လျှပ်စစ်မီး ရရှိရေး ဆန္ဒထုတ်ဖော်သူကို မြို့နယ်အာဏာပိုင် ခေါ်ယူမေးမြန်း

Wednesday, May 30, 20120 မှတ်ချက်များ

ပြီးခဲ့တဲ့ သောကြာနေ့ကစလို့ ပုသိမ်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးရှေ့မှာ လျှပ်စစ်မီးအချိန်ပြည့် ရရှိရေးအတွက် ညစဉ်ဆန္ဒထုတ်ဖော်သူတွေထဲက လူငယ်ခေါင်းဆောင် ၁၁ ဦးကို မနေ့က မွန်းလွဲ တစ်နာရီမှာ ခရိုင်ရဲမှူးကြီးအပါအ၀င် မြို့နယ်အာဏာပိုင်တွေက ပုသိမ်ဝန်ကြီးရုံးကို ခေါ်ယူခဲ့ပြီး ၃ နာရီကြာ မေးမြန်းခဲ့တာဖြစ်တယ်လို့ မိသားစုဝင်တစ်ဦးက အာအက်ဖ်အေကို ပြောပါတယ်။

courtesy of Kyaw Moe Win

၂၀၁၂ ခုနှစ် မေလ ၂၀ ရက်က မန္တလေးမြို့တွင် လျှပ်စစ်မီး ရရှိရေးအတွက် ပြည်သူရာပေါင်းများစွာ ဖယောင်းတိုင် ထွန်းညှိပြီး လမ်းလျှောက်လှည့်လည် ဆန္ဒပြနေစဉ်။

"ခင်ဗျားတို့ ဒီလို ဆန္ဒဖော်ထုတ်နေပြီ ဆိုလို့ရှိရင် ကျွန်တော်တို့က ဘယ်လိုပံ့ပိုးပေးရမလဲ၊ ဘယ်လိုလုပ်ပေးရမလဲ၊ သူတို့ကို တစ်ယောက်ချင်းခေါ်ပြီးတော့ ဘာကြောင့် ဒီလိုမျိုးလုပ်ရတာလဲ၊ သူများမြို့လုပ်လို့ လုပ်တာလား၊ ခင်ဗျားတို့ ဆန္ဒတကယ်ပါလို့ လုပ်တာလား၊ ဘာလို့ လုပ်တာလည်းဆိုတာကို ခရိုင်ရဲမင်းကြီးရယ်၊ လျှပ်စစ်ရုံးက အရာရှိတွေရယ် ပါတာ။ ဘာကြောင့် အခုလိုမျိုး ဆန္ဒပြတာလဲ၊ ဘယ်သူက ပြခိုင်းလို့ ပြတာလဲဆိုတော့၊ ဆန္ဒပြတာမဟုတ်ဘူး။ ပြည်သူရဲ့ဆန္ဒကို ဖော်ထုတ်တာပါတဲ့။ ကျွန်တော်တို့ကနေ ဆိုပြီးတော့ အဲဒီ ၈၈ ကျောင်းသားခေါင်းဆောင် တစ်ယောက်ကနေ ပြောတယ်"

မေးမြန်းခံခဲ့ရသူ ၁၁ ဦးထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ကိုချစ်အေး၊ ကိုဇော်မိုး၊ ကိုဝင်းနိုင်နဲ့ ၈၈ မျိုးဆက်ကျောင်းသား ကိုကျော်စွာတို့ ပါဝင်ခဲ့ပြီး မီးအချိန်ပြည့်ရရှိဖို့ ရက်သတ္တနှစ်ပတ်စောင့်ဖို့ ပြောလိုက်တယ်လို့ ဆိုပါတယ်။

ညပိုင်းမှာတော့ ခေါ်ယူမေးမြန်းခံခဲ့ရတဲ့ လူငယ်ခေါင်းဆောင်တွေနဲ့ ဒေသခံပြည်သူတွေဟာ နေ့စဉ်ပုံမှန် ဆန္ဒထုတ်ဖော်နေကြအတိုင်း ပုသိမ်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးရှေ့မှာ လျှပ်စစ်မီးအချိန်ပြည့်ရရှိရေး ဆက်လက်ဆန္ဒထုတ်ဖော်ဖို့ ထပ်မံသွားရောက်ချိန်မှာတော့ အရာရှိတစ်ဦး ထွက်လာပြီး တောင်းပန်ခဲ့သလို နှစ်ပတ်အတွင်း မီးလင်းရေး ဆောင်ရွက်ပေးမယ်လို့ ကတိပေးခဲ့လို့ လူစုခွဲလိုက်တဲ့အကြောင်း ခုနက အမျိုးသမီးကပဲ ဆက်ပြောပါတယ်။

"မနေ့က ညနေ ၆ နာရီခွဲလောက်တော့ ရှိပြီပေါ့။ သူတို့အုပ်စုတွေ အဲဒီ EPC ရုံးရှေ့ကို ထွက်ပြီးတော့ ဆန္ဒပြဖို့ လုပ်တယ်။ လုပ်တဲ့အခါကြတော့ အဲဒီအရာရှိက ထွက်လာပြီး ဆက်ပြီးတော့ ဆန္ဒမပြနဲ့အုံးပေါ့။ နှစ်ပတ်အတွင်းကို သူတို့ရအောင်လုပ်ပေးမယ်။ အဲဒီလို ကတိပေးလိုက်တာ၊ အရာရှိတစ်ယောက်က ထွက်လာပြီးတော့ ပြောတာ"

ပုသိမ်မြို့နယ်မှာ မေ ၂၅ ရက်နေ့ ညကစပြီး လျှပ်စစ်မီး အချိန်ပြည့်ရရှိရေးအတွက် ဒေသခံပြည်သူ ၅၀ ခန့်က စတင်ပြီး ညစဉ်ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger