ် အဆင့် ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးပွဲကို PNLO ၏ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဦးခွန်မြင့်ထွန်းနှင့် အဖွဲ့ဝင် ၁၀ ဦး တက်ရောက်ပြီး အစိုးရအဖွဲ့မှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း၊ အမှတ်(၂) လျှပ်စစ် ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး တို့ ခေါင်းဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက်ကြောင်း ယင်းအခမ်းအနား ထံမှ သိရသည်။

ယင်းအခမ်းအနားသို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီဝင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ၂ ဦးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးတို့ ပထမဆုံးအကြိမ် တက်ရောက်ခဲ့ပြီး သက်ဆိုင်ရာ လွှတ်တော် အသီးသီးသို့ တင်ပြသွားမည် ဖြစ်ကြောင်း  အဆိုပါ အခမ်းအနားသို့ တက်ရောက် ခဲ့သည့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်က ဆိုသည်။

ယင်းဆွေးနွေးပွဲတွင် ပြည်ထောင်စု အဆင့် အကြို ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး PNLO ၏ ဆက်ဆံရေး ရုံးများကို တောင်ကြီး၊ ဆီဆိုင်၊ မောက်မယ်တို့တွင် ဖွင့်လှစ်ခွင့်ပေးကြောင်း၊ PNLO အဖွဲ့ကို ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်စပ် တွင် အခြေစိုက်ရန် နေရာ သတ်မှတ် ပေးထားကြောင်း ၎င်းက ရှင်းပြသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွင် ဇူလိုင်လက ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် PNLO ကိုယ်စားလှယ် အဖွဲ့တို့ အလွတ်သဘော တွေ့ဆုံခဲ့ပြီး ယင်းတွေ့ဆုံပွဲတွင် အပစ်ရပ်ရေး လက်မှတ် ရေးထိုးရန်၊ ဆက်ဆံရေး ရုံးဖွင့်ရန်၊ လက်နက် မပါဘဲ လွတ်လပ်စွာ သွားလာခွင့် ပြုရန်၊ အပစ် ရပ်ပြီးနောက် ပအိုဝ်း ပြည်သူလူထုနှင့် တွေ့ဆုံနိုင်ရန် အပါအဝင် အချက် ခြောက်ချက်ကို ဆွေးနွေးခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ယခု တွေ့ဆုံမှုတွင် အဆိုပါ အချက်ခြောက်ချက်ကို ဆွေးနွေးသွားရန် ရှိကြောင်း PNLO က ထုတ်ပြန်ထားသည်။

PNLO ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဦးခွန်မြင့်ထွန်း ၏ အဖွဲ့မှာ ဇွန်လ အတွင်းက မြန်မာနိုင်ငံသို့ လာရောက်ပြီး ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် လေ့လာမှုများ လုပ်ဆောင်ခဲ့သည်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အောက်တိုဘာလ တတိယ အပတ်တွင် ပြုလုပ်ရန် ယင်း ဆွေးနွေးပွဲတွင် သဘောတူခဲ့သည်။

The Voice Weekly
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger