ဖြိုးဝေကျော်
အတွဲ ၂၉ ၊ အမှတ် ၅၆၉ (၁၈ - ၂၄ ၊ ၅ ၊ ၂၀၁၂)
အတွဲ ၂၉ ၊ အမှတ် ၅၆၉ (၁၈ - ၂၄ ၊ ၅ ၊ ၂၀၁၂)
ကညန၌ ကားဟောင်းအပ်နှံရန် စောင့်ဆိုင်းနေသော ကားအချို့ကို တွေ့ရစဉ်။
ဓာတ်ပုံ - ဖြိုးဝေကျော်
"အခု 'န' အက္ခရာတွေ အပ်နှံပြီးစီးရင် 'ပ' အက္ခရာတွေကို အပ်နှံဖို့ ဆက်လက် ဆောင်ရွက်ပေးသွားမှာပါ။ ဒါတွေပြီးရင် ကျန်တဲ့ နံပါတ် အနီအငှား ယာဉ်တွေ နဲ့ စီးလုံးငှားယာဉ်တွေ၊ ယာဉ်ဟောင်း ယာဉ်သစ် အပ်နှံလဲလှယ်ခွင့်အတွက် တော့ လောလောဆယ် ဘာညွှန်ကြား ချက်မှ မလာသေးပါဘူး"ဟု မန္တလေး တိုင်းဒေသကြီး ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးသိန်းဦးက ယခုလ ၁၅ ရက်နေ့က ပြောသည်။
ယာဉ်အို ယာဉ်ဟောင်းများအပ်နှံပြီး ယာဉ်သစ်တင်သွင်းခွင့် အစီအစဉ်ကို ပြီးခဲ့သော ၂၀၁၁ ခုနှစ်၊ စက်တင်ဘာ လ ၁၉ ရက်နေ့တွင် စတင်ဆောင်ရွက် ခဲ့ရာ ယခုနှစ် မေလဒုတိယပတ်အထိ ကားစီးရေပေါင်း ၁၃, ၉၀၀ ကျော်အပ်နှံ ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
၎င်းယာဉ် များမှာ 'စ'၊ 'ဆ'၊ 'ဇ'၊ 'ဈ'၊ 'ည'၊ 'တ'၊ 'ထ'၊ 'ဒ'၊ 'ဓ' အက္ခရာများဖြစ်ကြပြီး လက်ရှိ တွင် 'န' အက္ခရာကားများကို ယခု လဆန်းမှစ၍ ဆက်လက် ဆောင်ရွက်ပေးနေကြောင်း သိရသည်။
"နံပါတ်မြင့်ပြီး မော်ဒယ်နိမ့်တဲ့ လေလံ ကားတွေ၊ နံပါတ်အနီ အငှားကားတွေ ကလည်း အဟောင်းလဲပြီး အသစ်သွင်း ခွင့်ရဖို့ မျှော်ကြတာပေါ့။ ဒီလပထမ ပတ်မှာ နိုင်ငံခြားငွေ စာရင်းဖွင့်ပြီးတဲ့ နိုင်ငံသားတိုင်း ကားတွေကို ဘယ်မောင်း၊ ညာမောင်းမခွဲဘဲ သွင်းခွင့်ပြုမယ့် အစီ အစဉ်ထွက်လာတော့ စလစ်ဈေးတွေ ရော၊ ပါမစ်ဈေးတွေပါ ပြုတ်ကျကုန် တယ်။ "အရင်က ယာဉ်ဟောင်း အပ်ပြီးတဲ့ စလစ်ဈေးနှုန်းက ကျပ်သိန်း ၁၄၀ နဲ့ အထက်ပေါက်ဈေး ရှိပေမယ့်အခု သိန်း ၇၀၊ ၈၀ တောင် ပေးမယ့်သူ ရှားကုန်ပြီ။ "နောက် ဒီထက် ပိုဆိုးမလားဘဲ။ ဒီလို ဖြစ်သင့်တာလည်း ကြာပါပြီ။ အခွန်ကို လည်း နောက်ပိုင်းမှာ ဒီထက်လျှော့သင့် ပါသေးတယ်" ဟု ကားဝယ်ယူမည့်သူ တစ်ဦးက ပြောသည်။

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။