ပြင်စလူ မြို့နယ်ခွဲ ကျေးရွာခြောက်ရွာ သောက်ရေပြတ်

Sunday, May 6, 20120 မှတ်ချက်များ

ရန်ကုန် မေ ၎
နာဂစ်မုန်တိုင်း ဒဏ်ကြောင့် လူဦးရေ အသေအပျောက် အများဆုံး ဖြစ်ခဲ့သည့် လပွတ္တာ မြို့နယ် ပြင်စလူ မြို့နယ်ခွဲရှိ ကျေးရွာ ခြောက်ရွာတွင် သောက်သုံးရေ ပြတ်လတ်မှုနှင့် ကြုံတွေ့နေရကြောင်း လပွတ္တာ မြို့နယ် နှလုံးသား (အခမဲ့) လူမှုကူညီရေး အသင်းမှ အဖွဲ့ဝင် ဦးအောင်မိုးဝင်းက The Voice Weekly သို့ မေလ ၄ ရက်နေ့က ဆက်သွယ် ပြောကြားသည်။

သောက်ရေကန်များ ခန်းခြောက်လာမှုကြောင့် သောက်သုံးရေ ပြတ်လပ်နေသည့် ကျေးရွာများမှာ ပြင်စလူ မြို့နယ်ခွဲရှိ ကုန်းကြီး ကျေးရွာအုပ်စုမှ သပြေခြိုင်၊ ကွင်းယာ၊ နတ်သတ်ကုန်း၊ အဝစား၊ ဝါးဘိုးကုန်း၊ ကျားချောင်း ကျေးရွာတို့ ဖြစ်ကြောင်း၊ ယင်းကျေးရွာအုပ်စုတွင် အိမ်ခြေ ၃၅ဝ ကျော်နှင့် လူဦးရေ သုံးထောင်ကျော် ရှိကြောင်း ၄င်း၏ ပြောကြားချက်အရ သိရသည်။

"အိမ်ခြေ ၇ဝ နဲ့ လူဦးရေ လေးရာကျော်ရှိတဲ့ နတ်သတ်ကုန်းရွာက အဆိုးဆုံးပဲ။ သောက်ရေ တော်တော် ပြတ်နေပြီ။ လပွတ္တာကနေ တစ်ရက်ကို ထော်လာဂျီ သုံးစီးနဲ့ ဝေပေး နေရတယ်" ဟု နတ်သတ်ကုန်း ကျေးရွာသို့ ကိုယ်တိုင် သွားရောက် ရေပေးဝေခဲ့သည့် လပွတ္တာမြို့မှ စီးပွားရေး လုပ်ငန်းရှင် ဦးခင်စိုးက ဆိုသည်။

ပြင်စလူမြို့နယ်ခွဲ အပြင် လပွတ္တာမြို့နယ် အတွင်းရှိ သပြေကုန်း ကျေးရွာအုပ်စုမှ ပြင်တောင်တွင်း ကျေးရွာတွင်လည်း သောက်ရေကန်များ ခန်းခြောက်လျှက် ရှိပြီး လက်ယက် သောက်ရေတွင်းများ တူးဖော်နေသည်ကို တွေ့ရကြောင်း လပွတ္တာ လူငယ်အင်အားစုမှ ကိုအောင်နိုင်ထွန်းက ပြောဆိုသည်။

သောက်သုံးရေ ပြတ်လပ်လျှက် ရှိသည့် အဆိုပါကျေးရွာများသို့ နှလုံးသား (အခမဲ့) လူမှုကူညီရေး အသင်းက တစ်ရက်လျှင် ရေဂါလံ တစ်ထောင်ကျော် ပေးလှူနေပြီး ကုန်ကျစရိတ်မှာ တစ်ရက်လျှင် ကျပ်တစ်သိန်းခန့် ကုန်ကျကြောင်း ဦးအောင်မိုးဝင်းက ပြောဆိုသည်။

လပွတ္တာ (အခမဲ့) လူမှုကူညီရေး အသင်းကို နာဂစ်မုန်တိုင်း ဝင်ရောက် တိုက်ခတ်ခဲ့ပြီးသည့် နောက်ပိုင်း ဒေသခံ လူငယ် ၂ဝ ခန့်ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး လပွတ္တာ မြို့နယ်နှင့် အနီးအနား ကျေးရွာများမှ ဆေးကုသမှု ခံယူမည့် ဒေသခံများကို သုံးမိုင် လပွတ္တာ မြို့သစ်ရှိ ကုတင် ၂၀ဝ ဆံ့ ဆေးရုံသို့ အခမဲ့ ပို့ဆောင်ပေးလျှက် ရှိသည်။
The Voice Weekly
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger