၉၀ ရွေးကောက်ပွဲကို အသိအမှတ်ပြုပေးရေး MPU အဖွဲ့ အဆိုပြု

Monday, May 28, 20120 မှတ်ချက်များ

၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို တနည်းနည်းနဲ့ အသိအမှတ်မပြုသ၍ မြန်မာ့နိုင်ငံရေးမှာ ပြဿနာတွေ ပြေလည်သွားမှာ မဟုတ်ဘူးလို့ ပြည်ပအခြေစိုက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ (MPU) က ဒီကနေ့ ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

AFP

ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ကျင်းပသည့် ၁၉၉၀ ရွေးကောက်ပွဲ အောင်နိုင်မှု နှစ်ပတ်လည် အခမ်းအနားသို့ တက်ရောက်လာကြသူများကို ၂၀၀၈ ခုနှစ် မေလ ၂၇ ရက်နေ့က ကြိုဆိုနေသည့် မှတ်တမ်းပုံ ဖြစ်ပါသည်။ ထိုနေ့မှာပင် နေအိမ်အကျယ်ချုပ် ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ အဖွဲ့ဝင်တချို့ ချီတက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့က လူစုကို ဖြိုခွဲပြီး လူ ၁၅ ဦး ဖမ်းဆီးခံခဲ့ရသည်။

မေလ (၂၇) ရက် ဒီကနေ့ဟာ ၁၉၉၀-ခုနှစ်တုန်းက စစ်အစိုးရ တာဝန်ရှိသူတွေ အထွေထွေ ရွေးကောက်ပွဲ ကျင်းပ ပေးခဲ့ပြီး မဲဆန္ဒနယ် (၄၈၅) နေရာမှာ NLD ပါတီက (၃၉၂) နေရာ အပြတ်အသတ် အနိုင်ရခဲ့တဲ့နေ့လည်း ဖြစ်ပါတယ်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို စစ်အစိုးရ အဆက်ဆက်က အသိအမှတ် မပြုခဲ့ပေမယ့် ဦးသိန်းစိန် အစိုးရနဲ့ လက်ရှိ ပြည်ထောင်စုလွှတ်တော်က နည်းလမ်းတွေရှာပြီး အသိမှတ်ပြုမှသာ နိုင်ငံရေးပြဿနာတွေ ပြေလည်နိုင်ဖွယ်ရာ ရှိတယ်လို့ (MPU) အဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးမောင်မောင်အေးက ပြောပါတယ်။

"၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ဒီ န၀တ နအဖအစိုးရ လက်ထက်က လစ်လျူရှုခဲ့တယ်။ အခု ဦးသိန်းစိန်အစိုးရ အနေနဲ့ ဆက်ပြီးတော့ တာဝန်ရှိတယ်လို့ ကျနော်တို့ မြင်တယ်။ ဦးသိန်းစိန်အစိုးရနဲ့ လက်ရှိ ပြည်ထောင်စုလွှတ်တော်က နည်းလမ်းတွေရှာပြီး ဘယ်လိုနည်းနဲ့ အသိအမှတ်ပြုမယ်ဆိုတာ ဆွေးနွေးစေချင်တယ်။ သမိုင်းဝင်ရွေးကောက်ပွဲ ရလဒ်ကို မဖြေရှင်းသမျှ မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြဿနာတစ်ခုအဖြစ် ဆက်ရှိနေမယ်ဆိုတာကို ပြောချင်တာပါ။ လွှတ်တော်တွင်းမှာသာမကဘဲ လွှတ်တော်ပြင်ပမှာ အမျိုးသားညီလာခံလို ခေါ်ပြီး ဆွေးနွေးစေချင်တယ်လို့ ကျနော်တို့ တင်ပြထားပါတယ်။"

လက်ရှိ သြစတြေးလျနိုင်ငံမှာ နေထိုင်နေတဲ့ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီ မန္တလေးတိုင်းကိုယ်စားလှယ်တဦး ဖြစ်သူ ဦးမောင်မောင်အေး ပြောသွားတာပါ။

MPU ရဲ့ ကြေညာချက်ထဲမှာတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲပြီး အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာဖို့၊ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ သက်ဆိုင်ရာ အင်အားစု အားလုံး ပါဝင်နိုင်မယ့် အမျိုးသား ညီလာခံကြီးတရပ် ခေါ်ယူပြီး နိုင်ငံရေး ပြဿနာတွေ ဖြေရှင်းဖို့ လိုအပ်ကြောင်း တိုက်တွန်းထားပါတယ်။

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger