ဧပြီ ၁၁ ရက်၊ ၂၀၁၂ ခုနှစ် ညနေ ၅ နာရီ ၄၅ မိနစ်-YPI
ယနေ့မွန်းလွဲ ၃ နာရီ ၈ မိနစ်တွင် အင်ဒိုးနီးရှား နိုင်ငံအာချေးဒေသကို ဗဟိုပြုလှုပ်ခတ်သွားသည့် အင်အားပြင်းထန်သည့် ငလျင်ကြောင့် ဖြစ်ပေါ်လာမည့် ဆူနာမီရေလှိုင်း ရောက်ရှိနိုင်သည့် ဒေသများထဲတွင် မြန်မာနိုင်ငံကမ်းရိုးတန်းဒေသများလည်း ပါဝင်လျှက်ရှိသော်လည်း မည်သည့် သတိပေးချက်မျှ ထုတ်ပြန်ခြင်း မရှိသေးဟု မြန်မာနိုင်ငံ ကမ်းရိုးတန်း ဒေသများတွင် နေထိုင်သူများကပြောသည်။
ပြင်ခရိုင် မြို့နယ်တွင် နေထိုင်သူ ဦးအာရ်ဇားက “ငလျင်လှုပ်သွားတာသိတယ်။ ကျွန်တော်တို့ ဆီမှာတော့ ရေဒီယိုကို နားထောင်နေကြတယ်။ ဘာသတိပေးချက်မှတော့ မကြားရသေးဘူး၊ လူတွေတော့ ရုတ်ရုတ်သဲသဲ ပြောဆိုနေကြတာပဲ ရှိသေးတယ်” ဟုပြောသည်။
အလားတူ ငွေဆောင်ကမ်းခြေရှိ ရေ၀တီတည်းခိုခန်း ပိုင်ရှင် ဦးစန်းရွှေကလည်း ငလျင်လှုပ်ခတ်သည်ကို မသိရှိကြပဲ ဆူနာမီလှိုင်း သတိပေးချက် ထုတ်ပြန်သည်ကိုလည်း မကြားသိရကြောင်း ပြောဆိုသည်။
ချောင်းသာကမ်းခြေ ဆည်းဆာနီ တည်းခိုခန်း ပိုင်ရှင် ဦးမောင်မြိုင်ကမူ “ငလျင်လှုပ်တာတော့သိတယ်။ အန္တရာယ် သတိပေးချက် ထုတ်ပြန်တာမရှိသေးဘူး” ဟု YPI သို့ပြောသည်။
ဆူနာမီလှိုင်း အန္တရာယ် သက်ရောက်နိုင်သည့် နိုင်ငံများအထဲတွင် ငလျင်ဗဟိုချက်ပြုရာ အင်ဒိုနီးရှား နိုင်ငံအပြင် မြန်မာ၊ ထိုင်း၊ သီရိလင်္ကာ၊ ထိုင်း၊ အိန္ဒိယ၊ မော်လ်ဒိုက်ဗ် နိုင်ငံတို့ပါဝင်သည်ဟု CNA သတင်းဋ္ဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ယင်းသတင်းဋ္ဌာနမှ ဖေါ်ပြချက်အရ ထိုင်းနိုင်ငံတွင် အက်ဒမန် ကမ်းရိုးတန်းတလျှောက် အန္တရာယ်ကင်းရှင်းသည့်နေရာသို့ တိမ်းရှောင်ကြရန် သတိပေးချက် ထုတ်ပြန်ထားပြီး ပင်လယ်ပြင်နှင့် ကပ်လျှက်ရှိသည့် ဖူကက်လေဆိပ်ကိုလည်း ငလျင်လှုပ်ပြီး နာရီပိုင်းအကြာ၌ ပိတ်ထားလိုက်သည်ဟု သိရှိရသည်။
မြန်မာနိုင်ငံတွင်ညနေ ၅နာရီ ခွဲဝန်းကျင်ထိ မည်သည့် အရေးပေါ် သတိပေးထုတ်ပြန်ချက်မှ ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။