ရခိုင်ပြည်နယ် မောင်တောမြို့၌ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွား
ဒေသရပ်ရွာတည်ငြိမ်အေးချမ်းမှု ရရှိစေရေး အတွက် ပုဒ်မ (၁၄၄) ထုတ်ပြန်၍
ထိန်းသိမ်းဆောင်ရွက်လျက်ရှိ
ရခိုင်ပြည်နယ် မောင်တောမြို့၌ ဆူပူအကြမ်းဖက်မှုများ
ဖြစ်ပွားအခြေအနေအားလုံးကို အချိန်မီထိန်းသိမ်းပြီး
ဒေသရပ်ရွာတည်ငြိမ်အေးချမ်းမှု ရရှိစေရေး အတွက် ပုဒ်မ (၁၄၄) ထုတ်ပြန်၍
ထိန်းသိမ်းဆောင်ရွက်လျက်ရှိနေပြည်တော် ဇွန် ၈ ရက်နိုင်ငံတော်အစိုးရသည်
ဒီမိုကရေစီကျင့်စဉ်နှင့်အညီ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော
နိုင်ငံတော်ကို ပုံဖော်တည်ဆောက်လျက်ရှိရာ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့်
တရားဥပဒေ စိုးမိုးရေးကိုလည်း
အလေးထားထိန်းသိမ်းဆောင်ရွက်လျက်ရှိပါသည်။လတ်တလော ကာလအတွင်း
ရခိုင်ပြည်နယ်တွင် တည်ငြိမ်အေးချမ်းမှု ပျက်ပြားသည့် အခြေအနေများ
ဖြစ်ပေါ်လျက်ရှိပြီး ယနေ့မွန်းလွဲပိုင်းမှ စတင်၍ အကြမ်းဖက်သူများက
လူနေအိမ်များ၊ ဈေးဆိုင်တန်းများ၊ တည်းခိုခန်း စသည်တို့ကို
မီးရှို့ဖျက်ဆီးခြင်း၊ လူအခိျု့ကို ရန်ပြုသတ်ဖြတ်ခြင်းများ
ပြုလုပ်ခဲ့ကြောင်း၊ ထိုကဲ့သို့ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားနေသည့်အတွက်
ရခိုင်ပြည်နယ် မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့တွင် ပုဒ်မ
(၁၄၄) ထုတ်ပြန်၍ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကို
ထိန်းသိမ်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ယနေ့ နေ့လည် (၁)နာရီခန့်တွင် အကြမ်းဖက်သူ အင်အား (၁၀၀၀) ကျော်ခန့်သည်
ကမ္ဘောဇဘဏ် အဆောက်အအုံ၌ အဖီချထားသည့် အမိုးအားဆွဲချဖျက်ဆီးခြင်း၊
ယူနိုက်တက် တည်းခိုခန်းနှင့် နေအိမ် တစ်လုံးတို့အား ခဲများဖြင့်
ပစ်ပေါက်ခြင်းများ ပြုလုပ်ခဲ့ ကြကြောင်း။နေ့လယ်(၂)နာရီခန့်တွင်
သီရိမင်္ဂလာခန်းမရှေ့ သဇင်တည်းခိုခန်း၊ စားသောက်ဆိုင် ဈေးတန်းအား
မီးရှို့ခဲ့ရာ ဆိုင်ခန်း(၆)ခန်း မီးလောင်ကျွမ်းခဲ့ကြောင်း၊ ဆက်လက်၍ နာရီစင်
နှင့် ဆေးရုံကြားရှိ ရပ်ကွက် (၄) သို့ မီးကူးစက်လောင်ကျွမ်းပြီး
စုစုပေါင်းနေအိမ် (၁၅)လုံးခန့် မီးလောင်ကျွမ်းခဲ့ကြောင်း၊
မြို့ဦးရပ်ကွက်၌လည်း နေအိမ်(၂)လုံးအား မီးရှို့ဖျက်ဆီး ခဲ့ကြောင်း၊ ဆက်လက်၍
မောင်တော-အလယ်သံကျော် ကားလမ်းပေါ်ရှိ ဒူးချီးယားတန်း ကျေးရွာအုပ်စု
ခရေမြိုင်ကျေးရွာအား မီးရှို့ခဲ့ကြကြောင်း။
ညနေပိုင်းတွင် ဆူပူသူ (၂၀) ဦးခန့်သည် မောင်တောမြို့
ပြည်သူ့ဆေးရုံအတွင်းသို့ ဝင်ရောက် နှောက်ယှက်ခဲ့သည့်အတွက်
ကျန်းမာရေးဝန်ထမ်းများ ပုန်းရှောင်နေခဲ့ရကြောင်း၊ ဆေးရုံအရှေ့ရှိ
မြို့မအရှေ့ရပ်ကွက်မှ နေအိမ် (၂) လုံးအား ထပ်မံမီးရှို့ခဲ့သည့်အတွက်
ရပ်ကွက် အတွင်းရှိ ပြည်သူများ ပြောင်းရွှေ့
ရှောင်တိမ်းခဲ့ရကြောင်း။ထို့ပြင် ဆူပူသူများ၏ ရန်ပြုမှုများကြောင့်
ဒေါက်တာခင်မောင်လတ် (၆၃) နှစ်၌ ဝမ်းဗိုက်ဓားထိုးခံ ဒဏ်ရာ၊ ဒေါ်သန်းရီ (၅၇)
နှစ်၌ ဦးခေါင်းတွင် ဓားခုတ်ခံရဒဏ်ရာ၊ ဦးကျော်လှ (၇၈) နှစ်၌ ဦးခေါင်းတွင်
ဓားခုတ်ခံရ ဒဏ်ရာ၊ ဦးသိန်းဇော် (၃၆) နှစ်၌ ခြေ၊ လက်တို့တွင်
ဓားခုတ်ခံရဒဏ်ရာများ အသီးသီးရရှိခဲ့ပြီး ဦးလှမောင် (၆၅) နှစ် မှာ
ဦးခေါင်းဓားခုတ်ခံရဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း
သိရှိရသည်။မောင်တောမြို့ ဆူပူအကြမ်းဖက်မှုဖြစ်စဉ်များ၌ နယ်မြေခံရဲတပ်ရင်း၊
ရဲတပ်ဖွဲ့တို့မှ ဆူပူမှုများအား သေနတ်ပစ်ဖောက် ခြောက်လှန့်ဖြိုခွဲ၍
အခြေအနေကို ထိန်းသိမ်းခြင်း၊ မီးငြိမ်း သတ်ခြင်း၊ ဒေသခံ ပြည်သူတို့၏
အသက်အန္တာရာယ်လုံခြုံရေးကို ကာကွယ် စောင့်ရှောက်ခြင်းများ
ဆောင်ရွက်လျက်ရှိပြီး နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ်မှူး
ကိုယ်တိုင် အနီးကပ်ကြီးကြပ်ကွပ်ကဲ ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း
သိရှိရသည်။
လက်ရှိရခိုင်ပြည်နယ် မောင်တောမြို့၌ ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုများသည်
နိုင်ငံတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးကို
ထိခိုက်ပျက်ပြားစေသည့်အတွက် အခြေအနေ အားလုံးကို အချိန်မီ ထိန်းသိမ်းပြီး
ဒေသရပ်ရွာ တည်ငြိမ်အေးချမ်းမှု ရရှိစေရေးအတွက် မောင်တောမြို့နယ်နှင့်
ဘူးသီးတောင်မြို့နယ်တို့တွင် ပုဒ်မ (၁၄၄) ထုတ်ပြန်၍ ထိန်းသိမ်း
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။(သတင်းစဉ်)
Friday, June 8, 2012 - 19:30
Myanmar President Office


Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။