Sunday, 17 June 2012 10:15 | |
ကညနမှ ယာဉ်မှတ်ပုံတင်ကြေး ကောက်ခံမှုမှာ ဇွန်လ ၁၄ ရက်နေ့ အထိ အစီးရေ ၂၇၉၇၁ အတွက် အက်ဖ်အီးစီ/ အမေရိကန်ဒေါ်လာ ၉၇ ဒသမ ၃၅ သန်းရရှိထားပြီး ကောက်ခံရရှိငွေများအား ရန်ကုန်မြို့တွင် တည်ဆောက်မည့် ခုံးကျော်တံတားများအတွက် အကုန်အကျခံ သုံးစွဲသွားမည်ဟု ဇွန်လ ၁၆ ရက်နေ့တွင် ရထား ပို့ဆောင်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ လက်ရှိတွင် ရန်ကုန်မြို့၌ လှည်းတန်းခုံးကျော် တံတားအား တည်ဆောက်လျှက်ရှိပြီး ဘုရင့်နောင် ခုံးကျော်တံတားကိုလည်း တည်ဆောက်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ အဆိုပါ လှည်းတန်းနှင့် ဘုရင့်နောင် ခုံးကျော်တံတားနှစ်ခုတည်း တည်ဆောက်ရန်အတွက် အမေရိကန် ဒေါ်လာ ၄၅ သန်းအထိ တောင်းခံထားကြောင်း၊ တောင်းခံထားသည့်စာကို လည်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနသို့ တရားဝင်တင်ပြထားပြီး ဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီး ဌာနနှင့်နီးစပ်သူများက ပြောကြားခဲ့သည်။ “ကညနမှတ်ပုံတင်ကြေးက ဇွန်လ ၁၄ ရက်နေ့အထိ အမေရိကန် ဒေါ်လာ ၉၇ သန်းကျော်ရတယ်။ ဒီအထဲကနေ လှည်းတန်းနဲ့ ဘုရင့်နောင်ခုံးကျော် နှစ်ခုတည်းအတွက် အမေရိ ကန်ဒေါ်လာ ၄၅ သန်းကို တည် ဆောက်ရေးနဲ့ပတ်သက်တဲ့ အဖွဲ့က တောင်းထားတယ်။ စာကိုလည်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနကို တင်ထားကြတယ်။ ကညနအနေနဲ့က ကောက်ခံပေးတယ်၊ အများပြည်သူ ကလည်းပေးထားတယ်။ ပေးတဲ့အပိုင်းနဲ့ ကောက်ခံတဲ့အပိုင်းက တာဝန်ကျေပြီ။ ရထားပို့ဆောင်ရေးဝန်ကြီး ဌာနကလည်း မြင်သာထင်သာ ထုတ်ပြန်လိုက်တယ်။ အရေးအကြီးဆုံးပိုင်းက တစ်ကယ်ပဲခုံးတံတားနှစ်စင်း က အမေရိကန် ဒေါ်လာ ၄၅ သန်း (ကျပ်သန်းပေါင်း ၃၉၀၀၀ နီးပါး၊ တစ်ဒေါ်လာ ၈၆၀ ကျပ်) ကုန်သလား။ ဒါဆိုဘယ်လိုမျိုး Quality နဲ့ ဘယ်လို တံတားမျိုးရမလဲဆိုတာမျိုးကို သေချာစိစစ်ရင် ပိုကောင်းပါတယ်။ အခု Third party အနေနဲ့ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းကတော့ QC ပိုင်းကို စောင့်ကြည့်မယ်လို့ကြားသိရ ထားရတယ်။ စာရင်းစစ်တွေကလည်း ပြီးစီးရင် စစ်ဆေးမယ်လို့တော့ ကြားတယ်”ဟု ရထားပို့ဆောင်ရေးဝန်ကြီး ဌာနနှင့်နီးစပ်သူ လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းဝင် မြို့ပြအင်ဂျင်နီယာတစ်ဦးက “စီမံကိန်းနဲ့တွေပတ်သက်ရင် ၀န်ကြီးဌာနတွေက လျှို့ဝှက်လွန်းတယ်။ တစ်ကယ်တော့ ထင်သာမြင်သာဖြစ်တာ ပိုကောင်းပါတယ်။ ချပြစရာ မလိုဘူးလို့ တွက်ထားလို့မရဘူး။ ခုံးကျော်နှစ်ခုကို တည်ဆောက်တယ်ဆိုရင် အလကားဘယ်သူမှ မဆောက်ပေးဘူး။ ငှားဆောက်ရမှာပဲ။ ဒီတော့ ဒီခုံးကျော်တွေကို ဆောက်ဖို့အတွက် ဘယ်သူဆောက်မလဲဆိုတာ ထင်သာမြင်သာနဲ့ လေလံတောင်ခေါ်သင့်ခေါ်ရမှာ။ ခေါ်ပြီးရင် အများပြည်သူ အတွက် စိတ်အချရဆုံးနဲ့ မှန်မှန်ကန် ကန်ဆောက်ပေးမယ့် ကုမ္ပဏီကိုပေး ရမယ်။ အခုကဘယ်လိုလုပ်တယ် ဆိုတာ ထုတ်ပြန်မထားတော့ မသိရဘူး။ အစတုန်းက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် တာဝန်ရှိသူ တစ်ဦးက ခုံးကျော်တွေအတွက် ငွေမလုံလောက်လို့စသဖြင့် အားလုံးကို တစ် ပြိုင်နက်မဆောက်နိုင်ဘူး ပြောထားတယ်။ အခုအများပြည်သူက ငွေထုတ်ပေးလိုက်တဲ့သဘော၊ လုံလောက်ပြီ။ တစ်ချက်ပဲ ကျန်တော့တယ်၊ ဒါကအ ထူးစီမံကိန်းဖြစ်လို့ အထူးစီမံကိန်း နဲ့ ဆက်စပ်တဲ့သူတွေနဲ့ ကုမ္ပဏီတွေ မှာမကုန်သင့်တာ မကုန်အောင် လွှတ်တော်တင်ပြီး စိစစ်ခံတာ ပိုကောင်းပါတယ်။ တင်ပြီးအစိစစ်ခံတဲ့စနစ်နဲ့ သွားမယ်လို့လည်း ကြားထားတယ်။ ပြည်ထောင်စု စာရင်းစစ်က စစ်ဆေးတဲ့ပုံစံမျိုး ဖြစ်ချင်ဖြစ်မယ်။ ဒီပုံစံ အတိုင်းဆိုရင်တော့ နည်းလမ်းတကျ ဖြစ်လာနိုင်တာပေါ့။ ဒါပေမယ့် အစကတည်းက တွက်ချက်ပြီး တင်ဒါ ခေါ်တဲ့စနစ်ကပိုပြီး ထင်သာမြင်သာ ရှိတာပေါ့”ဟု ပြောပြခဲ့သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ က လှည်းတန်းခုံးကျော် တစ်ခုတည်း တည်ဆောက်မှုပင် အချိန်တစ်နှစ်ကြာမည်ဟု ခန့်မှန်းထားကြောင်း တရားဝင်ထုတ်ဖော်ပြောကြားခဲ့ သည်။ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့မှစ၍ မှတ်ပုံတင် ဖျက်သိမ်းပြီးကာ အစားထိုးတင်သွင်းရန် လျှောက်ထားသည့် ကားအစီးပေါင်း ၄၈၉၁၉ စီးရှိကြောင်း ထုတ်ပြန်ထားသည်။ ရထားပို့ဆောင်ရေးဝန်ကြီးဌာန အနေဖြင့် ယာဉ်မှတ်ပုံတင်ကြေး ကောက်ခံရရှိမှုများကို ရန်ကုန်အပြင် အခြားလိုအပ်သည့် နေရာများတွင် ယာဉ်အသွားအလာ လွယ်ကူစေရန် တည်ဆောက်မည့် စီမံကိန်းများ အတွက် လိုအပ်ပါကလည်း အသုံးပြုသွားမည်ဟု သိရသည်။ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန တာဝန်ရှိသူတစ်ဦးက "ယာဉ်မှတ်ပုံ တင်ကြေးကရရှိတဲ့ ဘဏ္ဍာငွေတွေကို ရန်ကုန်မြို့တင် မဟုတ်ဘူး။ အခြား လိုအပ်တဲ့နေရာတွေမှာတည်ဆောက် ရင်လည်း အသုံးပြုသွားမှာပါပဲ။ အစကတည်းကလည်း ဒီလိုနေရာတွေ မှာသုံးဖို့အတွက် ကောက်ခံတာပါ။ အခု လှည်းတန်းနဲ့ ဘုရင့်နောင်ခုံးကျော်အတွက် အသုံးပြုမယ်”ဟု ပြော ပြခဲ့သည်။ ရန်ကုန်မြို့တွင် လှည်းတန်း၊ ဘုရင့်နောင်၊ မြေနီကုန်း၊ တာမွေ လမ်းငါးခွဆုံတို့အား ခုံးကျော်များ တည်ဆောက်သွားမည်ဟု ၂၀၁၁ ခု နှစ် နှစ်ကုန်ပိုင်းကတည်းက စတင် သတင်း ထုတ်ပြန်ထားခြင်း ဖြစ်သည်။ |
Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။