(၆)လအတွင်း အကောင်အထည်ဖော်မည့် ထန်းတပင် ဆင်းရဲသားမြို့တော်စီမံကိန်း

Monday, August 27, 20120 မှတ်ချက်များ

ကျူးကျော် နေထိုင်သူများ အတွက် ထန်းတပင် မြို့နယ်တွင် ဆင်းရဲသား မြို့တော် စီမံကိန်း တစ်ခုအကောင် အထည်   ဖော်ဆောင် ရွက်သွားမည် ဖြစ်ကြောင်း လှိုင်သာယာမြို့နယ်၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF)က သိရှိရသည်။

''ဆင်းရဲသား ပပျောက်စေ ချင်တယ်ဆိုရင် အဲ့ဒီလို အခြေခံ လူတန်းစားတွေကို တကယ် ပပျောက်အောင် ဆေးမြီးတိုနဲ့ မလုပ်ပါနဲ့။ တကယ်ကို ပပျောက်နိုင်တဲ့ နည်းလမ်းနဲ့သုံး ။ တကယ့်ကို dosage အပြည့်ပေးပေါ့နော် အဲ့လိုပေးမှ ဆင်းရဲမှု ပပျောက်သွားမှာပါ။ အဲ့ဒီရည်ရွယ်ချက်နဲ့ လုပ်တာပါ။'' လှိုင်သာယာ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီမှ ဗဟိုကော်မတီဝင်ဦးမြင့်သိန်းက ပြောသည်။

အဆိုပါ စီမံကိန်းအတွက် ထန်းတပင်မြို့နယ်တွင် လယ်မြေဧက (၇ဝ)ဝယ်ယူကာ ဦးစားပေးအနေဖြင့် လှိုင်သာယာ မင်းကြီးမဟာ မင်းခေါင်းလမ်းရှိ ကျူးကျော်နေထိုင်သူ အိမ်ခြေ(၁ဝဝ)ဝန်းကျင်အတွက် (၆)လအတွင်း စတင် အကောင် အထည်ဖော်   ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း သိရသည်။

“ ထန်းတပင်က လယ်ဧက(၇ဝ)အတွက် ကျွန်တော်က သိန်း(၁ဝဝ)ထည့်မယ်ပေါ့ ဒီကျူးကျော်နေအိမ်တွေ ဆီကတော့ တစ်လကို သုံးသောင်းနှုန်းနဲ့ (၂)လကောက်ဖို့တော့ ရည်ရွယ်ထားတယ်။  လယ်ပိုင်ရှင်တွေကလည်း ငွေကို တစ်ဝက်ပဲ အရင်ပေးထား ကျန်တဲ့ငွေကို နှစ်နှစ်အတွင်း အကြေဆပ်ရမယ်ပေါ့နော် ၊ ဝါးဓနိရောင်းတဲ့ သူတွေကလည်း အဲလိုပဲ စရံငွေလောက်ပဲပေးထားဆိုတော့ အဲဒီကထွက်လာမယ့်ငွေနဲ့ အိမ်တွေ အရင်ဆောက်မယ် နောက်ဖက်မှာ မွေးမြူရေးခြံလေးတွေ လုပ်ပေးမယ်။ အဲ့ဒီအချိန်မှာတော့ ဝင်ငွေလေးတွေ ပြန်ပြီးတော့ ရလာနိုင်မယ် ” ဟု ဦးမြင့်သိန်းက ပြောသည်။

ဆင်းရဲသားမြို့တော်စီမံကိန်းပြုလုပ်ရခြင်းမှာ မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် ရည်ရွယ်ခြင်း ဖြစ်ပြီး အိုးသစ်အိမ်သစ်ထူထောင်ပြီးပါက မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ခြင်း ၊ ဈေးဆိုင်ဖွင့်လှစ်ခြင်းဖြင့် အနာဂတ်ကို ရှင်သန်စေလိုကြောင်းကိုလည်း ၄င်းက ဆက်ပြောသည်။

လှိုင်သာယာမြို့နယ် မင်းကြီးမဟာ မင်းခေါင်လမ်းရှိ ကျူးကျော်နေအိမ်အများစုမှာ ဧရာဝတီတိုင်းဒေသကြီးအတွင်း နာဂစ်ဒဏ်ခံရခြင်းကြောင့် ပြောင်းရွှေ့နေထိုင်သူများဖြစ်ပြီး လက်လုပ်လက်စားဘဝဖြင့် စားဝတ်နေရေး   ဖြေရှင်း နေကြရကြောင်း ဒေသခံများထံက သိရှိရသည်။

'' ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် ဧရာကျေးရွာ နာဂစ်ဒေသကပါ၊ ရန်ကုန်မှာ အပေါင်းအသင်းမိတ်သဟာတွေ ပြောတာဟိုမှာတော့ အလုပ်ကရှာလုပ်ရင်တော့ ရတယ်ဆိုတော့ အသိမိတ်ဆွေတစ်ဦးနဲ့ မိသားစုအထုပ်အပိုး လေးတွေနဲ့ ရောက်လာတာပေါ့   ရောက်တော့ ဒီနားဒီလိုတဲလေးဆောက်ပြီးနေလို့ရတယ်ဆိုလို့ နေတာ '' ဟု လှိုင်သာယာမြို့နယ် မင်းကြီးမဟာ မင်းခေါင်လမ်းရှိ ကျူးကျော်နေထိုင်သူ ဦးသန်းရှိန်က ပြောသည်။

ကျူးကျော်နေအိမ်မှ မိသားစုဝင်အချို့မှာ သား/သမီးများကို ကျောင်းထားပေးနိုင်ခြင်းမရှိဘဲ အလုပ်ခွင်ဝင်ခိုင်းထား ကြောင်း ကိုလည်း သိရှိရသည်။

'' မြေးလဲရှိတယ် တူမလေးလည်း ရှိတယ်။ ခြောက်တန်းအရွယ်ကိုတော့ ကျောင်းထားတယ် ကိုးတန်းနဲ့ ဆယ်တန်းအတွက်ကတော့ မတက်နိုင်လို့ ကျောင်းမထားရဘူး အလုပ်ခွင်ဝင်ခိုင်းထားရတယ် ဒီနားလေးက ဖိနပ်စက်ရုံမှာပဲ အလုပ်လုပ်ခိုင်းထားတယ် သူတို့လစာနဲ့တော့ ဘယ်လောက်မလဲ ‘ဒီလိုပဲ အဆင်ပြေအောင် လောက်ငှအောင် နေရတာပေါ့ '' ဟု ကျူးကျော်နေ ထိုင်သူ ဒေါ်စန်းရီက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ကျူးကျော်အဖြစ်နေထိုင်သူများမှာ လှိုင်သာယာမြို့နယ် ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) ၊ သာကေတမြို့နယ် ၊ ဒေါပုံမြို့နယ် အစရှိသော မြို့နယ်များတွင်အများအပြားရှိနေသော်လည်း ကနဦးအနေဖြင့် လှိုင်သယာမြို့နယ်မှ ကျူးကျော်နေထိုင်သူ များအတွက် ဆင်းရဲသားမြို့တော်စီမံကိန်း ဆောင်ရွက်ပေးမည်ဖြစ်ပြီး ပူးပေါင်းကူညီလိုသော အဖွဲ့အစည်းများနှင့်အလှူရှင်များ ၊အတတ်ပညာရှင်များ၊ နည်းပညာရှင်များနှင့် အခြား နယ်ပယ်အသီးသီးမှ ပညာရှင်များ ကပံ့ပိုးကူညီပေးမည်ဆိုပါက အခြားသော   မြို့နယ်များရှိကျူးကျော် နေထိုင်နေရသူများအတွက်ပါ စီမံကိန်းများရေးဆွဲဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။

ယခုအကောင်အထည်ဖော်ဆောင်ရွက်သွားမည့် ဆင်းရဲသားမြို့တော်စီမံကိန်းအား လှိုင်သာယာ NDF ပါတီ ဗဟိုကော်မတီဝင် ဦးမြင့်သိန်းက ဦးစီးဦးဆောင်ပြုလုပ်၍ ဆောက်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝင့်သင်ဇာကျော် (မြစ်မခ)
by Myit Makha Mediagroup


Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger