ဓနုဖြူမြို့နယ် အလယ်မျိုးကျေးရွာသားများ ဆန္ဒ(၃)ချက်အား တောင်းဆို

Wednesday, May 23, 20120 မှတ်ချက်များ

ဧရာဝတီတိုင်း ဓနုဖြူမြို့နယ် အတွင်းရှိ အလယ်မျိုးကျေးရွာအုပ်စု အလယ်မျိုးချောင်းမကြီး အနီးဝန်ကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူ (၁၅ဝ)ခန့်သည် မေလ(၂၂)ရက်နေ့ နေ့လည်(၁)နာရီခန့်က ဓနုဖြူမြို့နယ် တရားရုံးရှေ့ လမ်းမပေါ်တွင် ငြိမ်းအေးစွာ ဆန္ဒပြတာင်းဆိုမှု ပြုလုပ်ခဲ့ပြီး နေ့လည်(၃)နာရီခန့်တွင် သက်ဆိုင်ရာမှ အကြောင်းပြန်ကြားမှု မရှိခဲ့၍ မြို့နယ်တရားရုံးမှ မြို့နယ်ငါးလုပ်ငန်း ဦးစီးမှူး ရုံးရှေ့သို့ စီတန်းလမ်းလျှောက်ကာ သွားရောက်ဆန္ဒပြတာင်းဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ အလယ်မျိုးကျေးရွာအုပ်စု ဒေသခံများသည် အလယ်မျိုးကျေးရွာ (၅)မိုင်ခန့် ဝေးကွာသော ဓနုဖြူမြို့နယ်သိှု့ မြို့နယ်တရားရုံးသို့ အင်းသားကြီး ဦးမောင်ဆန်း (ခ) ဦးဆန်းဝင်းမှ ဦးတိုက်လျှောက်ထားတရားစွဲဆိုခဲ့ သဖြင့် ဓနုဖြူရဲစခန်းမှ ကျေးရွာသား(၉)ဦးအား (ပ)၉၃/၂ဝ၁၂ ဖြင့် အရေးယူဆောင်ရွက်ပြီး မြို့နယ်တရားရုံး က ပြစ်မှုပုဒ်မ(၃၇၉)ဖြင့် လက်ခံ ကြားနာ စစ်ဆေးခံရခြင်းကြောင့် ရုံးချိန်းပြည့်သည့်နေ့ မေလ(၂၂)ရက်နေ့တွင် ဒေသခံများက ကျေနပ်မှုမရှိပါ၍ဆန္ဒပြဖော် ထုတ် တောင်းဆိုရပါ ကြောင်း ဆန္ဒပြတောင်းခံသော ဒေသခံများထံက သိရသည်။

အဆိုပါ ဆန္ဒပြတာင်းခံမှုအား ဓနုဖြူမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဝိုင်းရံကူညီဆောင်ရွက်ပေး ခဲ့ပြီး ဒေသခံ များ နစ်နာမှု၊ လိုအပ်ချက်များအား ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့ ချုပ်ပါတီဝင်များက ပြောသည်။

“ချောင်းကို အရင်အတိုင်း ပဲ ငါးရှာစားတာပါ။ အဲဒါကို အင်းသူကြီးက တရားဆွဲလို့ အခု (၉)ဦး ဖမ်းထားတယ်။ နောက်ထပ် (၂၄)ယောက်ကိုလဲ တရားစွဲထားတယ်။ အင်းသူကြီးက အင်းစည်းကမ်းအတိုင်း မလုပ်ဘဲ ကျွန်တော်တို့ ဒေသခံတွေ ကိုတော့ အရေးယူတာ လုပ်တယ်။ အယောက်(၂ဝဝ) ကျော်ရှိတာကို ရွေးပြီး တရားဆွဲတာ၊ ဖမ်းတာ လုပ်လို့ အခုလို တောင်းဆိုချက်(၃)ချက်တောင်းခံတာပါ။ တရားရုံးက (၁၁)နာရီလောက်မှာ ရုံးထုတ်ပြီးစစ်တယ်။ အခုဆွဲတဲ့ ပုဒ်မက ၃၇၉ အဲဒါကို တရားသူကြီးက အာမခံနဲ့ လွှတ်မယ်လုပ်တယ်။ ကျွန်တော်တို့က သူခိုးလဲ မဟုတ်ဘူး၊ချောင်းနဲ့ ရွာက ဆက်နေတာပါ။ ပုဒ်မကလဲ အာမခံပေးလို့ရတဲ့ အမှုလဲမဟုတ်ဘူး၊ မတရားစွဲဆို ခံရတာပါ”ဟု ဆန္ဒပြတောင်းခံသူ အလယ်မျိုးကျေး ရွာအုပ်စု ဒေသခံက ပြောသည်။


villagers2.jpg

ဓနုဖြူမြို့နယ် အလယ်မျိုးကျေးရွာသားများ ဆန္ဒ(၃)ချက်အား တောင်းဆိုမှုမြင်ကွင်း

အလယ်မျိုးကျေးရွာ အုပ်စု ဒေသခံများတောင်းဆိုသော အချက်(၃)ချက်တွင် ပုဒ်မ(၃၇၉)ဖြင့် စွဲဆိုထားသော (၉)ဦးအား ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေး၊ ချောင်းမကြီးကို လွတ်လပ်စွာ လုပ်ကိုင် စားသောက်နိုင်ရန် နှင့် အင်းစည်းကမ်း ဖောက်ဖျက် သော အင်းသူကြီးဆန်းဝင်းအား အမြန်ဆုံ ဖယ်ရှားပေးရန် တောင်းဆိုခဲ့ပြီး အဆိုပါနေ့ နေ့လည်(၃း၁၅)ခန့်တွင် တောင်းဆိုချက် တခုဖြစ်သော တရားစွဲ အရေးယူထားသူ (၉)ဦးအား တရားရုံးမှ ပြန်လွှတ်ပေးခဲ့၍ ညနေ(၄)နာရီ ခန့်တွင် တောင်းဆိုမှု ရပ်နားခဲ့သည်။

လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများကွန်ရက်(ဟင်္သာတ)မှ သွားရောက် ကူညီမှုပေးခဲ့ပြီး အင်းလုပ်ပိုင်ခွင့် များတွင် အင်းသူကြီးများ စည်းကမ်းနှင့် အညီ လုပ်ကိုင်မှုအားနည်းလျှက်ရှိကြောင်း၊ ယခုစွဲဆိုခံရသော ပုဒ်မသည် အာမခံ ပေးရမည့် ပုဒ်မ မဟုတ်ဘဲ စွဲဆိုခံရသော အမှုသည်လည်း အခွင့်အရေးချိုးဖောက်ရာ ရောက်ပါကြောင်း ယင်းကွန်ယက်အဖွဲ့ က ရှင်းပြသည်။

ဒေသခံများ တောင်းဆိုသော ကျန်အချက်နှစ်ချက်အား ဆက်လက်တင်ပြ တောင်းခံသွားမည်ဖြစ်ပြီး အချိန်တစ်ခု သတ်မှတ်၍ အကြောင်းပြန် ကြားမှု မရှိခဲ့ပါက တရားဝင်ထပ်မံတင်ပြပြီး ဆန္ဒပြ တောင်းဆိုသွားမည်ဖြစ်ကြောင်း ဒေသခံ ရပ်မိရပ်ဖများထံ က သိရသည်။
ရေးသားသူ - အောင်ကိုခန့်(ဥပဒေ)-ရန်ကုန်တိုင်းမ်
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger