ဆေးဝါးတက္ကသိုလ် (မန္တလေး) ကျောင်းသူများမှ လိုအပ်ချက်များတောင်းဆို

Tuesday, June 12, 20120 မှတ်ချက်များ

ကျွန်မတို့ ဆေးဝါးတက္ကသိုလ်ဟာ အဆင့်အတန်းရှိတဲ့ ကျောင်းတစ်ကျောင်းပါ။
ဒါပေမယ့် ဒီကျောင်းကို အခွင့်အရေးမပေး၊ အသိအမှတ် မပြုတဲ့အပြင် လူကြီးများမေ့နေကြပြီဟု ထင်မြင်မိပါတယ်။ ကျွန်မတို့ ဒီကျောင်းကို တက်ခွင့်ရဖို့အတွက် ဆယ်တန်းမှာ အများကြီး ကြိုးစားခဲ့ရပါတယ်။ ဒါပေမယ့် ဒီကြိုးစားမှုက မြို့ပြင်ကို ကားစီးပြီး ကျောင်းတက်ဖို့ ကျောင်းကားပေါ်တွင် နေရာ တစ်နေရာ ရဖို့အတွက် ကြိုးစားခဲ့ခြင်း မဟုတ်ပါ။ သို့ရာတွင် ယခု ကျွန်မတို့မှာ ကျောင်းဆင်းရင် ကားနေရာရဖို့ကြိုးစားခြင်းက ရည်မှန်းချက်ဖြစ်နေပါပြီ။

ဆေးသိပ္ပံပညာဦးစီးဌာန လက်အောက်ရှိကျောင်းများတွင် ကျွန်မတို့ကျောင်းမှာ မြို့နဲ့ အဝေးဆုံးဖြစ်ပါတယ်။ မိန်းကလေးများသာ ရှိသော ကျောင်းကို ထိုကဲ့သို့ ထားရခြင်းကို စဉ်းစားလို့ မရပါ။ နိုင်ငံတော်တိုးတက်ရန် ပြုပြင်ပြောင်းလဲရာတွင် ကျွန်မတို့ကျောင်း ကိုလည်း ပါစေချင်ပါတယ်။ ကျွန်မတို့ကျောင်းသူများ၏ အခက်အခဲများကို တင်ပြချင်ပါတယ်။

၁။ မန္တလေးမြို့နှင့် ကျွန်မတို့ကျောင်းဟာ ၁၇ မိုင် ကျော်ဝေးပါတယ်။ အဲဒါကြောင့် အမှတ်(၁၁) လိုင်းကား (ဒိုင်နာကား) ကို ၃၅ လမ်း မှာ ရှိတဲ့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးရုံးမှာ သွားစီးရပါတယ်။ ကားခ အသွား ၃၀၀ ကျပ်၊ အပြန် ၃၀၀ ကျပ် စုစုပေါင်း ၆၀၀ ကျပ် တစ်ခါတည်း ပေါင်းပေးရပါတယ်။ ကျောင်းကားများ အပြင်ကို လိုင်းထွက်ဆွဲတာကြောင့် ကျောင်းဆင်းရင် ကားမရှိပါ။ ဒါကြောင့် ကျောင်းဆင်းချိန်တိုင်း ထိုင်စောင့်ရပါတယ်။ တစ်ခါတစ်လေ ညနေ ၄:၃၀ မှ ကားရောက်လာပါတယ်။ ရောက်လာတော့လည်း ကား မလောက်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် ထပ်ပြီး ထိုင်ရပါတယ်။ ကျောင်းသူ ဆယ်ယောက်လောက် ကျန်ပါက နောက်ထပ် တစ်စီး မခေါ်ပေးဘဲ ပြင်ဦးလွင်က ဆင်းလာတဲ့ ကားများနဲ့လည်း ပြန်ခိုင်းပါတယ်။

ကားခ ၅၀၀ကျပ်ပေးရပါတယ်။ ကျောင်းကားခက ၆၀၀၊ ပြင်ဦးလွင်ကားက ၅၀၀ စုစုပေါင်း ကားခက ၁၁၀၀ ကျပ်ပါ။ ကားခချည်း ၁၁၀၀၊ မုန့်ဖိုးပါ ပါလျှင် တစ်နေ့ ကုန်ကျစရိတ်သည် ၂၀၀၀ ကျပ်နှင့်အထက် ရှိပါတယ်။ တစ်နေ့ ၂၀၀၀ဆိုသည်မှာ သာမန် လက်လုပ် လက်စားများအတွက် အခက်အခဲရှိပါတယ်။ ဒါ့အပြင် ကျောင်းနောက်ဆုံးကား လူမပြည့်လျှင် စိုက်ပေးဖို့အတွက် တစ်လ ၁၀၀၀ ကျပ် ကောက်ခံပါတယ်။ အဲဒီလိုကျောင်းကား အဆင်မပြေတာကြောင့် ကျောင်းသွားဖို့ စိတ်ပျက်မိပါတယ်။ ညနေ စာသင်ချိန်များကိုလည်း စာသင်ရန် စိတ်မပါတော့ပါ။ ကျောင်းကဝေးတဲ့အပြင် ကျောင်းကားလည်း အဆင်မပြေတော့ စိတ်ဓါတ် ကျလာပါတယ်။ ကျွန်မတို့ ကျောင်းက ဝေးလံပြီး လိုင်းကားလည်း မရောက်သည့် နေရာဖြစ်သည့်အတွက် ကျောင်းကားအဖြစ် စီစဉ်ထားသော (၁၁) လိုင်းကားမှ လွဲပြီး စီးစရာ ကားမရှိပါ။

ကွန်ပျူတာတက္ကသိုလ်က ကျောင်းသားကျောင်းသူတွေ မှန်လုံကားတွေနဲ့ ကျောင်းတက်နေချိန်မှာ ကျွန်မတို့ ဆေးဝါးတက္ကသိုလ်က ကျောင်းသားကျောင်းသူတွေ လိုင်းကားကို လုပြီး စီးနေရပါတယ်။ ကျောင်းသူတွေရဲ့စိတ်ထဲမှာ စာသင်ဖို့ထက် ကျောင်းကားနေရာ လုရေးကိုသာ အာရုံစိုက်နေကြပါတယ်။ သူ့ထက်ငါ နေရာရရေးဆိုတဲ့ တစ်ကိုယ်ကောင်းစိတ်များသာ ကိန်းအောင်းလာကြပါတယ်။ လိုင်းကားများကလည်း မိုးရွာရင် ရေမလုံ ကြမ်းခင်းက ပေါက်သည့်အပြင် တစ်ခါတစ်ရံ ခုံကျိုး ကျတတ်ပါတယ်။ တစ်ခါတစ်ရံ ကားအက်စီးဒင့် ဖြစ်တတ်ပါတယ်။ ထိခိုက်ဒဏ်ရာများလည်း ရခဲ့ဖူးပါတယ်။ ကျောင်းကားဆိုပြီး သပ်သပ်မရှိပဲ လိုင်းကားကိုသာ စီးနေရပါတယ်။ ဆေးဝါးတက္ကသိုလ် အဆင့်နှင့်ညီတဲ့ ကျောင်းကားများ အမှန်တစ်ကယ် လိုအပ်နေပါတယ်။ ဒီကျောင်းကားကိစ္စလေးကို ပြေလည်အောင် မဖြေရှင်းနိုင်ပဲ “ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ တိုးတက်တဲ့ နိုင်ငံတော်ကြီးကို ဘယ်လိုများတည်ဆောက်ကြမှာလဲ တွေးမိပါတယ်။

၂။ ကျွန်မတို့ဆေးဝါးတက္ကသိုလ်မှာ internet ကြေးဆိုပြီး ၃၀၀၀ ကျပ် ကောက်ခံပါတယ်။ အရင်နှစ်များတွင် ၅၀၀၀ကျပ် ကောက်ခံ ပါတယ်။ ဒါပေမယ့် ကျောင်းဖွင့်ကတည်းက အခုအချိန်ထိ အင်တာနက်ဆိုတာ မမြင်ဖူးသေးပါ။ ကျောင်းသူပေါင်း ၃၆၀ ထံမှ ကောက်ခံထားတဲ့ အင်တာနက်ကြေး ၁၀ သိန်းကျော်ဟာ အစအန ပျောက်နေပါတယ်။ monitor များက အကောင်း ၁၀ လုံး ကျော်သာရှိပြီး အပျက်က များနေပါတယ်။ system ပုံးများက 2000 model က များနေပါတယ်။ နှစ်စဉ်နှစ်တိုင်း ကျွန်မတို့ ကျောင်း ကို monitor များ၊ system ပုံးများ၊ USP များနှင့် printer များ ရောက်လာသော်လည်း သုံးစွဲခွင့် မရှိပါ။ ဖုန်တက်ခံပြီး သိမ်းထားပါ တယ်။ အင်တာနက်ခန်းက အင်တာနက်မသုံးရပဲ စတိုခန်းဖြစ်နေပါတယ်။ အင်တာနက်ကနေ စာရှာဖို့အတွက် အခက်အခဲ ရှိပါတယ်။ ဆေးတက္ကသိုလ် (မန္တလေး) က ကျောင်းသားကျောင်းသူတွေ WiFi သုံးပြီး စာရှာနေတဲ့အချိန် ကျွန်မတို့ ကျောင်းမှာ ကွန်ပျူတာ အစုတ်နဲ့ ရှုပ်ပွနေတဲ့ အင်တာနက်ခန်းကိုသာ တွေ့နေရပါတယ်။ တစ်ကယ်တော့ ဆေးဝါးကျောင်းသူများဟာ ဆေးမှတ် ကပ်ပြုတ်ပြီး ရောက်လာကြတဲ့ သူတွေချည်းပါပဲ။ ဆရာဝန်လောက် မတော်လို့ ဆရာဝန်လောက်အဆင့် မရှိလို့ နှိမ် ထားတယ်လို့ ခံစားရပါတယ်။

၃။ ကျွန်မတို့ ကျောင်းမှာ projector ၂ လုံးသာရှိပါတယ်။ တစ်လုံးက ပျက်နေပြီး ကျန်တစ်လုံးကိုသာ တစ်ကျောင်းလုံး မျှပြီး သုံးနေရပါတယ်။ တစ်ချို့ဘာသာရပ်များက projector သုံးပြီးသင်မှ ကျောင်းသူများ နားလည်လွယ်ပြီး ဆရာမများလည်း အဆင်ပြေ ပါတယ်။ ဒါပေမယ့် တစ်တန်းနှင့်တစ်တန်း စာသင်ချိန် တိုက်နေရင် အခက်အခဲဖြစ်ပါတယ်။ microphone ကလည်း ပျက်နေတာ များပါတယ်။ ဒါ့ကြောင့် ဆရာမများ ပိုအားစိုက်ပြီး စာသင်ရပါတယ်။ ဆရာဝန်များ lecture ၀င်ရင် ဆေးတက္ကသိုလ်နဲ့ တခြားစီပဲလို့ အပြောခံရပါတယ်။

၎။ ကျွန်မတို့ကျောင်းမှာ ပရဆေးဗေဒကို သင်ကြားရပါတယ်။ ပရဆေးပင်တွေအကြောင်းကို လက်တွေ့ လေ့လာဖို့ လိုအပ်ပါတယ်။ တိုင်းရင်းဆေးတက္ကသိုလ်က ကျောင်းသားကျောင်းသူတွေ ပရဆေးဥယျာဉ်ထဲက အပင်တွေကို လေ့လာနေချိန်မှာ ကျွန်မတို့ ဆေးဝါး တက္ကသိုလ်က ကျောင်းသူတွေကတော့ ခြစားပြီး ပြိုကျပျက်စီးနေတဲ့ ပရဆေးဥယျာဉ် အပျက်ကိုသာ တွေ့နေရပါတယ်။ တိုင်းရင်းဆေး နှင့် ခေတ်မီပညာရပ်ပေါင်းစပ်မှသာ အဆင့်မှီသော ဆေးဝါးများကို ဖော်ထုတ်နိုင်ပါလိမ့်မည်။ ကျွန်မတို့ အနောက်တိုင်း ဆေးဝါးကလည်း ပရဆေးပင်များကို အခြေခံပြီး ထုတ်လုပ်တဲ့အတွက် ပရဆေးဥယျာဉ်လိုအပ်ပါတယ်။

၅။ ကျွန်မတို့ကျောင်းဟာ ဆေးဝါးတက္ကသိုလ်ဖြစ်ပြီး small factory လေး တစ်ခုမှကို မရှိပါဘူး။ စက်ကိရိယာများလည်း မရှိသည့် အတွက် ဆရာမများ စာသင်ကြားရန် အခက်အခဲရှိပါတယ်။ ကျောင်းသူများလည်း ဆေးကို လက်တွေ့ မထုတ်လုပ်ရတဲ့အတွက် စာမတတ်ပါဘူး။ ဒါ့ကြောင့် small factory တစ်ခု လိုအပ်နေပါတယ်။

၆။ ကျွန်မတို့ ကျောင်းမှာ မြက်ပင်ရိုင်းများက ၃ ပေ နီးပါးလောက်ရှည်ပါတယ်။ ခြုံနွယ်ပိတ်ပေါင်းများ ရှိနေတဲ့အတွက် မြွေပေါပါတယ်။ မြွေများက စာသင်ခန်းများ၊ ဌာနများနှင့် အိမ်သာများထဲမှာ ရောက်နေတတ်ပါတယ်။ အကယ်လို့ မြွေကိုက်ခံရပါက ထိုးစရာ မြွေဆိပ် ဖြေဆေးမရှိပါ။ အသက်အန္တရာယ် များပါတယ်။ ဒီမြက်ပင်ရိုင်းများကို မရှင်းဘဲ ပစ်ထားတာ နှစ်ချီကြာပါပြီ။ မိန်းကလေးအများစု ရှိတဲ့ ကျောင်းကို ဒီလိုပဲ ပစ်ထားကြတော့မှာလားလို့ တွေးမိပါတယ်။

၇။ ကျွန်မတို့ ကျောင်းစာကြည့်တိုက်က မနက် စာသင်ချိန်စပြီး ( ၉ နာရီကျော်) မှသာ စတင်အသုံးပြုနိုင်ပြီး ညနေ စာသင်ချိန်မပြီးခင် (၂ နာရီ) ဆိုလျှင် ပိတ်သွားပါတယ်။ ကျောင်းသူများက စာသင်ချိန်ပြီးမှသာ စာကြည့်တိုက်ကို သွားနိုင်ပါတယ်။ ဒါပေမယ့် ကျွန်မတို့ စာကြည့်တိုက်သွားတိုင်း တံခါးပိတ်သွားတာကိုသာ ကြုံနေရပါတယ်။ ကျောင်းသူများ စာလေ့လာရန် အခက်အခဲရှိနေပါတယ်။

၈။ Final year ကျောင်းသူများ clinical posting ဆင်းတဲ့အခါ လိုင်းကားများနဲ့ သွားရတဲ့အတွက် မျက်နှာငယ်ရပါတယ်။ ကားခကို ရက်၂၀ စာ အတွက် ၇၀၀၀ ကျပ် ပေးရပါတယ်။ တခြားကျောင်းများတွင် ကားခမပေးရပါ။ သို့သာ် ကားခပေးရပြီး ကားက အဆင်မပြေ ပါ။ ကျောင်းသူများကို အပြန်မှာ လာမကြိုကြပါ။ ဒါ့ကြောင့် light truck တစ်စီး ငှားပြီး ပြန်ရပါတယ်။

အထက်ဖော်ပြပါ အချက်အလက်များဟာ ကျွန်မတို့ဆေးဝါးတက္ကသိုလ် (မန္တလေး) မှာ အမှန်တစ်ကယ် တွေ့ကြုံနေရသော အခက် အခဲများ ဖြစ်ပါတယ်။ ဒီအခက်အခဲများကို သက်ဆိုင်ရာ လူကြီးများကို တင်ပြခဲ့ပေမယ့်လည်း လျစ်လျူရှုခဲ့ကြပါတယ်။ ယခုပုံစံအတိုင်း ဆက်လက်တည်ရှိနေမည်ဆိုပါက ကျောင်းသားကျောင်းသူများသည် ပညာသင်ကြားရန် စိတ်ပါဝင်စားခြင်း မရှိနိုင်တော့သဖြင့် နိုင်ငံတော်၏ ရည်မှန်းချက်ဖြစ်သော အရည်အသွေး ပြည့်မီသည့် ဆေးဝါးပညာရှင်များ ဖြစ်ထွန်းလာရန် မသေချာတော့ပါ။ ကျောင်း တစ်ကျောင်း၏ အင်္ဂါရပ်များနှင့် ညီညွတ်အောင် လုပ်ဆောင်ပေးစေချင်ပါတယ်။ ဒီအခက်အခဲများကို အမြန်ဆုံး ဖြေရှင်းပေးပါရန် ကျွန်မတို့ ဆေးဝါးတက္ကသိုလ် ကျောင်းသူများက မေတ္တာရပ်ခံအပ်ပါတယ်။

ဆေးဝါးတက္ကသိုလ် ကျောင်းသူများ (မန္တလေး)
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger