ဆုံခရာ ပဋိပက္ခ မြန်မာ တဦးသေ (၁၂) ဦး ဒဏ်ရာရ

Wednesday, June 6, 20120 မှတ်ချက်များ


ထိုင်းနိုင်ငံတောင်ပိုင်း ဆုံခရာခရိုင်ရှိ အပြည်ပြည်ဆိုင်ရာ ပင်လယ် အစားအစာ ထုတ်လုပ်သည့် စက်ရုံတွင် မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံမှ ရွှေ့ပြောင်း အလုပ်သမားများ ဖြစ်ပွားသည့် ပဋိပက္ခ၌ မြန်မာ တဦးသေဆုံးပြီး (၁၂) ဦး ဒဏ်ရာရရှိသည်။

ဆုံခရာမြို့ရှိ ငါးသေတ္တာ စက်ရုံအတွင်း ကမ္ဘောဒီးယား အလုပ်သမားများက မြန်မာ နိုင်ငံသား အလုပ်သမားများ၏ အိပ်ဆောင်အတွင်း ၀င် ရောက် ရိုက်နက်မှု ယမန်နေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့သည်။

ယင်းဖြစ်စဉ်ကြောင့် အသက် (၂၅) နှစ်ခန့်ရှိ ထားဝယ်လူမျိုး မောင်မိုးခေါ် မိုးမိုး ယနေ့နံနက်က သေဆုံးသွားကြောင်း စက်ရုံလုပ်သား ကိုဝင်း ဖေက အခုလို ပြောသည်။

“ဒီမနက် (၁၀) နာရီလောက်မှာ ဆေးရုံမှာ ဆုံးသွားတယ်။ ကျန်တဲ့ ဒဏ်ရာရတဲ့သူကတော့ ခေါင်းကွဲတာတို့၊ လက်တွေမှာ ဓါးနဲ့ ထိုးခံရတာတို့ အားလုံးပေါင်း (၁၂) ယောက်လောက် ရှိတယ်။”

ပြဿနာဖြေရှင်းရန် ယနေ့နံနက်က နှစ်ဖက် အလုပ်သမား ခေါင်းဆောင်များအား စက်ရုံပိုင်ရှင်က ခေါ်ယူတွေ့ဆုံခဲ့ရာ ကမ္ဘောဒီးယား အလုပ် သမားများအား စက်ရုံအတွင်း ဆက်လက်တာဝန်ပေး ပါက အလုပ်သမားအားလုံး အလုပ်မှ နုတ်ထွက်မည်ဟု မြန်မာဘက်က တောင်းဆို ခဲ့ ကြောင်း ၎င်းက ဆက်ပြော သည်။

“မနေ့ကတည်းက ကျနော်တို့တောင်းဆိုတာက ကမ္ဘောဒီးယားကို ထုတ်ချင်ထုတ်၊ မဟုတ်ရင်လည်း ကျနော်တို့ဗမာကို ထုတ်လို့ ပြောလိုက် တယ်။ အဲ့မှာ သူဌေးက ဒီလို ထုတ်လို့လည်း မဖြစ်နိုင်ဘူး။ ဒါပေမယ့် သူတို့(ကမ္ဘောဒီးယား)ကို ဒီဝိုင်းထဲမှာတော့ မထားဘူး။ ဝေးတဲ့ တနေ ရာရာ မှာ ထားပြီး အလုပ်ဆင်းခိုင်းမယ်ပေါ့။ ကမ္ဘောဒီးယားက နေ့ဆိုင်းဆိုရင် ဗမာက ညဆိုင်း လုပ်ခိုင်းမယ်ပေါ့။”

ယင်းကိစ္စနှင့် ပတ်သက်၍ ပြဿနာ ဖြစ်ဖူးသူချင်း စက်ရုံတခုအတွင်း ရေရှည်လုပ်ကိုင်ပါက တချိန်ချိန် ပြဿနာ ထပ်မံ ဖြစ်ပွားလာမည်ကို စိုး ရိမ်ကြောင်း မြန်မာအလုပ်သမားများက ပြောဆိုခဲ့သည်။ သို့သော် စက်ရုံ ပိုင်ရှင်က တစုံတရာ ဆုံးဖြတ်ခဲ့ခြင်း မရှိသေးကြောင်း သိရသည်။

ပြဿနာဖြစ်ပွားမှု (၃) ရက်ခန့်အတွင်း အိပ်ရေးပျက်ပြီး ပင်ပန်းနေကြသဖြင့် မနက်ဖြန် အလုပ်မဆင်းဘဲ နေကြရန် မြန်မာအလုပ်သမားများက တောင်းဆိုထားသည်။ သို့သော် စက်ရုံရှိ ထိုင်းနိုင်ငံသား အ လုပ်သမား ခေါင်းဆောင်များက နောက်တနေ့မှ စတင်၍ အလုပ်သမား (၁၀၀) လျင် (၃၀) ဦးခန့် အလုပ်ဆင်းရန် တိုက်တွန်း ပြောဆိုနေသည့် အပေါ် အလုပ်သမားအားလုံး၏ ဆန္ဒအရ ဆုံးဖြတ်သွား မည်ဟု ကိုဝင်းဖေက ပြောသည်။

သေဆုံးသူ မောင်မိုးအား မနက်ဖြန်တွင် သဂြိုင်္လ်မည်ဖြစ်ပြီး ယနေ့ညနေ လေးနာရီ အချိန် ခန့်က ဆုံခရာဆေးရုံမှ ဗုဒ္ဓဘာသာ ဘုန်းတော် ကြီးကျောင်းတခုသို့ ပြောင်းရွှေ့ခဲ့သည်။ ထို့အပြင် ယင်းဘုန်းကြီး ကျောင်းတွင် လုံခြုံရေး ယူပေးရန် စက်ရုံ ပိုင်ရှင်ထံ တင်ပြ ထားကြောင်း အလုပ်သမားများက ပြောဆိုသည်။

လောလောဆယ် စက်ရုံအတွင်း ထိုင်းရဲနှင့် စစ်တပ်မှ တပ်ဖွဲ့ဝင် (၁၀) ဦးခန့် လုံခြုံရေး ယူထားပြီး ကမ္ဘောဒီးယား အလုပ်သမားများအား အ ခြားနေရာတခုသို့ ပို့ဆောင်ထား သော်လည်း လုံခြုံစိတ်ချရမှု မရှိသေးကြောင်း မြန်မာ အလုပ်သမားများက ပြောသည်။

ယင်းစက်ရုံအတွင်း ကမ္ဘောဒီးယား အလုပ်သမား (၈၀၀) ခန့်နှင့် မြန်မာအလုပ်သမား (၂၀၀၀) ခန့် လုပ်ကိုင်နေကြပြီး လွန်ခဲ့သည့် (၂) နှစ်ခန့်ကလည်း ယခုကဲ့သို့ တကြိမ် ဖြစ်ပွားခဲ့ဘူးသည်။


 ဇော်ကြီး။
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger