ထိုင်းနိုင်ငံ၏ အကြီးဆုံး ရေနံနှင့် သဘာဝဓါတ်ငွေ့ကုမ္ပဏီ PTT က လာမည့်နှစ်တွင် မြန်မာနိုင်ငံ၌ လောင်စာဆီဆိုင်များ လာရောက်ဖွင့်လှစ်ရန် စီစဉ်

Friday, June 8, 20120 မှတ်ချက်များ



Friday, 08 June 2012 13:29
ထိုင်းနိုင်ငံ၏ အကြီးဆုံး ရေနံနှင့် သဘာဝဓါတ်ငွေ့ ကုမ္ပဏီလုပ်ငန်းစုဖြစ်သည့် PTT Inc. က လာမည့်နှစ်တွင် မြန်မာနိုင်ငံ၌ လောင်စာဆီ လက်လီအရောင်းဆိုင်များ လာရောက်ဖွင့်လှစ်ရန် စီစဉ်နေပြီဟု ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြလိုက်သည်။
၎င်းတို့က အခြားနိုင်ငံများမှ နာမည်ကြီး အမှတ်တံဆိပ်များ အရှိန်မရမီ မြန်မာနိုင်ငံသို့ ၀င်ရောက်ရန်မှာ အချိန်ကောင်းဖြစ်သည်ဟု ဆိုသည်။

PTT Inc. ကုမ္ပဏီသည် နောက်နှစ်တွင် ဖွင့်လှစ်မည့် လောင်စာဆီလက်လီ အရောင်းဆိုင်များအတွက် ဆက်သွယ်ရေးကွန်ယက် အထောက်အပံ့ ဖြစ်စေရန် မြန်မာနိုင်ငံ၌ ၄င်းတို့ကုမ္ပဏီကို တစ်နှစ်အတွင်း လာရောက် ထူထောင်သွားမည်ဟု ကုမ္ပဏီမှ ရေနံစီးပွားရေးလုပ်ငန်း၏ Chief Operating Officer ဖြစ်သူ မစ္စတာ Nuttachat Charuchinda က ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် မြန်မာအစိုးရပိုင် Myanmar Petroleum Products Enterprise (MPPE)သည် ပြည်တွင်းရှိ ပုဂ္ဂလိက လုပ်ငန်းရှင်များထံသို့ ၄င်း၏ လောင်စာဆီ အရောင်းဆိုင်ပေါင်း ၄၀၀ ကျော်ကို ရောင်းချခဲ့ကာ ၁၂ ခုကိုသာ အစိုးရပိုင်အဖြစ် ဆက်လက်ထားရှိခဲ့သည်။
'' မြန်မာနိုင်ငံမှာ အဓိက ကုမ္ပဏီအမှတ်တံဆိပ်ကြီးတွေ မရောက်သေးပါဘူး။ ဒါ့ကြောင့် PTT အနေနဲ့ အခြေချဖို့ အခွင့်ကောင်းပါပဲ''ဟု မစ္စတာ Nuttachat က ပြောကြားခဲ့သည်။
PTT ကုမ္ပဏီ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သည့် PTTEP ကုမ္ပဏီသည် မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိနေသည်မှာ နှစ်ပေါင်း ၂၀ နီးပါး ရှိသွားပြီဖြစ်သည်။ ထိုင်းနိုင်ငံ၏ PTT ကုမ္ပဏီသည်လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံ တို့တွင်လည်း လောင်စာဆီဆိုင် ၂၀ မှ ၃၀ ခန့် ဖွင့်လှစ်ထားပြီး ဖိလစ်ပိုင် နိုင်ငံတွင်လည်း ဆိုင်အနည်းငယ် ဖွင့်လှစ်ထားသည်ဟု ဆိုသည်။
'' မြန်မာနိုင်ငံမှာ တစ်ဦးချင်း လောင်စာဆီသုံးစွဲမှုက သိပ်နည်းနေသေးတော့ မြန်မာဈေးကွက်ကို ကျွန်တော်တို့က အလားအလာ အများကြီးရှိတဲ့ဈေးကွက်လို့ မြင်ထားပါတယ်။ မြန်မာနိုင်ငံမှာ လောင်စာဆီသုံးစွဲမှုက ထိုင်းနိုင်ငံနဲ့ယှဉ်ရင် အဆ ၃၀ လောက် နည်းနေပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ စီးပွားရေးထူထောင်ဖို့ နေရာလပ်အများကြီး ရထားသလို ဖြစ်နေပါတယ်'' ဟု ၄င်းက ဆက်လက် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ သဘာဝဓါတ်ငွေ့ရည် သုံးစွဲမှုမှာလည်း တစ်နှစ်လျှင် တန်တစ်သောင်းခန့်သာရှိသဖြင့် ထိုင်းနိုင်ငံ၏ တစ်လလျှင် တန်ပေါင်းသိန်းနှင့်ချီ သုံးစွဲမှုနှင့် ယှဉ်လျင်များစွာ နည်းပါးနေသည်ဟု သိရသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ အရပ်သားအစိုးရသည် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်လျက်ရှိပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် တရားဥပဒေစိုးမိုးရေးနှင့် အခွန်ကင်းလွတ်ခွင့်များ ဆောင်ရွက်ပေးလျက်ရှိသည်။
'' စွန့်စားစရာကိစ္စလေးတွေ ကျန်နေသေးပေမယ့် ဒီနိုင်ငံရဲ့ ဈေးကွက် လုံးလုံးကြီး မပွင့်သေးခင်မှာ အဲဒီစွန့်စားမှုတွေကို ကျော်လွှားပြီး အရင်ဦးဆုံးသူဖြစ်အောင် လုပ်ရမှာပါပဲ'' ဟု ၄င်းကဆိုသည်။

PTT ကုမ္ပဏီသည် နောက်ထပ်ခြေလှမ်းတစ်ရပ်အဖြစ် မြန်မာနိုင်ငံတွင် ရေနံဓါတုကုမ္ပဏီ လာရောက် ဖွင့်လှစ်ရန် အစီအစဉ်ရှိသည်ဟု သိရသည်။ အလားအလာရှိသောနေရာမှာ ပို့ဆောင်ဆက်သွယ်ရေး လိုအပ်ချက်အရ ဆိပ်ကမ်းရှိသည့် နေရာဖြစ်ရမည်ဟု ဆိုသည်။
အီတာလျံ-ထိုင်းကုမ္ပဏီမှ အထူးစီးပွားရေးဇုန် တည်ဆောက်လျက်ရှိသော ထားဝယ်ရေနက်ဆိပ်ကမ်းမှာ PTT ကုမ္ပဏီအတွက် ရေနံဓါတုစက်ရုံဆောက်ကာ လုပ်ငန်းများလည်ပတ်ရန် အလားအလာကောင်းသော နေရာတစ်ခုဖြစ်သည်ဟု ဆိုသည်။

 Eleven Media Group
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger