လွှတ်တော်ကိုယ်စားလှယ်ပိုင် ကုမ္ပဏီမှ လယ်ယာမြေများအားဖျက်ဆီး

Thursday, May 17, 20120 မှတ်ချက်များ

မေလ ၁၆ရက်၊ ၂၀၁၂ ခုနှစ်
ကျော်စိုးလင်း-(YPI)

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ကျီစုကျေးရွာအရှေ့ပိုင်းရှိ ဒေသခံလယ်သမားများနှင့် ပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိသော လယ်ယာမြေများကို လွှတ်တော်ကိုယ်စားလှယ်ပိုင် မြရွှေဝါကုမ္ပဏီက ယမန်နေ့က စတင်ပြီး မြေတူးစက်များဖြင့် တူးဖော်ဖျက်ဆီးလျက်ရှိသည်ဟု လယ်သမားများက ပြောသည်။

မြရွှေဝါကုမ္ပဏီသည် သန်လျင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းဦးပိုင် ကုမ္ပဏီဖြစ်သည်။

ထိုသို့ တူးဖော်ဖျက်ဆီးမှုကြောင့် ယခုအချိန်တွင် ကျီစုကျေးရွာအရှေ့ဘက်ရှိ လယ်ယာမြေ ၁၀ ဧကခန့် ပျက်စီးခဲ့ပြီးဖြစ်ကြောင်း လယ်ပိုင်ရှင် ဦးအောင်မျိုးဦးက ပြောသည်။

“ ကျွန်တော်တို့ ရွာက လယ်သမားတွေပေါင်းပြီး ငြိမ်းချမ်းစွာတားတယ်။ မရဘူး။ ခုကျွန်တော့်အဖေပိုင်တဲ့ လယ်တွေကို တူးနေပြီ။ ကျွန်တော်တို့ လုပ်စားစရာ ဒီလယ်တွေပဲရှိတာ။ စိတ်ထဲမကောင်းဘူး။ အသားတွေပါ တုန်နေတယ်” ဟု ၎င်းက YPI သို့ပြောသည်။

ထိုကဲ့သို့ လယ်ယာမြေများကို တူးဖော်ဖျက်ဆီးနေခြင်းအား မှတ်တမ်းတင် ဓာတ်ပုံရိုက်ယူရန် ကြိုးပမ်းခဲ့သည့် လယ်သမားများကိုလည်း ကုမ္ပဏီမှ တာဝန်ခံ ဦးကျော်ဝင်းက ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း လယ်သမားများက ပြောသည်။

လယ်သမားတစ်ဦးဖြစ်သည့် ကိုထွေးက “ ကျွန်တော်တို့လယ်သမားတွေ စုပြီး မေတ္တာရပ်ခံတယ်။ ဓာတ်ပုံရိုက်တယ်။ ကျွန်တော်တို့မှာ ဘာလက်နက်မှမပါဘူး။ အဲဒါကို ကုမ္ပဏီတာဝန်ခံက ထိုးမယ်ကြိတ်မယ် လုပ်တယ်ဗျ” ဟုပြောသည်။

ဒေသခံလယ်သမားများဘက်မှ ၀ိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိသော ဦးမောင်မောင်က လယ်ယာမြေများကို ယခုကဲ့သို့ ဖျက်ဆီးခြင်းအား ဥပဒေအရ တားဆီးသွားမည်ဖြစ်ကြောင်းပြောသည်။

မြရွှေဝါကုမ္ပဏီ၏ လယ်ယာမြေများကို ဖျက်ဆီးနေခြင်းအား ရပ်တန့်ပေးရန်အတွက် ဒေသခံလယ်သမား ၁၆၂ ဦးမှ ၀ိုင်းဝန် မေတ္တာရပ်ခံခဲ့ကြောင်း ဒေသခံလယ်သမားများကပြောသည်။

၂၀၀၈ ခုနှစ်က ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ ဓနိခြံ ၇၄၉ ဧကအား မြို့ရွာနှင့်အိုးအိမ်ဝန်ကြီးဌာနမှ သိမ်းယူခဲ့ကာ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

ယင်းဝန်ကြီးဌာနမှတဆင့် မူလလုပ်ကိုင်လျက်ရှိသည့် ဒေသခံလယ်သမားများအစား မြရွှေဝါကုမ္ပဏီသို့ လုပ်ပိုင်ခွင့်ချထားပေးခဲ့ချိန်မှစ၍ ကုမ္ပဏီနှင့် လယ်သမား များကြား လယ်ယာမြေပိုင်ဆိုင်မှုနှင့်ပတ်သက်၍ အငြင်းပွားခဲ့ကြသည်။ ။
Yangon Press International
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger