ကားတင်သွင်းခွင့် မူအသစ်ကြောင့် အိုဟောင်းကားဈေးကျ

Tuesday, May 15, 20120 မှတ်ချက်များ

အေးသီတာကျော်နှင့် တည်တံ့
အတွဲ ၂၉ ၊ အမှတ် ၅၆၈ (၁၁ - ၁၇ ၊ ၅ ၊ ၂၀၁၂)

ဟံသာဝတီ ကားဝယ်ရောင်းဝင်းအတွင်းရှိ အိုဟောင်းယာဉ် စာရင်းပါ ယာဉ်တစ်စီးအား တွေ့ရစဉ်။
ဓာတ်ပုံ - ရတနာ
လက်ရှိ မော်တော်ကားဝယ်ရောင်း ဈေးကွက်အတွင်း ၀ယ်ယူလိုသူ များကို တင်သွင်းခွင့်ပါမစ်မလိုဘဲ ၀ယ်ယူခွင့် ပြုခြင်းနှင့် ကောက်ခံဆဲ အခွန်နှုန်း ထားများ လျော့ပေါ့ပေးမည်ဆိုသည့် ကြေညာချက်ကြောင့် မော်တော်ကား ဈေးကွက်အတွင်း ဈေးများကျဆင်းသွားပြီး ၀ယ်လိုအား လုံးဝမရှိတော့ကြောင်း ဈေးကွက်အတွင်းရှိကားဝယ်ရောင်းသမားများက ပြောသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက နိုင်ငံခြားငွေဘဏ် စာရင်း ဖွင့်လှစ်ထားသော နိုင်ငံသားများကို ၂၀၀၇ မော်ဒယ်နှင့်အထက် မော်တော်ယာဉ်များ (ဘတ်စ်ကားမှ အပ)တင်သွင်းခွင့် ပေးမည်ဖြစ် ကြောင်း မေလ ၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ရန်ကုန်ကားဈေးကွက်အတွင်း ယာဉ် အိုဟောင်းစာရင်းဝင် ဖြစ်သည့် မော်တော်ယာဉ်များမှာ ပြီးခဲ့သည့် ရက် ပိုင်းအတွင်း အရောင်း အ၀ယ်လိုက်ပြီး ဈေးကောင်းခဲ့သော်လည်း အဆိုပါ ကြေညာချက်အပြီးတွင် ဈေးများသိသာ စွာ ကျဆင်းလာခဲ့ကြောင်းနှင့် အမြင့် ကားဈေးကွက်တွင် အရောင်းအ၀ယ်မှာ ပုံမှန်သာရှိခဲ့ကြောင်းလည်း ဈေးကွက် အတွင်းမှ လုပ်ငန်းရှင်များက ပြောသည်။
အဆိုပါ ကြေညာချက်နှင့် ပတ်သက် ၍"စလုပ်ကတည်းက သက်တမ်းလွန် တဲ့ကားပြီးရင် လွတ်လပ်စွာဝယ်ယူခွင့် ဆောင်ရွက်သွား မယ်လို့ ရည်မှန်းထားပါ တယ်။ အဲဒီအတွက် တစ်ဆင့်ပြီးတစ် ဆင့်လုပ်နေပါတယ်"ဟု စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။
ကြေညာချက် မတိုင်ခင်က ထွက်ပေါ် နေသော သတင်းအမျိုးမျိုးကြောင့် ကားတင်သွင်းခွင့်ပါမစ်ဈေးနှုန်းနှင့် ကား ဈေးကွက်မှာ မေလဆန်းမှ စပြီး ငြိမ်သက် လာခဲ့သည်။
ပါမစ်ဈေးမှာ ဧပြီလကုန်ပိုင်းအထိ သိန်း ၁၅၀ အထိ မြင့်တက်ခဲ့သော်လည်း 'ပ'အက္ခရာ ဖျက်သိမ်းထားသောပါမစ် မေလ ၈ ရက်နေ့တွင် ကျပ်သိန်း ၁၀၀ ဖြင့် ပင် ရောင်းအားပဲရှိသော်လည်း ၀ယ်ယူ သူမရှိဖြစ်နေသည်။
"၂၀၀၇ မော်ဒယ်နဲ့ ကားတွေကို လွတ်လပ်စွာတင်သွင်း ခွင့်ပြုမယ်ဆိုတဲ့ ကြေညာချက်မတိုင်ခင် က ဟံသာဝတီကားဈေးကွက်ထဲမှာ အပ်နှံကားတွေ အ၀ယ်လိုက်ခဲ့ပြီး ပေါက် ဈေးက ၁၃၅ သိန်းကနေ ၁၄၅ သိန်း ၀န်းကျင်လောက်ရှိတယ်။ တချို့ကား တွေဆိုရင် ၁၅၀ လောက်အထိဈေးပေး ပြီး လာဝယ်တာတွေတောင် ရှိတယ်။ ကြေညာချက်က အခုမှ ထွက်တာဆို တော့ ဈေးကွက်ထဲမှာ ရုတ်တရက် ပြောင်းလဲတာမျိုးတော့ မရှိသေးဘူး။ ဒါပေမယ့် အဲဒီကြေညာချက်ထွက်လာ ပြီး နောက်ပိုင်းမှာ ဈေးကသိသိသာသာ ထိုးကျသွား တယ်။ အခုဆိုရင် ပေါက်ဈေး က သိန်း ၁၃၀ ၀န်းကျင်လောက် ပဲ ရှိတော့တယ်။ အရင် ပေါက်ဈေးနဲ့ ၀ယ် ထားတဲ့သူတွေတော့ နစ်နာမှုတွေရှိ လာမှာတော့ သေချာသလောက်ပါ ဘဲ" ဟု ကားဝယ်ရောင်းလုပ်ကိုင်သည့် ဦးမင်းညွန့်က ပြောသည်။
ထိုသို့၂၀၀၇ခုနှစ်မော်ဒယ်လ်နှင့် အထက်ကားများကို လွတ်လပ်စွာ တင်သွင်းခွင့်ပြုလိုက်ပြီဖြစ်သော်လည်း ၁၉၉၆ မှ ၂၀၀၆ အကြား မော်ဒယ်ကား များကို ယာဉ်အိုယာဉ်ဟောင်းအပ်နှံပြီး အသစ်နှင့်အစားထိုးလဲလှယ်သည့် အစီအစဉ်အတိုင်း ဆက်လက်ဆောင် ရွက်သွားဦးမည်ဟု ၀န်ကြီးဌာန၏ တာဝန်ရှိသူများက ပြောသည်။
"ကားအရောင်းစင်တာတွေမှာသွား ၀ယ်ဦးမယ်ဆိုလည်း ၀ယ်ယူခွင့်ပါမစ်က တော့ရှိနေဦးမှာပါ။ ပါမစ်မရှိဘဲနဲ့တော့ တင်သွင်း ခွင့်ပြုဖို့တော့ အစီအစဉ် မရှိပါဘူး"ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ၀န် ကြီးဒေါက်တာပွင့်ဆန်းက ပြောသည်။
ထို့ကြောင့် ဥပမာ မော်ဒယ်မြင့်ကား တစ် စီးကိုတင်သွင်းမည်ဆိုလျှင် ဒေါ်လာ ၁၀,၀၀၀ တန်ကားတစ်စီးမှာ ကုန်သွယ် လုပ်ငန်းခွန်၊ အကောက်ခွန်နှင့် ကညန ခွန်စုစုပေါင်း ၁၆,၅၀၀ ဖြစ်သဖြင့် ကားတစ်စီးလုံး ကုန်ကျစရိတ်မှာ ၂၆,၅၀၀သာ ကုန်ကျမည်ဖြစ်သည်။
သို့သော် တည်ရှိဆဲယာဉ်အိုဟောင်းဖျက် သိမ်းသည့်စနစ်တွင်မူ ၁၉၉၆ မှ ၂၀၀၆ မော်ဒယ် အကြား ၀ယ်ယူလိုသူအတွက် သွင်းခွင့် ပါမစ်ကြေးကျပ်သိန်း ၁၀၀ ကျော် ကုန်ကျဦးမည် ဖြစ်သည်။
ကားဝယ်ရောင်း ဦးမင်းညွန့်က "ဘာပဲပြောပြော ပါမစ်ပြပြီးမှ ကားသစ် တင်သွင်းခွင့်ရမှာဆိုတော့ ပါမစ်ဈေးကတော့ အတက်အကျ ရှိနေဦးမှာပါ။ ယာဉ်အိုယာဉ်ဟောင်းအပ်နှံမှု ဥပဒေ အရ 'ပ' အက္ခရာက အပ်ရမယ့်ယာဉ် စာရင်းမှာ နောက်ဆုံးပါ။ လက်ရှိ 'န' အက္ခရာ အပ်နှံရက်က မေလ ၂ ရက် နေ့မှာ စအပ်ရမယ်ဆိုပြီးတော့ ကြေညာ ထားတယ်"ဟု ပြောသည်။
၂၀၀၆ မော်ဒယ်အထိ ကားများနှင့် ၂၀၀၇ မော်ဒယ်နှင့်အထက် ကားတင် သွင်းမှုတို့အကြား တင်သွင်းခွင့်ကွာဟ မှုများရှိလာသဖြင့် ၂၀၀၆ မော်ဒယ်ကား များမှာ ဈေးကွက်ဝယ်လိုအားသိသာစွာ လျော့နည်းသွားမည်ဖြစ်ပြီး ၎င်းနှင့် ပတ်သက်သော ပါမစ်ဈေးနှုန်းပါ ဆက်လက်ကျဆင်းလာနိုင်ကြောင်း တင်သွင်းလိုသူများက ခန့်မှန်းနေကြ သည်။
"ဒီနေ့အတွက်တော့ ညနေပိုင်း အထိကို ၀ိုင်းထဲမှာ ကားတစ်စီးမှ အရောင်းအ၀ယ်ဖြစ်တယ်လို့ မကြားမိ ဘူး။ လာမေးတဲ့သူတွေ လောက်ပဲရှိပြီး လက်တွေ့အရောင်းအ၀ယ်ကတော့ ဟုတ်တိပတိ မဖြစ်သေးဘူး။ ကျွန်တော့ အထင် အခြေအနေကို စောင့်ပြီးကြည့် နေကြတဲ့ ပုံပါပဲ" ဟု ဦးမင်းညွန့်က မေလ ၈ ရက်နေ့ ညနေပိုင်းတွင် ပြောသည်။
ယခုကဲ့သို့ လွတ်လပ်စွာတင်သွင်းခွင့် ပြုရခြင်းမှာ မြန်မာနိုင်ငံ၏ ကားစီးနိုင် သည့် လူဦးရေမှာ လူ ၁၀၀ လျှင် ကားခုနစ် စီး စီးနိုင်နေပြီး အိမ်နီးချင်းနိုင်ငံများနှင့် ယှဉ်လျှင် အနိမ့်ဆုံးဖြစ်နေကာ ဗီယက်နမ် နိုင်ငံနှင့်ယှဉ်လျှင် ကားစီးနိုင်သည့် လူဦးရေ ပိုမိုများပြားလာစေရန် ရည်ရွယ်၍ ယခုတင်သွင်းနေသည့် ပမာဏထက် နှစ်ဆပိုမိုမြှင့်တင်ရန် ရည်ရွယ်၍ မော်တော်ကားအစီးရေ ၃ ဒသမ ၈ သိန်း တင်သွင်း ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် က ပြောကြားသည်။
လူစီးယာဉ်အင်ဂျင်ပါဝါ ၂,၀၀၀ စီစီ အောက်လျှင် အကောက်ခွန် ၃၀ ရာခိုင် နှုန်းနှင့် ကုန်သွယ်လုပ်ငန်းခွန်၂၅ ရာခိုင် နှုန်း၊ ၂,၀၀၀ စီစီနှင့် အထက်ကို အကောက် ခွန် ၄၀ ရာခိုင်နှုန်းနှင့် ကုန်သွယ်လုပ်ငန်း ခွန် ၂၅ ရာခိုင်နှုန်း၊ ဘတ်စ်ကားနှင့် ထရပ်ကားတို့မှာ အကောက်ခွန်သုံးရာခိုင် နှုန်းနှင့် ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင် နှုန်းစီ အသီးသီးဖြစ်ကြကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။
အပ်နှံမည့်ကားများ ဈေးနှုန်းအတက် အကျဖြစ်နေချိန်တွင် ဂဏန်းနံပါတ်နှင့် အက္ခရာပါ ကားများလည်း လိုက်လံဝယ် ယူသော ၀ယ်လက်များလည်း ပိုမိုများ လာကြောင်း သိရသည်။
လက်ရှိ ကားဈေးကွက်အတွင်း ဂဏန်းနံပါတ်နှင့် အက္ခရာပါ မော်တော် ယာဉ်များဖြစ်သည့် တိုယိုတာလီမိ တက်မှာ ကျပ် သိန်း ၁၄၀၊ တိုယိုတာဗင် ကားမှာ ပေါက်ဈေး ကျပ်သိန်း ၁၆၀၊ ဆူပါဆလွန်းမှာ ကျပ် သိန်း ၁၃၀ ၀န်းကျင် ဖြင့် ဈေးကောင်းလျက်ရှိပြီး အောက် ကား ဈေးကွက်တွင် ယခုကဲ့သို့အရောင်း အ၀ယ်ဖြစ်ရခြင်းမှာ ယခုအပ်နှံသည့် ယာဉ်အိုယာဉ်ဟောင်းစီမံချက်ပြီးဆုံး ပါက နံပါတ်နှင့် အက္ခရာပါမော်တော် ယာဉ်များပါ ခုနှစ်အလိုက် အပ်နှံခံမည် ဆိုသည့်သတင်းများထွက်ပေါ်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း တာမွေမြို့ နယ်နေ မော်တော်ယာဉ်ပိုင်ရှင်ကိုအောင်မျိုးဝင်း က ပြောကြားသည်။
"အရင်တုန်းက ဈေးကောင်းခဲ့တဲ့ ကားတွေဆိုရင် အခုကားသစ်တွေ ၀င်လာပြီးတဲ့ နောက်ပိုင်း ဈေးတွေထိုးကျ သွားတယ်။ ပြောရရင် အောက်ကားစာ ရင်းထဲဝင်သွားတာပေါ့။ နောက်ဝင် တဲ့ကားတွေက မော်ဒယ်မြင့်ကားတွေပါ။ တချို့ကားတွေဆိုရင် အထဲမှာတပ်ထား တဲ့ ပစ္စည်းတွေက မြင်တောင် မမြင်ဖူးဘူး။ ပြုပြင်ရေး အပိုင်းကျတော့လည်း ကွန်ပျူတာဆော့ဖ်ဝဲတွေနဲ့ ထိန်းချုပ်ထားတော့ ပြင်ရတဲ့ နေရာမှာ အခက်အခဲ တွေ ရှိနိုင်တယ်။ ၀ယ်လက်တွေက အမြင့် ကားတွေဝယ်ရင် ပစ္စည်းပေါပြီး အလွယ် တကူပြင်ရလွယ်တဲ့ အမျိုး အစားတွေကို ၀ယ်ကြတယ်"ဟု မတ်လအတွင်းက နံပါတ်အနီ Suzuki R+ အား ကျပ် ၁၄၅ သိန်းဖြင့် ၀ယ်ယူခဲ့သည့် ကိုဌေးဝင်း က ပြောသည်။
လတ်တလောကားဈေးကွက်အတွင်း ကျပ် သိန်း ၄၀၀ ၀န်းကျင် ကားများဖြစ် သည့် တိုယိုတာကရီနား(စက်ရုပ်)၊ ပါဂျဲရိုး၊ ခရောင်း၊ ဂျာကွာ၊ဟာရီယာ ယာဉ်များ အရောင်းအ၀ယ်ဖြစ်လျက်ရှိ ပြီး သိန်း ၄၀၀ နှင့် အထက် မော်တော် ယာဉ်များကို စိတ်ဝင်စားသူများကာ ၀ယ်လက်များနေကြောင်း၊ လက်ရှိကား ဈေးကွက်အတွင်း သင်္ကြန်မတိုင်မီ ကာလ များနှင့် နှိုင်းယှဉ်ပါက အရောင်းအ၀ယ် ပုံမှန်သာ ဖြစ်လျက်ရှိကြောင်း ၀ယ်ရောင်း လုပ်ကိုင်သူများက ပြောသည်။
ယခုနှစ်မေလ ၃ ရက်နေ့အထိ ကုန်း လမ်းညွှန်ကြားမှူးဦးစီးဌာတွင် လူစီး ယာဉ်ပေါင်း ၄၄,၅၃၂ စီးကိုအပ်နှံခဲ့ပြီး ကုန်သွယ်ရေး ညွှန်ကြားမှူးဦးစီးဌာနမှ ၃၉,၇၈၆စီးကို တင်သွင်းခွင့်ပါမစ်ထုတ် ပေးခဲ့သည်။
ဘတ်စ်ကားအစီးရေပေါင်း ၁,၂၆၁ စီးအပ်နှံခဲ့ပြီး ၇၄၉ စီးပါမစ်ထုတ် ပေးခဲ့သည်။
ကုမ္ပဏီ၊ သင်္ဘောသား၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း၊ ပြည်ပတွင် သွားရောက်လုပ်ကိုင်နေသူများ၊ နိုင်ငံ ခြားရေးဝန်ထမ်း၊ ပညာသင်များစသည့် နိုင်ငံခြားဝင်ငွေ ရှာဖွေနိုင်သူများအတွက် မေလ ၃ ရက်နေ့အထိ ကားတင်သွင်း ခွင့်ပြုမည့်အစီးရေစုစုပေါင်းမှာ ၂၂,၀၀၀ ရှိရာ အစီးရေ ၄,၄၀၀ ကျော် တင်သွင်းပြီး ဖြစ်သည်။
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger